တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်
၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်၊ ကြာသပတေးနေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် ညောင်ရွှေမြို့၊ မြို့တော်ခန်းမတွင် အင်းတိုင်းရင်းများ၏ တတိယအကြိမ် အင်းသားအမျိုးသားနေ့ အခမ်းအနားပြုလုပ်ကျင်းပ ခဲ့ကြောင်းသိရှိရပါသည်။ အခမ်းအနားကို ဟဲယာရွာမကျေးရွာမှ အင်းသားရိုးရာလံစည်အကဖြင့် ကပြဖျော်ဖြေပြီး အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ပါသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်မှ "ရိုးသားကြိုးစားပြီးဘာသာတရားကိုင်းရှိုင်းတဲ့ အင်းသားလူမျိုးတို့ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးကန်ဖြစ်တဲ့ အင်းလေးကန်အတွင်းမှာရော၊ အနီးတဝိုက်မှာ ရှေးပဝေသဏီကတည်းက နေထိုင်လာကြာတာတွေ့ရှိရပါတယ်၊ အင်းလေးကန်ကြီးဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရေချိုကန်ကြီးဖြစ်သလို မြန်မာနဲ့ ကမ္ဘာလှည့် ခရီးသွားရာ ဒေသတစ်ခုလဲဖြစ်တယ်၊ ဒီအင်းလေးကန်မှာ ထင်ရှားပြီးတန်ခိုးကြီးတဲ့ အင်းလေးဖောင်တော်ဦးဘုရားကြီးကို ဖူးမျှော်ခွင့်ရကြတဲ့ ဌာနေအင်းတိုင်းရင်းသားများတို့ဟာ ကံထူးတဲ့သူတွေလို့ ပြောလိုကြောင်း ဒီလိုထူးခြားတဲ့ဂုဏ်ဒြပ်များစွာနဲ့ ပြည့်စုံနေတဲ့ လူမျိုးတစ်မျိုးအဖြစ်ရပ်တည်ခွင့်ရနေကြတာကို အင်းသားလူမျိုးများအနေဖြင့်အင်းလေးကန်ကြီး ရေရှည်တည်တံ့နိုင်ဖို့အတွက် အင်းသူ/သားများတို့က အင်တိုက်အားတိုက် ကြိုးပန်းအားထုတ်နေကြသလို ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ကူညီအားဖြည့်ပေးပါမည်ဖြစ်ကြောင်း" နုတ်ခွန်းဆက် စကားပြောကြားပေးခဲ့ပါသည်။
ထို့နောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုး တို့မှလည်း အသီးသီး နှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် သဘာပတိဒေါက်တာချစ်ရီက အင်းအမျိုးသားနေ့ပြုလုပ်ရခြင်းရည်ရွယ်ချက်များမှာ "အင်းသားတိုင်းရင်းသားများစည်းလုံးညီညွတ်ရေးနှင့် ဒေသအတွင်းရှိ ညီနောင်တိုင်းရင်းသားများနှင့်အတူ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် အတူပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်းနှင့် ဦးတည်ချက်များကို"လည်း ပြောကြားပေးခဲ့ပါသည်။
အင်းသားအမျိုးသား ဦးကျော်ဆန်း တစ်ဦးမှ အင်းသားလူထုတွေ့ဆုံပွဲမှ ရရှိလာသည့် အချက်အလက်များဖြစ်သော (၁) အင်းလေးကန်ထိန်းသိမ်းရေးစီမံခန့်ခွဲမှုနှင့် ဒေသခံပြည်သူလူထုအပေါ်အကျိုးသက်ရောက်မှု၊ တာဝန်ယူမှူတာဝန်ခံမှူ၊ (၂) အမှိုက်စီမံခန့်ခွဲခြင်း၊ (၃) ဂေဟာဆိုင်ရာ ကလေးသူငယ်အခွင့်အရေးနှင့် အင်းလေးကန်၊ (၄ ) ဒေသခံပြည်သူလူထုနှင့် နိုင်ငံရေး စသည့်အချက်(၄)ချက်၏ ဆွေးနွေးချက်ရလဒ်များကို အကျယ်တဝင့် တင်ပြခဲ့ပါသည်။ ထိုတင်ပြချက်များကို ပြည်သူလူထုများနှင့် သဘာပတိအဖွဲ့ကိုယ်စား ဦးနေမျိုးတို့မှ ထောက်ခံအတည်းပြုခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ပြီး တတိယအကြိမ်အင်းအမျိုးသားနေ့ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌဦးမျိုးမင်းဇော်မှ ကျေးဇူးတင်စကားပြောကြားခြင်း၊ တက်ရောက်လာသော စာ/ယဉ်အဖွဲ့များက အလှူငွေပေးအပ်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခြင်း၊ ညောင်ရွှေမြို့ကံသာရပ်ကွက်မှ အိုးစည်ကူးအကဖြင့်ကပြခြင်းဖြင့် အခမ်းအနာကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့် အဖွဲ့ဝင်များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့များ၊ အင်းတိုင်းရင်းသားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးနှင့်အဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တောများနှင့် ဒေသခံရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
နန်းခမ်းဗွေ
Like On Facebook
Follow On Twitter
Subscribe On RSS