တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၁၇)ရက်
ကမ္ဘာပေါ်တွင် အအေးချမ်းဆုံးအရာမှာမိဘမေတ္တာဟုဆိုနိုင်ပေသည်။ မိဘမေတ္တာဖြင့် ကြီးပြင်းလာသောကလေးများရှိသကဲ့သို့ မိဘမေတ္တာငတ်မွတ်နေသောကလေးများလည်းများစွာရှိပေသည်။ ယခုရေးသားဖော်ပြမည်က မိဘမေတ္တာကိုမခံစားရသည့် ကလေးတစ်ယောက်၏ ဖြစ်ရပ်မှန်အကြောင်းဖြစ်သည်။ ထိုကလေး၏ နာမည်အရင်းနှင့် နေထိုင်ရာအရပ်ဒေသကိုဖော်ပြရန်သင့်တော်မည်မထင်သောကြောင့် မဖော်ပြတော့ပေ။ ထိုကလေးကအဖေရှိသော်ငြားလည်းနောက်အိမ်ထောင်ပြုခဲ့တဲ့အတွက်ကြောင့် အရင်ဇနီးနှင့်ရခဲ့သောကလေးကိုဂရုစိုက်ဖို့ အချိန်ပေးဖို့ မရှိခဲ့ဖူးသကဲ့သို့ မိထွေး၏နှိပ်စက်ခြင်း၊ ဖိနှိပ်ခြင်းများအမျိုးမျိုးခံစားနေရပါသည်။ မိထွေးကကလေးငယ်အပေါ် လင်ယောင်္ကျားရှေ့တွင်တစ်မျိုး ကွယ်ရာတွင်တစ်မျိုးဆက်ဆံခြင်း၊ အဖေနှင့် သားကြားအမျိုးမျိုးအထင်မြင်လွဲမှားအောင် ပြုလုပ်ခြင်းကြောင့် ထိုကလေး၏ဘဝမှာ ပျော်စရာဟူ၍ မရှိသလောက်ပင် ကြုံတွေ့နေရပါတော့သည်။
ထိုကလေးသည် သိတတ်စအရွယ်ကစ၍ ကစားဖော်သူငယ်ချင်းများပင်မရှိခဲ့ပါ။ အဖေ့ရဲ့နောက်ဇနီးမှရသည့်ကလေးများနှင့်လည်း အတူတူဆော့ကစားခြင်းမျိုး၊ ထမင်း၊ ဟင်းစားသည့်အချိန်တွင်လည်း ညီတူညီမျှကျွေးခဲ့ခြင်းမရှိခဲ့ပေ။ အကြောင်းကခွဲခြားဆက်ဆံခံရခြင်းဖြစ်သည်။ နောက်ဇနီးမှရသည့် ကလေးများလောက် မေတ္တာမရ၊ ဖခင်ကလည်းသားကိုလျစ်လျူရှုခြင်း၊ အမြဲအပြစ်မြင်ခြင်းနှင့်သာ ကြုံတွေ့နေရပါသည်။ ကျောင်းနေအရွယ်တွင် ကျောင်းတက်နေပါသော်လည်း ကျောင်းသွားကျောင်းပြန်အချိန်တွင် မိဘများမှ အခြားကလေးများကဲ့သို့ လိုက်လံပို့ဆောင်ခြင်း၊ သွားကြိုပေးခြင်း၊ ကလေးတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းမျိုးမရှိခဲ့သည့်အတွက် ကလေးငယ်လေး၏ဘဝအစမှာပင် ပျော်စရာကင်းမဲ့ခဲ့ပါသည်။ ကျောင်းနေစကလေးတစ်ယောက်တွင် ရှိသင့်သည့်အရာများမှာကစားခြင်း၊ စားစရာမုန့်လေးများစားကြခြင်း၊အခြားကလေးများနှင့် အတူတူပျော်ခြင်းများစသည်တို့ရှိသင့်ပါသည်။ သို့သော်လည်း ဒီကလေးသည်ကျောင်းသွားတိုင်းမုန့်ဖိုးတွေမရသောကြောင့် အခြားကလေးများ၏ကဲ့ရဲ့ခြင်း၊ ပတ်ဝန်းကျင်၏ ကဲ့ရဲု့ခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းအမြဲတမ်းလိုလိုခံစားခဲ့ရတော့သည်။ ကျောင်းအပြန်အိမ်ပြန်ရောက်သည့်အခါတွင်လည်း ကလေးငယ်အားနှင့် မမျှသည့် အလုပ်များခိုင်းစေခြင်း၊ တစ်ခုခုဆိုသည်နှင့် ကလေးငယ်အားဆူပူကြိမ်းမောင်းရိုက်နှက်ခြင်းများ ပြုလုပ်သည့်အတွက် ယခုအခါ ထိုကလေးမှာလူအများကြားသော်လည်းကောင်း၊ တစ်ဦးတစ်ယောက်တည်းရှိသည့် အချိန်သော်လည်းကောင်း၊ ထမင်းစားသည့်အခါ ခေါင်းပင်မဖော်ရဲ၊ ငုတ်တုတ်တုတ်စားခြင်းနှင့် လူအများကိုကြောက်ရွံ့သွားခြင်းစသည့် ကျပ်မပြည့်သည့် ကလေးတစ်ယောက်လိုယောင်တောင်တောင်ဖြစ်ခြင်းများ ဖြစ်နေပါတော့သည်။ ပတ်ဝန်းကျင်၏ ခွဲခြားဆက်ဆံခံမှုများ၊ ကဲ့ရဲ့မှုများနှင့် မိဘအုပ်ထိန်းမှု၊ ဂရုစိုက်မှုအောက်တွင် မရှိခဲ့သည့် ဒီကလေး၏ ပညာရေးမှာသာယာဖြောင့်ဖြူးနိုင်ပါမည်လား။
အတန်းပညာကိုကောင်းကောင်းမွန်မွန် လေ့လာဆည်းပူးခွင့်မရသည့် ကလေးတစ်ယောက်အနာဂါတ်မှာ မတွေးဝံ့စရာပင်။ သူ့ဘဝမှာကယ်တင်သူပတ်ဝန်းကျင်နှင့် တွေ့နိုင်ပါစေဟုဆုတောင်းပေးရုံမှလွဲပြီးဘာမှ မတတ်နိုင်တော့ပါ။ ကလေးငယ်ရင်ဆိုင်ဖြတ်သန်းရမည့်ဘဝကလည်း ဆင်းရဲပင်ပန်းမည်မှာမလွဲပါ။ မိထွေးနှင့် အဖေလည်း ဥပေက္ခာပြုခံရခြင်းဘဝမှာမေတ္တာဆိုသည့် အေးချမ်းသည့်ခံစားမျိုးမခံစားခဲ့ရပါ။ မိထွေးကကလေးငယ်အပေါ်ဆက်ဆံပုံကလည်းအမြဲနှိမ့်ချဆက်ဆံလေ့ရှိတာကြောင့် ကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်သည်။ (ဥပမာ- စိတ်ကျရောဂါမျိုး)စိတ်ကျရောဂါခံစားရသူတို့၏ လက္ခဏာအများကြီးရှိပါသည်။ အဆိုးဆုံးမှာဘာဘဲလုပ်လုပ် စိတ်ဝင်တစားမလုပ်နိုင်တော့ခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ စိတ်နဲ့ကိုယ်နဲ့မကပ်သလိုမျိုးအလွဲအချော် အမှားအယွင်းဖြစ်ခြင်းများ ဖြစ်ပေါ်လေ့ရှိသည်။
ဖခင်မေတ္တာမခံစားဖူးသည့် ကလေးတစ်ယောက်အဖို့ ဖခင်ကို ပြန်ချစ်ရကောင်းမှန်းလည်းကလေးငယ်သိမည်မထင်ပါ။ ကလေးငယ်ကအရာရာထိခိုက်နာကျင်မှုများနှင့် ခံစားတတ်သည့်အချိန်မှာဖခင်အပေါ်၊ မိထွေးအပေါ်နှင့် သူ့ကိုခွဲခြားဆက်ဆံကြသည့် ပတ်ဝန်းကျင်များအပေါ်လည်း အမုန်းအာကာတထားမည်ကိုအကြောက်ဆုံးဆိုးကျိုးတစ်ခုဖြစ်ပေသည်။ ပတ်ဝန်းကျင် နှိမ့်ချဆက်ဆံမှုများ၊ လှောင်ပြောင်မှုများကြောင့် စိတ်နှလုံးသားဆိုးသွမ်းပြီး အယူဝါဒကွဲကာ ကမ္ဘာကြီးကိုကိုင်လှုပ်ဖူးသည့်နာဇီခေါင်းဆောင်ဟစ်တလာကို လူတိုင်းသိကြမည်ထင်ပါသည်။ သူငယ်စဉ်က ဆင်းရဲပြီးပတ်ဝန်းကျင်ရဲ့ နှိမ့်ချသည့် ဆက်ဆံမှုများကြောင့် စိတ်ကျရောဂါဝေဒနာကိုခံစားခဲ့ပါသည်။ ဟစ်တစ်လာတစ်ယောက် ပတ်ဝန်းကျင်၏ ကဲ့ရဲ့နှိမ့်ချဆက်ဆံမှုများမပြုခဲ့မိရင် နှလုံးသားနူးညံ့သည့် ပန်းချီဆရာတစ်ယောက်ဖြစ်ခဲ့မည်။ သူသည် တိရိစ္ဆာန်ကိုလည်း ချစ်တတ်သူတစ်ယောက်ဖြစ်သည်။ ပတ်ဝန်းကျင်ရိုက်ခတ်မှုများကြောင့် စိတ်များအယူဝါဒများပြောင်းကာ သူ့အတွက် အငြိုးများ၊ အမုန်းအဃာတများ ဖြစ်ပေါ်လာကာ ဂျူးလူမျိုး(၆)သန်းကျော် သတ်ဖြတ်ခဲ့ဖူးသည့် ကမ္ဘာ့ရာဇဝင်တွင် ကြောက်စရာကောင်းလှသည့် လူမျိုးတုံးသတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့ဖူးပါသည်။
လူတစ်ယောက်၏ ဘဝနှင့် အနာဂါတ်သည်သူ၏ ငယ်ရွယ်စဉ်ကမိဘမေတ္တာခံစားမှုရှိခဲ့၊ မရှိခဲ့နှင့် သက်ဆိုင်နေပါသည်။ မိဘအုပ်ထိန်းမှုများရှိခဲ့ပါကအကောင်းအဆိုး၊ အကြောင်းအကျိုးတို့ကို ထိုက်သင့်သလောက်ခွဲခြားတတ်မည်ဖြစ်သည်။ ‘မိဘသည် ဒုတိယဆရာ၊ ဆရာသည် ဒုတိယမိဘ’ ဆိုသည့်အတိုင်းမြန်မာစကားပုံရှိခဲ့ပါသည်။
လူတစ်ယောက်ရဲ့ဖိနှိပ်ခံရတဲ့ဘဝမှာ လှိုင်းလုံးများရိုက်ခတ်ခံနေရသည့် ကျောက်ဆောင်ကြီးများနှင့် တူပါသည်။ ဘယ်လောက်ဘဲ မာကျောနေပါစေရိုက်ခတ်ပုတ်ခတ်ဖန်များလာတော့ ပျက်စီးမှာအမှန်ပင်ဖြစ်သည်။ထို့ကြောင့် မသိတတ်သေးသည့် ကလေးလိုအရွယ်မှာအပြစ်ကင်းစင်သလိုသွန်သင်ဆုံးမရ၊ လမ်းပြရလွယ်ကူသည့်အရွယ်တွင် ဖြစ်သည်။ ထိုအရွယ်ကနေ လမ်းမှန်ရောက်အောင် စိတ်နှလုံးလှပအောင် မိဘမှာတာဝန်အပြည့်ရှိသကဲ့သို့ ကလေးအပေါ်အချိန်ပေးဂရုစိုက်ရန် လိုအပ်လှပေသည်။ မိဘမဲ့ကလေး (သို့) မိဘမစုံသောကလေးများ၊ မိဘရဲ့ ဥပေက္ခာပြုခြင်းခံရသောကလေးများတွေ့ရှိပါက မိမိတတ်စွမ်းသလောက် အသိပညာ၊ အတတ်ပညာ၊ ပစ္စည်းဥစ္စာစသည်ဖြင့် စွန့်ကြဲပေးကမ်းကာ လမ်းမှားမရောက်ဖို့နှင့် လမ်းမှန်ရောက်ဖို့ ဖေးမကူပေးကြပါရန် တိုက်တွန်းရင်းနိဂုံးချုပ်အပ်ပါသည်။
နန်းခမ်းဗွေ
မျင်းမိုရ်ခမ်း
Like On Facebook
Follow On Twitter
Subscribe On RSS