Monday, January 14, 2019

ပအိုဝ်းမျိုးဆက်သစ် သမိုင်းသုတေသီများမွေးထုတ်သင့်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၁၅)ရက်


Credit - ပအိုဝ်း သမဲင်း (Fb page)

လွန်ခဲ့သောကာလ မိုးရာသီအကုန် ဆောင်းရာသီအကူးအချိန်ခါကာလတုန်းကပေါ့။ ကျွန်တော်ရယ် ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်တစ်သိုက်ရယ် အလုပ်ကိစ္စနဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်း မြို့နယ်၊ အနောက်မြောက်ဘက်ခြမ်း(ယခင်နောင်တရားမြို့နယ်ခွဲ)ရဲ့ ပအိုဝ်းအမျိုးသားရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွနဲ့ အားကြိုးမာန်တက် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသားရေး ဆရာတော်ဘဒ္ဒန္တရာဇဂုရု (ခွန်တရာ,)သီတင်းသုံးနေထိုင်ရာ လွယ်အယ်လုံးမွေး(လွယ်အဲုင်;လိုမ်းမွေး)ကျောင်းတိုက်တည်ရှိရာ အနောက် ဘက်ရိုးမဆီကိုဦးတည်၍ ခရီးဆက်လေသည်။

"ရန်ကုန်ဆောင်း ပင်လောင်းနွေ"ဆိုတဲ့ စကားပုံလိုဘဲ မိမိတို့ခရီးဆက်နေသည့်အချိန်သည် နေ့ခင်း ဘက်ဖြစ်သော်လည်း ဆောင်းရဲ့အအေးဓါတ်ကြောင့် လက်ဖျားခြေဖျားတွေ အေးခဲလာပါတော့သည်။ ပင်လောင်းဆောင်းက အေးလားတော့မသိဘူးဗျ။ နံနက်ခင်း နှင်းရဲ့ရိုက်ခတ်မှုကြောင့် မြေကြီးထဲမှာ မအောင်းနိုင်တော့ဘဲ လမ်းပေါ်မှာထွက်၍ နေပူဆာလှုံရန် ကြံရွယ်ရင်း အသက်ဆုံးရှုံးသွားကြသည့် တီကောင် အသေကောင်တွေလည်း လမ်းပေါ်မှာပြန့်ကြဲနေသည်က အခွေလိုက်အပြုံလိုက်ဘဲဆိုတော့ စာဖတ်ပရိသတ် များအနေဖြင့် ပင်လောင်းဒေသရဲ့အအေးဓါတ်ကို ခန့်မှန်းမိလိမ့်မယ်လို့ ယုံကြည်ပါသည်။ ထို့အပြင် ဆောင်းရာသီဆိုတော့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရဲ့ ဦးဆောင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လမ်းချဲ့ခြင်းရဲ့ဖုံတွေကလည်း သဲကန္တရထဲမှာ ကားမောင်းရသလိုဘဲ ဖုံတွေတလှိမ့်လှိမ့်နဲ့ ရှုခင်းရဲ့အရသာကို ခံစားရင်း မေ့မြောသွားပြီး သတိပြန်ရလာတော့ မိမိဆံပင်ကို ပြန်ကိုင်ကြည့်တော့ Spray Gel ဖြန်းထားသလိုဘဲ တထောင်ထောင်နဲ့ကပ်စေးနေတော့တယ်။

