Wednesday, October 17, 2018

ချစ်စရာကောင်းသောပအိုဝ်းလူမျိုးတို့၏ ဝါတွင်းသုံးလ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်


ပအိုဝ်းလူမျိုးတို့သည် ရှေးယခင်သုဝဏ္ဏဘူမိခေတ်မှစ၍ ယခုတိုင်အောင်ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်း သောဗုဒ္ဓဘာသာဝင်များဖြစ်ကြပါသည်။ ပအိုဝ်းလူမျိုးတို့နေထိုင်ကြသော နေရာအသီးသီး၊ ရပ်ရွာဒေသအသီးသီးတွင် ကြီးကျယ်ခမ်းနားသော ဘုန်းကြီးကျောင်းများရှိကြပါသည်။ စေတီများကိုလည်း တည်ထားကိုးကွယ်ကြပါသည်။ ရဟန်း၊ သံဃာတော်များသည်လည်း မိမိတို့သီတင်းသုံးရာကျောင်းနှင့် ဆက်စပ်သောကျောင်းကိုလည်း ပစ္စည်းလေးပါး တို့ဖြင့် ဒါယကာ၊ ဒါယိကာမများတို့အား တရားဓမ္မတို့ကို သင်ကြား၊ ဟောကြားပေးကြသည်။ ဒါယကာ၊ ဒါယိကာမ တို့သည်လည်း မိမိတို့ကိုးကွယ်ဆည်းကပ်ကြသော ဆရာတော်၊ သံဃာတော်များ၏ အဆုံးအမ၊ သြဝါဒ ကိုရိုသေ လေးစားစွာ နာယူကြပါသည်။

ပအိုဝ်းတိုင်းရင်းသားများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံတို့တွင် အားကျကြည်ညိုဖွယ်ကောင်းပြီး  လေးစားအတုယူ ဖွယ်ကောင်းသော ဝါတွင်းကာလ ဥပုသ်သီလဆောက်တည်ခြင်း၊ ဆွမ်းစာဂ လောင်းလှူခြင်းတို့သည် မွန်မြတ်သော ယဉ်ကျေးမှုလက္ခဏာတစ်ရပ်ဖြစ်ပါသည်။ ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့အဖြစ် ဗုဒ္ဓဘာသာသက်ဝင် ယုံကြည်ကြကုန်သော မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများအားလုံးတို့က အထွတ်အမြတ်ထားသော နေ့ထူးနေ့မြတ်အဖြစ် သိရှိထားကြပါသည်။ 

ဝါဆိုလပြည့်နေ့ရောက်သော် မိမိတို့ပအိုဝ်းလူမျိုးများသည်သာမက မြို့ရွာအသီးသီးတွင် နေထိုင်ကြကုန် သော ဗုဒ္ဓဘာသာဝင် သူတော်စင်အားလုံးတို့သည် ဓမ္မစကြာတရားတော်များကို နာယူကြ၊ ရွတ်ဆို ပူဇော်ကြပါ သည်။ သီတင်းကျွတ်လပြည့်နေ့ကိုမူ အဘိဓမ္မာအခါတော်နေ့အဖြစ် နားလည်ထားကြပြီး လူကြီးလူငယ်အရွယ်ပေါင်းစုံသော ဗုဒ္ဓဘာသာဝင်တို့သည် ဘုန်းကြီးကျောင်းများသို့သွားကာ ဆရာတော်သံဃာများထံမှ ဥပုသ်သီလကိုခံယူဆောက် တည်ကြပါသည်။ ကုသိုလ်ဒါနပြုကြပါသည်။

ဝါတွင်းသုံးလတွင် ရဟန်းသံဃာတော်အနေဖြင့် မိမိတို့ကျောင်းတွင်သာနေထိုင်ကြပြီး ဆိုင်ရာစာပေများကို ကောင်းစွာသင်ကြားသင်ယူကြပါသည်။ တရားဓမ္မများကိုလည်းကောင်းမွန်စွာ အားထုတ်ကြသောအချိန်ကာလ ဖြစ်ပါသည်။ အဖိုး၊ အဖွား တို့သည် လပြည့်၊ လကွယ်နှင့် (၁၅) ရက် ဥပုသ်နေ့တိုင်းတွင် မိမိတို့ဒေသအတွင်းရှိ ကျောင်းများသို့တက်သွားကြပြီး ပုံမှန်ဆောက်တည်ကြသော ငါးပါးသီလထက်များသော ရှစ်ပါးသီလတို့ကို ဆောက်တည်ကြပါသည်။ ဥပုသ်သီလများကို ဆောက်တည်ကြပါသည်။ ကျောင်းတွင်သာအိပ်ပြီး ကျောင်းတွင်သာ နေ၍ အချို့မိဘဘိုးဘွားများသည် တရားဘာဝနာကို အားထုတ်ကြ တရားထိုင်ကြသည်။ အချို့သောမိဘဘိုးဘွား တို့သည်လည်း ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်တို့ကို ရွတ်ဆိုပူဇော်ခဲ့ကြပါသည်။ ဘုရားဂုဏ်တော်ပွား၍လည်း ပုတီးစိပ်ကြပါသည်။ တရားစကားပြောကြ၊ ဓမ္မအကြောင်းကိုလည်း တိုင်ပင်ကြ ဆွေးနွေးကြပါသည်။

