Wednesday, December 12, 2018

ညီညွတ်ခြင်းသည် အင်အား

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်


နံနက်အရုဏ်ချိန်၏ နေရောင်သည် အရှေ့ဘက်ရှိတောင်တန်းကြီး၏ နောက်ကျောဆီမှ ထွက်ပေါ်နေ၏။ နေမင်းကြီးထွက်ပေါ်မလာသေးသော်လည်းသူ၏ ရှေ့ပြေးရောင်ခြည်များကလောကတစ်ခုလုံး၏ အလှကို ကြည်လင်ပြတ်သားစွာပေါ်လွင်စေပါ၏။ သာယာလှသောနံနက်ခင်းပေတည်း။

ကျွန်တော်တို့ရွာမှ လူများသည် ရွာထိပ်တွင် စုရုံးနေကြသည်။ ထိုအထဲတွင် ကျွန်တော်သည်လည်းတစ်ယောက်ပါအဝင်ဖြစ်သည်။ အားလုံး၏လက်ထဲတွင် ပေါက်တူး၊ ဂေါ်ပြား၊ တူးရွင်း၊ ဓား၊ တောင်းများကိုကိုင်ဆောင်ထားကြလေသည်။ ယနေ့ကား ကျွန်တော်တို့ရွာ၏ ပျက်စီးနေသော  ပြုပြင်ကြမည့်နေ့ပင်ဖြစ်သည်။ ရွာလမ်းဟောင်းကြီးမှာ ကြည့်၍မှမကောင်းပေ။ ကောက်သည့်နေရာကကောက်ကွေး၊ ကျဉ်းသည့်နေရာကကျဉ်းမြောင်း၊ ကျယ်သည့်နေရာကကျယ်လွန်း၊ မြင့်သည့်နေရာက မြင့်မား၍၊ နိမ့်သည့်နေရာကနိမ့်ဝင်နေခြင်းကြောင့် အကြည့်ရဆိုးလှပေသည်။ ယနေ့မူ ကျွန်တော်တို့၏ စုပေါင်းအားဖြင့် ဤလမ်းဆိုးကို ပြုပြင်ကြတော့မည်။ အသွင်ပြောင်းကြတော့မည်။ အားလုံးသောလုပ်အားရှင်များသည် အင်အားအပြည့်ဖြင့် ကျရာတာဝန်ကိုမခိုမကပ် လုပ်ဆောင်ကြပေတော့သည်။

နေမင်းကြီးလည်းထွက်ပေါ်လာပေပြီ။ လူအားလုံးလည်းအလုပ်စပေပြီ။ လမ်းမကြီးတစ်လျှောက် အစမှအဆုံးကိုယ်ကျရာအပိုင်းတွင် ကိုယ့်အုပ်စုနှင့်ကိုယ် ပျော်ရွှင်စွာဖြင့် လမ်းကိုစတင်ပြင်ကြသည်။ တူးသူတူး၊ ဖို့သူဖို့၊ သယ်သူသယ်နှင့် သွက်လက်စွာလှုပ်ရှားကြသည်။ လမ်းဘေးဝဲယာရှိချုံနွယ်ပင်များကိုဓားနှင့်ခုတ်ပတ်သည်။ ပေါက်ပြားနှင့်ပေါက်ပစ်သည်။ အမြစ်ပါမကျန် နုတ်ပစ်သည်။ လမ်းပေါ်မှ အမှိုက်များကိုရှင်းလင်း၍ အမှိုက်ပုံတွင် သေချာစွာပုံကြသည်။ တဝါးဝါး၊ တဟားဟား၊ သီချင်းတကျော်ကျော်နှင့် လက်ကျညီညီ၊ ကြိုးစားပန်းစား၊ ပျော်ပျော်ရွှင်ရွှင် လုပ်နေကြသည်မှာအားတက်ဖွယ်ရာပင်ဖြစ်သည်။

