တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၁၄) ရက်
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက် နံနက်၉း၀၀နာရီအချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မြို့နယ် အဆင့်ပညာရေးစုံညီပွဲတော်ကို ဟိုပုံးမြို့၊ အထက(၁)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
အခမ်းအနားကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ ရှမ်းပြည်နယ် ပြည်နယ်ပညာရေးမှူးရုံးမှ ဒုညွှန်ကြားရေးမှူး ဦးစိန်လှိုင်နှင့် မြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်အေးအေးဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရပါသည်
ထို့နောက်အထက(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာနှင့်ပန်းဖွားအကတို့ကို ကြည့်ရှု အားပေးပြီး၊ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့်အထက်တန်းအဆင့်ကျောင်းများတို့မှ ခင်းကျင်းပြသ ထားသည့် အိမ်တွင်းမှုပြခန်း၊ သိပ္ပံပြခန်း၊ သင်ထောက်ကူပစ္စည်းပြခန်း၊ အစုအဖွဲ့ဖြင့် ဆောင်ရွက်ထားရှိသည့် အရာများ ပြခန်းတို့ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှုအားပေးကြသည်
အဆိုပါအခမ်းအနားကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင်မှ အမှာစကားပြောကြားရာတွင် "ဒီနေ့မှာ မိဘဆရာကျောင်းသားများစည်းလုံးညီညွတ်စွာနဲ့ ပညာရေးလုပ်ငန်းတွေကို စုပေါင်းဆောင်ရွက်နေတာဟာ ပညာရေးစုံညီပွဲတော် ကျင်းပရတဲ့ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နေတာဖြစ်ပြီး တစ်နှစ်တာကာလအတွင်း ကာယ၊ ဥာဏ၊ စာရိတ္တ ဘက်စုံထူးချွန်တဲ့ ကျောင်းသား/သူများ ပေါ်တွက်လာဖို့အတွက် ပြုစုပျိုးထောင်တဲ့အနေနဲ့ ဂုဏ်ပြုချီးမြှင့်ကြတာဖြစ်ကြောင်း၊ ကျောင်းသား/သူများအား စာပေသင်ကြားပေးရုံသာမက ပျော်ရွှင်စွာကျောင်းတက်နိုင်ရန်အတွက် ကျောင်းသား/သူအချင်းချင်း ပူးပေါင်းဆောင်ရွက် လိုစိတ်၊ တီထွင်ကြံဆလိုစိတ်စတဲ့ စိတ်ဓာတ်များ ဖွံ့ဖြိုးလာအောင် ပြုစုပျိုးထောင်ရမာဖြစ်ကြောင်း၊ သို့မှသာ ဒေသဖွံ့ဖြိုးရေး ၊ တိုင်းပြည်ဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်တဲ့ နိုင်ငံသားကောင်းလူငယ်လူရွယ်များ ဖြစ်လာမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပညာရေးနှီးနှောဖလှယ်ပွဲတစ်ခုမှာ "ဆရာ/မတွေရဲ့ ကျွမ်းကျင်မှုက အတော်ဆုံးကျောင်းသားတွေရဲ့အခြေအနေ မဟုတ်ဘဲ သင်ရအခက်ဆုံး ကျောင်းသားးတွေရဲ့ အခြေအနေကိုကြည့်ပြီး ဆုံးဖြတ်ရမှာ၊ တန်ဖိုးဖြတ်ရမှာ ဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေနှင့်လည်း နေ့စဉ်သင်ကြားနေ့တဲ့ သင်ခန်းစာအပေါ်မှာလည်း စဉ်းစားတွေးခေါ်နိုင်တဲ့စွမ်းရည်၊ အားကစားနဲ့ ကျောင်းလုပ်ငန်းတွေမှာလည်း ပူးပေါင်းးဆောင်ရွက်နိုင်တဲ့ စွမ်းရည်နဲ့ ပြင်ပစာပေများ ဖတ်ရှုလေ့လာတတ်တဲ့ အလေ့အကျင့်ကောင်းတွေကိုလည်း လေ့ကျင့်ပျိုးထောင်ပေးဖို့ လိုအပ်မှာဖြစ်ကြောင်း၊ ဒီကနေ့ လူ့ပတ်ဝန်းကျင်က ကျောင်းသား/သူများ အတွက် နေရာအနှံမှာ လေ့လာသင်ယူစရာများ အလွယ်တကူရှိနေပါကြောင်း" ပြောကြားပေးခဲ့ပါသည်။
ဆက်လက်ပြီးဒသဦးစီးအဖွဲ့အနေဖြင့် ဒေသအတွင်းရှိ မိဘမဲ့ဆင်းရဲနွမ်းပါးသည့် ကလေးများအတွက် ဘ၀အာမခံချက်ရှိအောင် ဆောင်ရွက်ပေးလျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်ညှိနှိုင်းပြီး ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာတို့တွင် လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းများ ဖွင့်လှစ် နိုင်ခဲ့ပြီး လာမည့်နှစ်များမှာလည်း အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြ ကျေးရွာတွင် အိမ်တွင်းမှု အသက်မွေးပညာ သင်တန်းကျောင်းကို ဖွင့်လှစ်နိုင်တော့မည် ဖြစ်ပါကြောင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ အောင်မြင်ခဲ့တဲ့ ဒေသခံ တိုင်းရင်းသားများအတွက် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများအား နိုင်ငံတော်မှ အထူးအခွင့်အရေးတစ်ရပ်အနေဖြင့် ဆေးတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စစ်ကိုင်းဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားများ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ B.Edသင်တန်းများ၊ သူနာပြုသင်တန်းများ၊ AGTI ကျောင်းစတဲ့ ကျောင်းများ တက်ရောက်ခွင့်ရရှိအောင်လည်း ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသအတွင်း ပညာရည် မြှင့်မားရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်စေရေးအတွက် တက္ကသိုလ်ဝင်တန်းအောင်ချက်မြှင့်မားရေး၊ တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသား/သူများနဲ့ ဘွဲ့ရကျောင်းသား/သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဆက်စပ်ဒေသများရဲ့ ပညာရည်ဖွံဖြိုးတိုးတက်ရေးတို့အတွက် တိုင်းရင်းသားဘာသာစကား တတ်ကျွမ်းပြီးဖြစ်တဲ့ ဒေသခံဆရာ/မများ မွေးထုတ်ပေးနိုင်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး တောင်ကြီးမြို့ရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် လုပ်ငန်းအခွင်ကြို ဆရာအတတ်သင် ဒီပလိုမာ (၂)နှစ်သင်တန်းကျောင်းကြီးကို (၆.၁.၂၀၁၆)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်လျှင် ကျောင်းသား/သူများ (၁၁၅)ဦး တက်ရောက်ခွင့်ရရှိပြီး ယခုနှစ်ပါ ဆိုလျှင် သုံးကြိမ်ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် ဒေသခံ ဆရာ/မများ (၃၀၀)ကျော် မွေးထုတ်နိုင်တော့မှာ ဖြစ်ကြောင်း၊ မိဘများ အနေဖြင့်လည်း သားသမီးများ ပညာရေးအတွက် ဆရာ/မများနဲ့ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ကျောင်းတက်မှန်ရေး၊ ကျောင်းထွက်သူ လုံးဝမရှိစေရေးနှင့် အလယ်တန်းအထက်တန်းအဆင့်များသို့ အဆင့်ဆင့်ပညာသင်ယူနိုင်ရေးကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ သားသမီးများရဲ့ တီထွင်ကြံဆမှု၊ စဉ်းစားတေ
စဉ်းစားတွေးခေါ်မှုတို့ကို ဖြည့်ဆည်းပေးရမှာ ဖြစ်ကြောင်း၊ လူမှုရေးစိတ်ဓာတ်များ ပြည့်ဝလာစေနိုင်းရန်နှင့်သန့်ရှင်းရေးလုပ်ငန်းများနှင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း၊ မိဘများအနေနဲ့ တိုက်တွန်းအားပေးရုံသာမက မိမိကိုယ်တိုင်လည်း မိဘဆရာအသင်း၊ ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများမှာ စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်ကြဖို့ မှာကြားလိုကြောင်း ဆက်လက်ပြောကြားပေးခဲ့ပါသည်။
ထို့နောက် ရှမ်းပြည်နယ်၊ ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်လှိုင်မှ အမှာစကားပြောကြားခြင်းနှင့် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်အေးအေးဝင်းမှ ကျေးဇူးတင်အမှာစကားများပြောကြားပေးခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ပြီး အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများတို့က ကပြဖျော်ဖြေခြင်း၊ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ပြိုင်ပွဲများ တွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသည့် ကျောင်းသား/သူများအားဆုချီးမြှင့်ခြင်း၊ အောင်ချက်အကောင်းဆုံးရ (အ.ထ.က ကျောက်တန်း) ကျောင်း နှင့် ဒုတိယအောင်ချက်အကောင်းဆုံးရ(အ.ထ.က စငေါ) ကျောင်းအား ဆုချီးမြှင့်ခြင်းတို့ ပြုလုပ်ခဲ့ပြီး တက်ရောက်လာသည့် ဧည့်သည်တော်များတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းနှ်င့် ဆက်လက်ပြီး ရိုးရာအကများဖြင့် ကပြဖျော်ဖြေသွားခဲ့ကြကြောင်း သိရပါသည်။
ထိုအခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင်၊ ဟိုပုံးမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ ရှမ်းပြည်နယ် ပြည်နယ်ပညာရေးမှူးရုံးမှ ဒုညွှန်ကြားရေးမှူး ဦးစိန်လှိုင်၊ မြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်အေးအေးဝင်းနှင့် ဟိုပုံးမြို့နယ် အတွင်းရှိ ကျောင်းပေါင်းစုံမှ ကျောင်းသား/သူများ ဆရာ/မများနှင့်ဖိတ်ကြားထားသော ဧည့်သည်တောများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
နမ်းခမ်းဗွေ
Like On Facebook
Follow On Twitter
Subscribe On RSS