ဝါတွင်းရှိ ဥပုသ်နေ့များတွင် ကျွန်မတို့ပအိုဝ်းလူကြီးများသာမက ရပ်ရွာအတွင်းရှိလူတိုင်းလိုလို အလုပ်နား ကြသည်။ ပအိုဝ်းအဘိုးအဘွားများကျောင်းသို့သွားပြီး ဥပုသ်ဆောက်တည်လျှင် လူငယ်ရွာထဲရှိ အပျို/လူပျိုများလည်း ဝေယျာဝစ္စပြုလုပ်ရန် စုစည်းကြပါသည်။ ဥပုသ်နေ့ရောက်လျှင် လူငယ်များကမိမိတို့၏ ဘိုးဘွားများကို ဘုန်းကြီး ကျောင်းသို့ လိုက်ပို့ပြီး လူငယ်များ အပျို/လူပျိုများ ကိုယ်တိုင်စုစည်းပြီး ဆွမ်းစာဂများပြုလုပ်ကြပါသည်။ ပအိုဝ်းရိုးရာ နက်ပြာဝတ်စုံများကို ဝတ်ဆင်ကာပျော်မြူးစွာဖြင့် ကုသိုလ်ဒါနများပြုနေကြသည်ကို ရှေးယခင်ကတည်းကစပြီး ယခုတိုင်အောင် မြင်တွေ့ကြရသည်မှာ အလွန်ပင်နှစ်သက်စရာကောင်းလှပေသည်။

ယနေ့ခေတ်ကလေးအချို့တို့သည်လည်း ဥပုသ်နေ့တွင် ဘုန်းကြီးကျောင်းများသို့တက်ရောက်ကာ ယဉ်ကျေး လိမ္မာ ဘာသာရေးစာပေများ၊ ဗုဒ္ဓဘာသာအခြေခံသည့် သိစရာကျင့်စရာများ၊ ဓမ္မစကူးလ်များကို သင်ကြားနေသည်ကိုလည်း ဝမ်းသာဂုဏ်ယူစရာ အဖြစ်မြင်တွေ့ကြရပါသည်။ ယဉ်ကျေးလိမ္မာပြီး ချစ်စရာကောင်းသောပအိုဝ်း ကလေးများသည်လည်း ဝါတွင်းသုံးလတွင် ဘာသာတရားကို ရှေးလူကြီးများ အတိုင်းသာမက သင်ယူမှုနည်းအသစ်ဖြင့် ပျော်ရွှင်စရာဖြစ်နေကြပါသည်။

ဤဝါတွင်းသုံးလကို ကြည့်ခြင်းအားဖြင့် ပအိုဝ်းလူမျိုးများသည် ဘာသာတရားကို ကိုင်းရှိုင်းနေကြကြောင်း ရှေးဘိုးဘွားစဉ်ဆက်ကစပြီး ပျော်ရွှင်စွာ အိုးစည်ဗုံမောင်းတီးခတ်ကာ ကုသိုလ်ဒါနကို လူတိုင်းပြုလုပ်နေကြကြောင်း ပအိုဝ်းလူငယ်လူရွယ်တို့သည်လည်း မိမိတို့၏ဘိုးဘွားများအတွက် ဝေယျာဝစ္စကုသိုလ်လည်း ပြုနိုင်ကြသလို မိမိတို့ကိုယ်တိုင်အနေဖြင့် ပျော်ရွှင်စွာအချင်းချင်းဖေးမကူညီရင်း မိမိတို့၏ အနာဂတ်အတွက်လည်း ရင်ခုန်ကြည်နူး မှုတို့ဖြင့် နှလုံးသားအလှတရားအသီးသီးထားကာ မိမိတို့၏ပအိုဝ်းရိုးရာယဉ်ကျေးမှုတို့ကို နှောင်နှစ်ပေါင်းများစွာ ရေရှည်တည်တံ့ခိုင်မြဲအောင် မျိုးဆက်သစ်လူငယ်မောင်မယ်များမှ အလေးထားထိန်းသိမ်းသင့်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။

 ဖူးမူးဗွာ (မဲုင်းကောင်)
Powered by Blogger.