Wednesday, November 7, 2018

အထူးဒေသ (၆)၊ ညောင်ရွှေမြို့နယ်၊ ဘန်ပြင်ကျေးရွာအုပ်စု၊ ဖာယတ်ကျေးရွာ၌ လူထုတွေ့ဆုံပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်





အထူးဒေသ(၆)၊ ညောင်ရွှေမြို့နယ်၊ ဘန်ပြင်ကျေးရွာအုပ်စု၊ ဖာယတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုး၊ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်အောင်ကျော် နှင့် ညောင်ရွှေမြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ လူထုတွေ့ဆုံပွဲ  အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဦးစွာပထမ ဖာယတ်ကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလခံယူခဲ့ပြီးနောက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြားခွန်သိန်းဖေမှ အမှာစကားပြောကြားရာတွင် ကျွန်တော်ဟာ ညောင်ရွှေမြို့နယ်မှာရှိတဲ့ နမ်းပန်ကျေးရွာတွင် ကြီးပြင်းလာခဲ့ပြီး ပညာများသင်ယူခဲ့ပါကြောင်း၊ ဒါကြောင့် ညောင်ရွှေမြို့နယ်၏ အရေးကိစ္စတွေမှာလည်း အတတ်နိုင်ဆုံး ကူညီပေးလျက်ရှိပါကြောင်း၊ တစ်ချိန်က တောင်ကြီးမြို့နယ်တောင်ဘက်ခြမ်း ဒီဘက်ဒေသတွေမှာ စစ်ဘေး စစ်ဒဏ်အခံရဆုံးဖြစ်ပါကြောင်း၊ စစ်ဘေးစစ်ဒဏ်ကြောင့် အသက်များစွာ ပေးဆပ်ခဲ့ရသည့် ဒေသဖြစ်ကြောင်း၊  ယခုလိုမျိုး ဒီမိုကရေစီ ပြည်သူတွေရွေးချယ်တင်မြောက်ထားသော အစိုးရလက်ထက်မှာ ဒီဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ အခွင့်အလမ်းများ ပွင့်လန်းလာပြီးဟု ကျွန်တော်အနေဖြင့် ခံယူထားပါကြောင်း၊ ပြည်သူတွေကလည်း နိုင်ငံတော်ရဲ့ ပံ့ပိုးကူညီမှုများ၊ ဌာနဆိုင်ရာအနေဖြင့်လည်း ထောက်ပံ့မှုများကိုလည်း အများကြီး မျှော်လင့်ထားလျက်ရှိပါကြောင်း၊ ဒီဒေသကြီး တစ်ခုလုံး တဖြေးဖြေးချင်း နိုင်ငံတော်၏ နှစ်စဉ် ဘတ်ဂျတ်အပေါ်မှုတည်ပြီး ဖွံ့ဖြိုးတိုးတက်မှုရှိလာအောင် ဌာနဆိုင်ရာများအနေဖြင့် တာဝန်ယူဆောင်ရွက်ပေးကြပါဟု တိုက်တွန်းလိုပါကြောင်း စသည့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုး ကအမှာစကားပြောရာမှာ ပြည်သူ့အစိုးရလက်ထက်မှာ ဘာမဆိုပြည်သူကိုသာ အားထားရတာဖြစ်ပါကြောင်း ၊ အာဏာများဟာပြည်သူတွေထံမှာရှိပါကြောင်း၊ ပြည်သူ့အသံ လွှတ်တော်အသံစသည့် အမှာစကားပြောကြားခဲ့ပြီးနောက် ညောင်ရွှေမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဦးနေဝင်း၊ ညောင်ရွှေမြို့နယ် စိုက်ပျိုးရေး၊ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးခင်မောင်တိုး၊ ညောင်ရွှေမြို့နယ် ဆည်မြောင်းဝန်ကြီးဌာန ဦးစီးမှူး ဦးကျော်ကျော်ဦး၊ ညောင်ရွှေမြို့နယ် လူဝင်ကြီးကြပ်မှု ဦးစီးဌာန ဦးစီးမှူး ဦးဇော်ဇော်ဝင်း၊ ညောင်ရွှေမြို့နယ် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန ဦးခင်မောင်ဦး၊ ညောင်ရွှေမြို့နယ် သမဝါယမ ဦးစီးဌာနမှ ဦးစီးမှူး ဦးသိန်းဝင်း၊ လယ်ယာမြေနှင့် အခွန်ဦးစီးဌာန လက်ထောက် ဦးထွန်းအေး၊ ညောင်ရွှေမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးမြတ်၊ ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးနေမျိုးသူရိန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စံကားဒေသ  စခန်းမှူး ဦးသန်းဝင်းစိုးတို့က ဌာနဆိုင်ရာ လုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး  ကျေးရွာ၏လိုအပ်ချက်များကို  ရွာသူ/ ရွာသားများအနေဖြင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များထံသို့ တင်ပြသင့်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ကျော်က မိမိ၏ လွှတ်တော်အတွေ့အကြုံများ ၊ ကျေးရွာတိုင်း  စုပေါင်းလုပ်ဆောင်သော အစုအဖွဲ့များ လိုအပ်ကြောင်း စသောလိုအပ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထိုတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးနှင့် ခွန်အောင်ကျော်၊ ညောင်ရွှေမြို့နယ်မှ အစိုးရဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဘန်းပြင်ကျေးရွာအုပ်စုမှ ရွာသူ/သားများ (၂၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခွန်ယံသေ
Powered by Blogger.