Friday, January 18, 2019

သျှားမီး(ထင်းဖြူ)ပွဲတော်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၁၈)ရက်




မြန်မာနိုင်ငံသည် ဥတုသုံးပါးရှိပြီး တစ်နှစ်ပတ်လုံး လစဉ်လတိုင်း (၁၂) လရာသီ ပွဲလမ်းသဘင်များ ပြုလုပ်ကြပါသည်။ ၎င်းလထဲတွင် တပို့တွဲလပြည့်တွင် ပြုလုပ်သည့် သျှားမီး(ထင်းဖြူ) မီးထွန်းပူဇော်ပွဲတော်လည်း အပါအဝင်ဖြစ်ပါသည်။ သျှားမီးထွန်းပွဲတော်သည် မြန်မာနိုင်ငံနေရာဒေသအနှံ့အပြားတွင် ကျင်းပပြုလုပ်လျက်ရှိပါသည်။ ထိုအထဲတွင် ကျွန်တော်တို့ ရှမ်းပြည်နယ်အတွင်းတွင်ရှိသည့် တိုင်းရင်းသားပေါင်းစုံ နေထိုင်သည့် နေရာဒေသသည်လည်း သျှားမီးပူဇော်ပွဲကို ကျင်းပပြုလေ့ရှိကြပါသည်။

သျှားပင်(ထင်းဖြူ) အများစုသည် တောထဲတွင်ရှိပြီး အလေ့ကျပေါက်လေ့ရှိပါသည်။ ရှေးအစဉ်အဆက်က တပို့တွဲလပြည့်သည် ဆောင်းရာသီတွင် အအေး(အချမ်း)ဆုံးညဟု  အဖိုးအဖွားများ ပြောကြားသည်ကို သိရှိရသည်။ သျှားမီးထွန်းခြင်းကို အများအားဖြင့် ဘုရားစေတီပုထိုးများတွင် ပူဇော်လေ့ရှိကြပါသည်။ သျှားမီးကို ပူဇော်နိုင်ရန် ရပ်ကွက်တစ်ခုနှင့်တစ်ခု၊ ကျေးရွာတစ်ရွာနှင့်တစ်ရွာ အပြိုင်ပြုလုပ်ကြပြီး အချို့ဒေသသည် တပို့တွဲလပြည့် မတိုင်ခင်တွင် ကျေးရွာရှိ အပျို/လူပျိုများက ပျော်ပျော်ပါးပါးဖြင့် တောထဲမှ သျှားပင်များကို ရှာဖွေကြရပါသည်။ ရလာသည့် သျှားပင်များကို တက်ညီလက်ညီဖြင့် ဝိုင်းဖွဲ့ပြီး လပြည့်ညအတွက် ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်ကာ သျှားမီးပူဇော်ကြသည်ကို တွေ့နေရပါသည်။ သျှားပင်ရှားပါးသည့်ဒေသသည် သျှားပင်အစား သနပ်ခါးတုံးများ၊ နံ့သာဖြူတုံးများဖြင့် ပူဇော်လေ့ရှိကြသည်။

သျှားမီးပူဇော်ခြင်းသည် ရှေးလူကြီးများ၏ တစ်ဆင့်စကား တစ်ဆင့်ကြား ပြောစကားများအရ ဘုရားရှင်လက်ထက် တပို့တွဲလပြည့်ညတွင် အရိုးထဲအထိ အအေးပိုသောကြောင့် မြတ်စွာဘုရားကို ပြည်သူများမှ သျှားမီးထွန်း၍ ပူဇော်ခဲ့ကြသည်။ သျှားမီးပူဇော်ရသည့်ရည်ရွယ်ချက်သည် နေရာဒေသလိုက်ပြီး အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြရာတွင် စာရေးသူဒေသတွင် သျှားမီးပူဇော်ခြင်းသည် မိမိတို့ ကိုယ်ပေါ်တွင်ရှိသည့် အညစ်အကြေးများ၊ မကောင်းသည့်အရာများ ပြေပျောက်စေရန်၊ မြတ်စွာဘုရားမှ လပြည့်ညတွင် မီးလှုံနိုင်ရန်၊ အလင်းဓာတ်နှင့် အနွေးဓာတ်လှူဒါန်းသည့်အနေဖြင့် ပူဇော်ခြင်းဖြစ်သည်။ သျှားမီးပူဇော်ခြင်းကို ဘိုးဘွားလက်ထက်မှစပြီး နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓဘာသာဝင်များသည် လက်ဆင့်ကမ်း ပြုလုပ်လာခဲ့ကြရာတွင် ယနေ့ထိတိုင်ဖြစ်သည်။ ထို့ကြောင့် သျှားပင်ကို မြတ်စွာဘုရားကို ရည်စူး၍ ဆီမီးအနေဖြင့် ထွန်းညှိ့ပူဇော်ကြသောကြောင့် အချို့ဒေသသည် ဘုရားထင်းဟု ခေါ်ဆိုကြပါသည်။

တပို့တွဲလပြည့်သည် သျှားမီးပူဇော်ခြင်းသာမက ဗုဒ္ဓဘာသာဝင်များ၏ ရိုးရာထုံးတမ်းစဉ်လာအရ ကောက်ညှင်း(ယာဂု)များဖြင့် ထန်းလျက်ကောက်ညှင်း၊ သကြားကောက်ညှင်း နနွင်းကောက်ညှင်းနှင့် ကောက်ညှင်းအမျိုးမျိုးပြုလုပ်ပြီး မိမိတို့၏ အဖိုးအဖွားများကို ကန်တော့ခြင်း၊ သက်ကြီးရွယ်အိုများကို ကန်တော့ခြင်း၊ ဥပုသ်သီလစောင့်တည်ခြင်းနှင့် ဘုန်းတော်ကြီးကျောင်းများသို့ အလှူအတန်း ပြုလုပ်ကြပါသည်။

ထို့ကြောင့် မြန်မာသက္ကရာဇ် ၁၃၈၀-ခုနှစ်၊ ခရဇ်နှစ် ၂၀၁၉-ခုနှစ် ဖေဖော်ဝါရီ (၁၉)ရက်နေ့တွင် ပြန်လည်ကျရောက်လာမည့် တပို့တွဲလပြည့်နေ့ကို မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ မိမိတို့ဗုဒ္ဓဘာသာ၏ ရိုးရာဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် သျှားမီး(ထင်းဖြူ) မီးထွန်းပွဲကို အစုအဖွဲ့လိုက်သော်လည်းကောင်း၊ မိသားစုတစ်စုအနေဖြင့်လည်းကောင်း၊ ကောက်ညှင်း(ယာဂု) ပြုလုပ်ပြီး ဆွေးမျိုး၊ မိဘ၊ အဖိုး အဖွား၊ ဘုရားကျောင်းကန်များသို့ ကုသိုလ်ပြုလုပ်ခြင်းသော်လည်းကောင်း၊ ပျော်ပျော်ပါးပါး တက်ညီလက်ညီဖြင့် သျှားမီး(ထင်းဖြူ)ပွဲတော်ကို ကျင်းပပြုလုပ်ကြခြင်းဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားများအားလုံး ကုသိုလ်များ ရရှိနိုင်ကြပါစေကြောင်းဖြင့် ဆန္ဒပြုအပ်ပါသည်။

ခွန်တလျူး
ခမ်းလွယ်လုံ/ပင်လောင်း
Powered by Blogger.