တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်
ကျေးဇူးဟူသည် လူတို့နှင့်မကင်းသောအရာပင်ဖြစ်သည်။ သို့သော်လည်းကျေးဇူးသိတတ်မှ ကျေးဇူးဟူ၍ ရှိလေသည်။ ကျေးဇူးမသိတတ်သူအဖို့ ကျေးဇူးရှိမည်မထင်ပေ။ လူတို့သည် မိခင်တို့၏ ၀မ်းနှင့်လွယ်စဉ် ကာလအတွင်းကပင် မိခင်တို့၏ မေတ္တာ၊ စေတနာမြောက်များစွာကိုပိုင်ဆိုင်ထားကြရသည်။ ဤသည်မှာလူတို့အတွက် ဦးဆုံးသောကြီးမားလှသည့် မိခင်၏ကျေးဇူးပင်ဖြစ်ပေသည်။
မိခင်တို့မှမွေးဖွားပြီးလူ့လောကသို့ရောက်လာသည်နှင့် မိခင်ဖြစ်စေ၊ ဖခင်ဖြစ်စေမွေးဖွားလာသောသား/သမီးများအပေါ်ကို မည်သည့်အကျိုးကျေးဇူးအတွက်မဟုတ်ပဲ ၀မ်းသာပီတိပေါင်းများစွာဖြင့် ထွေးပွေ့ ယုယတတ်ကြပေသည်။ ကျွေးမွေးပြုစုကြပေသည်။ မိဘတို့၏ သားသမီးအပေါ်ထားရှိသောမေတ္တာတရား နှင့်ကျေးဇူးတို့သည် ရေးဖွဲ့သီကုံးမည်ဆိုပါကကုန်နိုင်မည်မဟုတ်ပေ။ တန်ဖိုးဖြတ်၍လည်းရနိုင်သည့်အရာမဟုတ်ပေ။ မိဘကျေးဇူးမြောက်များစွာမှ ပညာရေးဆိုင်ရာပြုစုပျိုးထောင်ခြင်းအကြောင်းကိုရေးဖွဲ့လိုပါသည်။
စာရေးသူအနေဖြင့် မြို့ပြနှင့်အလှမ်းဝေးသော ကျေးလက်အရပ်ဒေသတွင် မွေးဖွားသူ ဖြစ်သည်နှင့်အညီ ပတ်ဝန်းကျင်အရသော်လည်းကောင်း၊ ခေတ်စနစ်အရသော်လည်းကောင်း၊ အသိပညာအတတ်ပညာကိုဆည်းပူးရာတွင် ခက်ခဲလွန်းလှသောအခြေအနေတွင် ရှိခဲ့သည်ဟုဆိုရလေသည်။ အဘယ်ကြောင့်ဆိုသော် အတန်းပညာများတက်ရောက်သင်ကြားနိုင်ရန် အလယ်တန်းအဆင့် နှင့် အထက်တန်းအဆင့်ကျောင်းများရှားပါးနေခြင်းပင် ဖြစ်သည်။ တစ်ဘက်တွင်လည်းကျေးလက်တောရွာနေမိမိတို့အဖို့ စိုက်ပျိုးရေးကိုအဓိကထား ၀မ်းရေးကြောင်းရခြင်းကြောင့် တစ်ထွာမျှသော ၀မ်းစာဖူလုံရန် ခက်ခဲလွန်းလှလေသည်မှာအမှန်ပင်ဖြစ်ပေသည်။ သို့သော် မိဘတို့သည် တတ်နိုင်သမျှ စွမ်းနိုင်သမျှကို ကြိုးစားပြီးသင့်တော်ရာအရပ်ဒေသသို့ အတန်းပညာများသင်ကြားနိုင်ရန် စေလွှတ်လေ့ရှိသည်။ ဤသို့ဖြင့် မိမိသည်လည်းအတန်းပညာကိုဆုံးခန်းတိုင်တက်ရောက်နိုင်ခဲ့ပြီးဘွဲ့ရသူတစ်ယောက် ဖြစ်လာခဲ့ရသည်။ မူလတန်းမှ အထက်တန်းပြီးသည့်အထိသာမကတက္ကသိုလ်ပြီးမြောက်သည်အထိကူညီထောက်ပံ့ပေးခဲ့သည်မှာမိဘတို့အနေဖြင့် သားသမီးများအပေါ်တွင် အကျိုးကျေးဇူးတစ်စုံတစ်ရာရရှိရန်အတွက် ကူညီထောက်ပံ့ပေးခဲ့သည်မဟုတ်ပေ။
