Monday, January 7, 2019

ဝန်းကျင်သာယာလှပဖို့ စွန့်ပစ်အမှိုက်ဂရုတစိုက်ပစ်ကြစို့

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၇)ရက်

Photo Credit- ကောင် ဗောင်း ဟေ့(Fb)
မိမိတို့နေထိုင်သောကမ္ဘာကြီးသည် နေရောင်ခြည်မှဖြာထွက်လာသောအလင်းတန်း၊ တောတောင်ရေမြေသဘာဝများဖြင့် လှပနေပါသည်။ သဘာဝအတိုင်းလှပနေသောကမ္ဘာမြေကြီးကို သဘာဝအတိုင်းလှမြဲလှဆဲဖြစ်အောင် မိမိတို့တစ်ဦးတစ်ယောက်၏လုပ်ဆောင်မှုတိုင်းနှင့် သက်ဆိုင်နေပါသည်။ အဘယ့်ကြောင့်ဆိုသော် မိမိတို့သည် ကမ္ဘာမြေကြီးပေါ်တွင် မှီတင်းနေထိုင်သော လူသားများဖြစ်ခြင်းကြောင့်ပင်ဖြစ်သည်။ မိမိတို့အနေဖြင့် ကမ္ဘာကြီးအတွက်အကျိုးပြုသောအရာတစ်ခုကို စွန့်ပစ်အမှိုက်စဉ်းစနစ်တကျ စွန့်ပစ်ခြင်းဖြင့် အကောင်အထည်ဖော်နိုင်သည်ကို သတိပြုပြီး ကျေးဇူးဆပ်ရန်လိုအပ်ပါသည်။

အသုံးပြုရန်မလိုအပ်သည့်ပစ္စည်းမှန်သမျှကို စွန့်ပစ်ရန်လိုအပ်သည့်ပစ္စည်း (သို့မဟုတ်) အမှိုက်ဟုခေါ်ပါသည်။ မိမိအနေဖြင့် မလိုအပ်သည့်ပစ္စည်းများကို စွန့်ပစ်ရာတွင် အမျိုးအစားများခွဲခြား၍ (၁) ပလတ်စတစ်အမှိုက်ပုံး/အိတ်၊ (၂) ပြန်လည်အသုံးပြု၍ရသည့်အမှိုက်ပုံး/အိတ်၊ (၃) မီးဖိုချောင်မှထွက်ရှိသည့်အမှိုက်ပုံး/အိတ် စသည့်ပုံစံများဖြင့် မိမိမှစတင်၍ အသုံးပြုရန်၊ ကျင့်သုံးရန်လိုအပ်ပါသည်။

စွန့်ပစ်အမှိုက်များထဲမှ ပလပ်စတစ်အကြောင်းမိတ်ဆက်ချင်ပါသည်။ မိမိတို့လက်ရှိအသုံးပြုနေသော ပလပ်စတစ်သည် နှစ်ပေါင်း(၆၀)ဝန်းကျင်မျှသာရှိနေသော်လည်း အသုံးပြုမှုအများဆုံးဖြစ်နေသော ပစ္စည်းဖြစ်နေသည်မှာ မိမိအပါအဝင်လူတိုင်းအသိပင်ဖြစ်သည်။ ဆိုလိုသည်မှာ ပလပ်စတစ်ကို လူသားများ၏လိုအပ်ချက်အရ ထုတ်လုပ်ပြီး အသုံးပြုလာကြသော်လည်း လိုအပ်သည်ထက်အသုံးပြုမှုများလာခြင်းကြောင့် ယခုအချိန်တွင် ကမ္ဘာကြီးအတွက်ခြိမ်းခြောက်မှုတစ်ခုဖြစ်လာသည်။

မိမိမှထွက်ရှိသည့်အမှိုက်ကို မိမိကိုယ်တိုင်တာဝန်ယူတတ်သည့်အလေ့အကျင့်ကောင်းများ ကျင့်သုံး ရန်လည်းလိုပါသည်။ ဥပမာအနေဖြင့် ဆေးရုံမှထွက်သည့်စွန့်ပစ်ပစ္စည်း (၈၅%)သည် အန္တရာယ်မရှိသော စွန့်ပစ်ပစ္စည်းဖြစ်သော်လည်း ကျန်သည့်(၁၅%)မှ (၁၀%)သည် ရောဂါကူးစက်နိုင်သည့် စွန့်ပစ်ပစ္စည်းနှင့် (၅%)သည် ဓာတုအန္တရာယ်ရှိသည့် စွန့်ပစ်ပစ္စည်းများဖြစ်သည်။ ထို့ကြောင့် ဆေးရုံမှထွက်သည့်စွန့်ပစ် ပစ္စည်းကိုလည်းကောင်း၊ မိမိတို့တစ်ဦးတစ်ယောက်နှင့် သက်ဆိုင်သည့် စွန့်ပစ်ပစ္စည်းများကိုလည်းကောင်း ဘယ်လိုပုံစံဖြင့်စွန့်ပစ်မည်၊ ဘယ်နေရာမှာသွားပြီးထပ်စွန့်ပစ်မည်၊ မိမိစွန့်ပစ်သည့် စွန့်ပစ်ပစ္စည်းများသည် လူမှုပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်ကို မည်သို့ထိခိုက်လာနိုင်မည် စသည့်အချက်တိုင်းသည်  မိမိတို့ မလိုအပ်သည့် စွန့်ပစ်ပစ္စည်းများကို စွန့်ပစ်သည့်အချိန်တိုင်း သတိထားရန်လိုအပ်ပါသည်။