နောင်တရားကနေ တစ်နာရီလောက်ခရီးနှင်ပြီး ညနေ(၄း၃၀)အချိန်တွင် အဆိုပါဆရာတော်ဘုရား သီတင်းသုံးတော်မူရာ လွယ်အယ်လုံးမွေး(လွယ်အဲုင်;လိုမ်းမွေး)ကျောင်းသို့ ခရီးဆိုက်ရောက်လေတော့သည်။ ဆရာတော်သည် ပအိုဝ်းအမျိုးသားရေးဆရာတော်ဖြစ်သူပီပီ ဆရာတော်မှဆုံးမသြဝါဒပေးသည့် အကြောင်း အရာများသည်လည်း ပအိုဝ်းလူမျိုးများအနေဖြင့် အနာဂါတ်ကိုဘယ်လိုထုဆစ်ပုံဖော်သင့်လဲ။ ဘယ်လိုရှေ့ဆက်သင့်လဲ စသည့်အမျိုးသားရေးကိစ္စများအပြင် တခြားတမူထူးခြားသည်ကား ပအိုဝ်းလူမျိုးများ၏သမိုင်းကို သုတေသနလုပ်နေသည့်ဆရာတော်ဟုလည်းကြားသိရ၍ ပအိုဝ်းလူများ၏သမိုင်း အစဉ်အလာ ကြီးမားခဲ့ပုံကို တဖွဖွနှင့် ဟောကြားပေးပြီး ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်တို့၏ လူမျိုးကို ဦးဆောင်ခဲ့ပုံ၊ ပဒေသရာဇ်စနစ် ကိုတိုက်ထုတ်ခဲ့ပုံ၊ အခြားလွမ်းမောဖွယ်ရာ၊ ရင်နာစရာသမိုင်းများကိုလည်း အားရပါးရဖြင့် စိတ်လိုက် မာန်ပါဟောကြားပေးနေသည့်ပုံအား စာရေးသူအနေဖြင့် ယခုထိမြင်ယောင်ပါသေးသည်။ ထို့အပြင် ဆရာတော်မှ ပအိုဝ်းလူမျိုးအနေဖြင့် သမိုင်းမှတ်တမ်းတင်ထားမှုအားနည်းခြင်းကြောင့် တချို့သမိုင်းများသည် အထောက်အထားခိုင်လုံမှုအားနည်းနေသည်ကိုတွေ့ရှိရသည့်အပြင် အခြားလူမျိုးများ၏ဝါးမြိုခြင်းခံရသည်ကို လည်းတွေ့ရှိရပါကြောင်းဟောကြားခဲ့ပါသည်။ ထို့ကြောင့် ပအိုဝ်းလူငယ်မျိုးဆက်သစ်များအနေဖြင့် သမိုင်းဘာသာရပ်ကို စိတ်ဝင်တစားလေ့လာပြီး သမိုင်းကိုလည်း စနစ်တကျမှတ်သားထားရန်နှင့် သုတေသနပြုလုပ်ရန် လိုမည်ဖြစ်ကြောင်း သို့မှသာလျှင် မိမိတို့လူမျိုး၏သမိုင်းကို အခြေခံပြီး မိမိတို့လူမျိုး၏ အနာဂါတ်ကို ထုဆစ်ဖုံဖော်ရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ဟောကြားခဲ့ပါသည်။

ဆရာတော်ဟောကြားဆုံးမခဲ့သည့် သြဝါဒစကားကို ကြားပြီးမိမိသည်လည်း အတွေးတွေနယ်ချဲ့မိလိုက်လေသည်။ ဟိုးအရင်က "သမိုင်းအထောက်အထားများကို မှတ်တမ်းမတင်နိုင်ခဲ့လို့၊ သမိုင်းပညာရှင် သုတေသီများမရှိလို့၊ ရှိသော်ငြားလည်း အားပေးထောက်ပံ့ပေးမည့်သူမရှိလို့ တပည့်တော်တို့သမိုင်း အလိမ်ခံရ၊ ဝါးမြိုခံရတာဖြစ်နိုင်လောက်တယ်ဘုရားလို့” လျှောက်တင်လိုက်သောအခါ ဆရာတော်မှလည်း “သိပ်မှန်တာပေါ့ ဒကာလေး"။ ဒါကြောင့် အတိတ်ကသမိုင်းသုတေသီများမရှိလို့ ကရင်မျိုးနွယ်စုဖြစ်လိုက်၊ ရှမ်းမျိုးနွယ်စုဖြစ်လိုက် နဲ့ သမိုင်းဖျောက်ခံရတာလဲကြာပြီဟု ဆရာတော်မှမိန့်ကြားခဲ့ပါသေးသည်။