အားလုံး၏လုပ်အားဖြင့် အကောက်အကွေ့ကိုတည့်စေသည်။ အမောက်အချိုင့်ကိုညီညာစေသည်။ အဖုအထစ်ကိုပြေပြစ်စေသည်။ အနိမ့်အစောက်ကိုတပြေးတည်း ဖြစ်လေစေသည်။ နေမင်းသည် တစ်ဆထက်တစ်ဆပူပြင်းလာသည်။ အားလုံးမှာချွေးများဖြင့် ရွှဲနေကြပြီ။ သို့သော် နေပူသည်ကိုဂရုမစိုက်၊ ချွေးထွက်သည်ကိုလည်းအလေးမထားကြပေ။ လုပ်ငန်းအောင်မြင်ပြီးမြောက်ရေးသို့သာစိတ်စောနေကြလေသည်။ လူအားလုံးသည် ပြုပြင်ပြီးသောအခါ မြင်တွေ့ရမည့် လမ်းမကြီး၏ပုံစံကိုမှန်းဆ၍မြင်ယောင်နေမိကြသည်။ ထိုအခါ အားသစ်အင်သစ်များဝင်လာပြန်ပြီး၊ မဆုပ်မနစ်သောဇွဲ၊ လုံ့လဖြင့် အင်တိုက်အားတိုက် လုပ်ဆောင်နေကြသည်။

နေမွန်းတည့်ပေပြီ။ စည်းလုံးညီညာစွာလုပ်ဆောင်ခဲ့မှုကြောင့် လမ်းမကြီးမှာလုံးဝပြုပြင်ပြီးစီးသွားသည်။ ညီညွတ်မှုအင်အားကြောင့် ကောက်သောလမ်းကြီး၊ ကြမ်းတမ်းသောလမ်းကြီးကောင်းမွန်ပြီးဖြောင့်တန်းလေသည်။ လှပတင့်တယ်သောလမ်းမကြီးနှင့် လမ်းပေါ်တွင်ရပ်နေကြသောညီညွတ်မှုစွမ်းအားရှင်တို့ကားလိုက်ဖက်လွန်းလှပေသည်။ ကျွန်တော်တို့အားလုံးတမူထူလာသောလမ်းကို ကြည့်၍ “ငါတို့၏ စည်းလုံးညီညွတ်မှုစွမ်းအားကြောင့် လမ်းဆိုးသည် လမ်းကောင်းဘဝသို့ အသွင်ပြောင်းရလေပြီ” ဟုတွေးတောဂုဏ်ယူနေမိကြသည်။ ရင်တွင်းမှ ပီတိ၊ မျက်နှာအပြုံးများဖြင့် တစ်ဦးကိုတစ်ဦးချစ်ခင်လေးစားစွာ ကြည့်မိကြသည်။ ရွာလယ်လမ်းမကြီးကိုညီညွတ်ခြင်းအားဖြင့်ဖောက်လုပ်ပြုပြင်ခဲ့ရသည်ဟုအားလုံးနားလည်ထားကြသည်။

“တစ်ယောက်အားဖြင့် ယူသော်မရ၊ တသောင်းအားဖြင့် ယူသော်ရ၏” ဟူသောစကားကို ကျွန်တော်လက်တွေ့နားလည်ပါပြီ။ “စုပေါင်းညီညွတ်ခြင်းအားဖြင့် အရာရာကိုအောင်မြင်နိုင်ပေသည်” ဟုလည်းသဘောပေါက်မိပါသည်။ “ညီညွတ်ခြင်းအင်အားကိုအခြားအင်အားများကသာလွန်၍မရ”ဟုလည်းခံယူမိပါသည်။ ကျွန်တော်တို့ရွာလူထု၏ စုပေါင်းလုပ်အားကြောင့် လှပသာယာလာခဲ့သောရွာလမ်းမသစ်ကြီးကားညီညွတ်ခြင်းအင်အား၏ အထိမ်းအမှတ်အဖြစ် ကျန်ရစ်နေလေတော့သည်။

နန်းခမ်းညာ
Powered by Blogger.