လက်ရှိခေတ်ကာလသည် မိမိတို့နေထိုင်ရာအရပ်ဒေသသည် တည်ငြိမ်အေးချမ်းခြင်းကြောင့် အလယ်တန်းအဆင့်ပညာရေးသာမကအထက်တန်းအဆင့်ပညာရေးကိုလွယ်ကူစွာသင်ယူနိုင်ပြီဖြစ်သည်။ ကျွန်ုပ်နှင့်နည်းတူကျောင်းသူ/သား ဖြစ်ဖူးသူများသာမက၊ မျက်မှောက်ကာလတွင် ကျောင်းသား/သူများ ဖြစ်သူများအားလုံးတို့သည်တောသူတောင်သားမိဘနှစ်ပါးမှ ဆင်းသက်လာသူအများအပြားရှိပေသည်။ မိဘတို့သည် တာဝန်ကျေပွန်စွာ ကူညီထောက်ပံ့ပြီးဖြစ်ပေသည်။ မိမိတို့ ကျောင်းသူ/သားများမှလည်းကျေးဇူးသိတတ်သူပီပီ ကြိုးစားရန်လိုအပ်လှပေသည်။
ယနေ့ခေတ်ကာလသည် နည်းပညာခေတ်ဖြစ်သည်။ နည်းပညာတိုးတက်ဖွံ့ဖြိုးနေသောခေတ်ကာလတွင် ကျောင်းသူ/သားလူငယ်မောင်မယ်များအဖို့ပညာများဆည်းပူးရာတွင် စိန်ခေါ်မှုတစ်ခုအနေဖြင့် ရှိနေသည်ကိုတွေ့ရှိရပါသည်။ အထက်တန်းပညာနှင့် တက္ကသိုလ်ပညာရပ်တွင် ပညာဆည်းပူးနေသောဆယ်ကျော်သက်လူငယ်တို့အတွက် ပို၍ စိန်ခေါ်နေလေသည်။ နည်းပညာတိုးတက်ခြင်းကြောင့် ကမ္ဘာကြီးသည် ရွာကြီးတစ်ဖွယ်ဖြစ်နေသည်မှာမှန်ပေသည်။ အနောက်တိုင်းယဉ်ကျေးမှု၊ အရှေ့တိုင်းယဉ်ကျေးမှု စသည်တို့ကိုတပြိုက်နက်တည်းတွေ့မြင်နိုင်ပေသည်။ ဤသို့တွေ့မြင်နိုင်ခြင်းကြောင့် ပညာဆည်းပူးရာတွင် စိတ်ပါဝင်စားမှုနည်းပါးခြင်း၊ အပျော်အပါးလိုက်စားခြင်း၊ အပေါင်းအသင်းကိုသာမက်မောနေခြင်းများတွေ့မြင်နေရသည်။ ဤကဲ့သို့ ဖြစ်ပေါ်နေခြင်းသည် မိမိကိုစေတနာဖြူစင်စွာကူညီထောက်ပံ့ပေးနေသောမိဘနှစ်ပါးကိုကျေးဇူးကန်းရာရောက်ပေသည်။
မိဘတို့သည် ၎င်းတို့၏ သားသမီးများအထက်တန်းပညာအဆင့်အောင်၍ တက္ကသိုလ်ပညာဆည်းပူးနေသည်ကို ပီတိဝမ်းသားဝေဖြာနေလေသည်။ အတန်းပညာကောင်းစွာမသင်ယူနိုင်ခဲ့သည့် သူတို့အဖို့ ဂုဏ်ယူနေလေသည်။ သို့သော် သားသမီးဖြစ်သူတို့ ပညာကိုမည်သို့မည်ပုံဆည်းပူးနေသည်ကိုသိရှိနိုင်သောမိဘများမှာနည်းပါးလှပေသည်။ ကျွန်ုပ်လိုကျေးလက်တောရွာမှ မိဘများသည် ပို၍ပင် သိနိုင်မည်မဟုတ်ပေ။ ၎င်းကိုသားသမီးဖြစ်သူကျောင်းသူ/သားများမှ အခွင့်အရေးအနေဖြင့် အပျော်အပါး၊ အပေါင်းအသင်းကိုသာမက်မောနေမည်ဆိုပါက ကျေးဇူးမသိတတ်သော လူအဖြစ်သာ ဖြစ်ပေမည်။
ထို့ကြောင့် မိမိကိုကူညီထောက်ပံ့ပေးနေသော မိဘနှစ်ပါးကိုတိုက်ရိုက်ဆယ်နွယ်ခြင်းမျိုးမဟုတ်သော်လည်း သွယ်ဝိုက်သောနည်းဖြင့် ကျောင်းသူ/သားများအားလုံးမိမိတို့ ပညာများဆည်းပူးသင်ကြားရာတွင် မိမိတို့လူမျိုး၊ မိမိတို့တိုင်းပြည်အကျိုးပြုနိုင်သော လူတော်လူကောင်းများအဖြစ်နှင့် မိမိအထူးပြုသင်ကြားနေသောဘာသာရပ်များကိုကျွမ်းကျင်တတ်မြောက်နိုင်ရန် ကြိုးစားခြင်းဖြင့် ကျေးဇူးဆပ်စေလိုကြောင်းကိုရေးသားတင်ပြရင်းအဆုံးသတ်လိုက်ပါသည်။
ခွန်အောင်;နွောင်,
Like On Facebook
Follow On Twitter
Subscribe On RSS