မိမိအသုံးမပြုတော့သည့်ပစ္စည်းများကို သူ့နေရာနှင့်သူ စွန့်ပစ်ရန်လိုအပ်ပါသည်။ “ Please use me ”ဆိုသည့်ဆောင်ပုဒ်ကို အမှိုက်ပုံး/အိတ်များပေါ်တွင် အသုံးပြုခြင်းဖြင့် လူများ၏စိတ်ဝင်စားမှုကို ဖြစ်စေပြီး “ အမှိုက်များသည် အမှိုက်ပုံး/အိတ်ထဲတွင်သာရှိရမည်၊ အခြားနေရာတွင်ရှိမနေရ”စသည့် လူများ၏အမြင်၊ လူများ၏အသိစိတ်ကို ပြောင်းလဲပေးနိုင်ပါသည်။

နိုင်ငံတကာတွင် စွန့်ပစ်ပစ္စည်းများကို “ R ”သုံးလုံးဖြင့် (၁) Reduce- မိမိ၏စွန့်ပစ်ပစ္စည်းများကို အတတ်နိုင်ဆုံးနည်းနိုင်သမျှနည်းအောင်အသုံးပြုခြင်း၊ (၂) Reuse- မိမိ၏စွန့်ပစ်ပစ္စည်းများကို အတတ်နိုင်ဆုံးပြန်လည်အသုံးပြုခြင်း၊ (၃) Recircle- မိမိ၏စွန့်ပစ်ပစ္စည်းများကို အတတ်နိုင်ဆုံး ပြန်လည်ပြင်ဆင်ပြီး အသုံးပြုခြင်း စသည့်ပုံစံများဖြင့် ကျင့်သုံးနေပါသည်။ ထို့အပြင် “ Recircle Park ”များထားရှိပြီး မိမိတို့ မလိုအပ်သည့် စွန့်ပစ်ပစ္စည်းများကို သူ့အမျိုးအစားနှင့်သူ အပ်နှံနိုင်ခြင်း၊ ဈေးနှုန်းချိုချိုသာသာဖြင့်  မိမိတို့ လိုအပ်ချက်နှင့်ကိုက်ညီသည့်သူများအတွက် ပြန်လည်ဝယ်ယူနိုင်သည့်အခွင့်အရေးများ/အခွင့်အလမ်းများရရှိပါသည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင်တည်ရှိသော ဗောင်းကျေးရွာသည် စွန့်ပစ်ပစ္စည်းနှင့်ပတ်သက်၍ လူတိုင်းတွင်စဉ်းစနစ်ကျကျစွန့်ပစ်တတ်ပုံ၊ ကျန်းမာသန့်ရှင်းပြီး သာယာလှပသည့် မိမိတို့ဝန်းကျင်ကို မိမိတို့ကိုယ်တိုင်မှစ မိမိတို့ကျေးရွာအတွင်းရှိလူသားတိုင်းနှင့်သက်ဆိုင်သည်ဆိုသည့်ခံယူချက်များရှိသည်ကို အနည်းအကျဉ်းထပ်စောင်း၍ မျှဝေချင်ပါသည်။

မိမိတို့အနေဖြင့် ဗောင်းကျေးရွာကို လာလည်ပါက ရွာအဝင်လမ်း၏ ဘေးနှစ်ဘက်တွင် ဥယျာဉ်ခြံများဖြင့် စိမ်းစိုနေပြီး ရွာထဲသို့ရောက်ရှိချိန်တွင် နေအိမ်ဝန်းကျင်တိုင်း၏ သန့်ရှင်းမှု/သပ်ရပ်မှုများဖြင့် စိတ်ကိုကြည်လင်စေပြီး ရွာအလယ်တွင်တည်ရှိနေသော ဘုန်းတော်ကြီးကျောင်း၏ ကြည်ညိုသပ္ပာယ်ပုံမှာ စိတ်ကိုအေးမြစေပါသည်။ ဤမျှမက မိမိတို့၏အမှိုက်များကို မိမိကိုယ်တိုင်တာဝန်ယူတတ်သည့် အလေ့အကျင့်ကောင်းများ၊ မိမိတို့နေထိုင်သည့်ရပ်ရွာသန့်ရှင်းမှုကို အလေးထားသည့်အလေ့အကျင့်ကောင်းများ၊ ပူးပေါင်းပါဝင်မှုများဖြင့် လုပ်ဆောင်တတ်သည့်အလေ့အကျင့်ကောင်းများသည် စာဖတ်သူများအတွက် စွန့်ပစ်အမှိုက်နှင့်ပတ်သက်သည့်အသိပညာဗဟုသုတများရရှိနိုင်သည်သာမက ဗောင်းကျေးရွာ၏နေထိုင်မှုပုံစံများကိုလည်း လေ့လာနိုင်ရန်အလည်တစ်ခေါက်သွားရောက်လည်ပတ်စေလိုသည်။

မိမိ၏စွန့်ပစ်ပစ္စည်း(သို့မဟုတ်)အမှိုက်များကို မိမိကိုယ်တိုင်တာဝန်ယူတတ်ပြီး စဉ်းစနစ်ကျကျ စွန့်ပစ်တတ်သူများ၊ သဘာဝအလှတရားများကို ချစ်မြတ်နိုးကြသူများ၊ ကမ္ဘာမြေကြီးစိမ်းစိုနေမှုကိုတန်ဖိုးထားတတ်သူများဖြစ်ကြရန် စသည့်ရည်ရွယ်ချက်များဖြင့် ဤဆောင်းပါးကို မိမိ၏အတွေ့အကြုံအပေါ်သာ အခြေခံ၍ ရေးသားရခြင်းဖြစ်ပါသည်။

ပအိုဝ်;မူ,ပေ,(စန္တာ;ခမ်း)
Powered by Blogger.