ဟုတ်တော့ဟုတ်သည်။ ဟုတ်ကိုဟုတ်နေသည်။ အဘယ်ကြောင့် အတန်းကျောင်း၊ တက္ကသိုလ် များတွင် သမိုင်းဘာသာရပ်ကိုလေ့လာသင်ကြားခဲ့သည့်အချိန်ကို ပြန်စဉ်းစားမိတော့ သမိုင်းဘာသာ သင်ကြား ချိန်တွင် ရာစု၊ သက္ကရာဇ်၊ ခုနှစ်၊ အေဒီ၊ ဘီစီ ---- စသည့်နှစ်ကာလများကို မှတ်ရတာနဲ့တင် အပျင်းထူ နေကြသည်။ မှတ်ရန်ခက်ခဲတော့ ကျက်ရန်ပင်ခက်ခဲသောကြောင့် အောင်မှတ်လိုချင်သော ကျောင်းသားတွေ အတွက် လေ့လာသင်ကြားရမည်ကို ကြောက်ရွံ့လာကြသည်။ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းကို စိတ်မဝင်စားရင် တောင် မိမိတို့ပအိုဝ်းလူမျိုး၏ သမိုင်းကိုတော့ အမြတ်တနိုးတန်ဖိုးထားလေ့လာပြီး မှတ်သားထားသင့်သည်။ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့်လည်း သမိုင်းဘာသာရပ်ကို ဝါသနာပါသော မျိုးဆက်သစ်လူငယ်များကို မြေတောင်မြောက်သင့်သည်။ အထောက်အပံ့ပေးပြီး လုပ်ငန်းတာဝန်ဝတ္တရားများကိုလည်း ချမှတ်ပေးသင့်သည်။ သို့မှသာလျှင် နောင်လာမည့် ပအိုဝ်းမျိုးဆက်သစ်လူငယ်များသည်လည်း နှစ်ပေါင်းများစွာ သမိုင်းဝါးမြို ခံရသည်မှ လွတ်ကင်းမည်ဖြစ်ပြီး လူများအလယ်တွင် မျက်နှာငယ်ခြင်း၊ သိမ်ငယ်ခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းနှင့် ကင်းဝေးမည်ဖြစ်ပါသည်။

ထို့ကြောင့် ပအိုဝ်းမျိုးဆက်သစ်လူငယ်များသည်လည်း သမိုင်းဝါးမြိုခြင်းခံရသည့် အတိတ်က သမိုင်းအခါးအသီးများကို သင်ခန်းစာယူ၍ ပအိုဝ်းတိုင်းရင်းသားများ၏သမိုင်းကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ်ခံယူပြီး လေ့လာရန်၊ သုတေသနလုပ်ပြီး စာအုပ်စာတမ်းများအဖြင့်ထုတ်ဝေရန်၊ စနစ်တကျထိန်းသိမ်း ထားရန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့်လည်း သမိုင်းဘာသာရပ်ကို ဝါသနာပါသော မျိုးဆက်သစ်လူငယ်များကို မြေတောင်မြောက်ခြင်း၊ အထောက်အပံ့ပေးခြင်းများပြုလုပ်ပြီး ပအိုဝ်းမျိုးဆက်သစ်သမိုင်းသုတေသီများ စဉ်ဆက်မပျက်ပေါ်ထွက်လာစေရန် ၎င်းတို့အားလုပ်ငန်းတာဝန်ဝတ္တရားများကိုလည်း ချမှတ်ပေးပြီး မြန်နိုင်သမျှ မြန်မြန် အကောင်အထည်ဖော်ရန်လိုအပ်ပါလိမ့်မည်ဟု သို့မှသာလျှင် "အတိတ်ကိုအခြေခံ ပစ္စုပ္ပန်ကို အကြောင်းပြု အနာဂါတ်ကိုရှေးရှု" ဆိုသည့်ဆိုရိုးစကားပုံအတိုင်း အတိတ်ပအိုဝ်းလူမျိုးတို့၏ သမိုင်းကို စနစ်တကျမှတ်တမ်းတင်ထားမှသာလျှင် အနာဂါတ်အစီအစဉ်များကို စနစ်တကျရေးဆွဲနိုင်မည်ဖြစ်ပြီး မိမိတို့ ပအိုဝ်းလူမျိုး၏ အန္တိမပန်းတိုင်သည်လည်း ခရီးပိုပိုနီးလာမည်ဖြစ်ကြောင်း မိမိ၏ထင်မြင်ယူဆချက်များဖြင့် ရေးသား တင်ပြလိုက်ရပါသည်။

ခွန်ယွေးယဲင်
ခမ်းစန္တာ;ဟေ့,
Powered by Blogger.