Friday, March 29, 2019

ဒို့ပအိုဝ်း

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၉)ရက်


ဒို့ပအိုဝ်းလူမျိုးသည် ငြိမ်းချမ်းစွာနေထိုင်ခြင်းကိုအလေးထားမြတ်နိုးသည့်လူမျိုးတစ်မျိုးပင်ဖြစ်သည်။ အချင်းချင်းဖြစ်စေ၊ အခြားသောညီနောင်တိုင်းရင်းသားများနှင့်ဖြစ်စေအကြောင်းအမျိုးမျိုးကြောင့် ပြဿာ  နာတစ်စုံတစ်ခုဖြစ်ပေါ်လာပါကအများအားဖြင့် အလျော့ပေးတတ်ပေသည်။ ပြဿာ နာများအတွက် ဖြေရှင်းရာတွင်လည်း နှစ်ဦးနှစ်ဖက် မနစ်နာစေလိုသောစိတ်ဆန္ဒဖြစ် ညှိနှိုင်းဆုံးဖြတ်တတ်ကြပေသည်။ တရားရုံး၏ တရားခွင်အဖြစ် အဆုံးအဖြတ်ပေးရမည့် ပြဿာ နာမျိုးကိုအများအားဖြင့် ရှောင်ခြားကြပေသည်။ အခြေအတင်ဆွေးနွေးရမည့် ပြဿာနာများ၊ ကိစ္စရပ်များကိုကြိုက်နှစ်သက်ခြင်းမရှိပေ။ ငြင်းခုံပြောဆိုခြင်းကိုမကြိုက်မနှစ်သက်သောလူမျိုးပင်ဖြစ်သည်။ တစ်နည်းအားဖြင့် အလွန်အနေအေးသောလူမျိုးပင်ဖြစ်သည်။

ထို့အပြင် မိမိတို့ပအိုဝ်းလူမျိုးများသည် စည်းလုံးမှုအားကောင်းပြီးရိုင်းပင်းကူညီတတ်သည့် လူမျိုးဖြစ်သည်။ ယနေ့တွင် ပအိုဝ်းလူမျိုးတို့အများစု နေထိုင်ရာအရပ်ဒေသသည် ငြိမ်းချမ်းပြီးလွတ်လပ်လွယ်ကူစွာသွားလာလုပ်ကိုင်စားသောက်နေနိုင်သည်မှာအမှန်ပင်ဖြစ်သည်။ တစ်ဖက်တွင်လည်းကမ္ဘာသည်ရွာလေးတစ်ရွာအလားသတ်မှတ် ကြလေသည်။ ဤသို့ဖြင့် မိမိတို့ပအိုဝ်းလူမျိုးများ နေထိုင်ရာအရပ်သည်လည်းလူမျိုးပေါင်းစုံလာရောက်နေထိုင်ကြသည်မှာအများသူငါ အသိပင်ဖြစ်ပေသည်။ ထိုသို့ လာရောက်နေထိုင်ခြင်းကြောင့် အမျိုးမျိုးသောစိန်ခေါ်မှုများရှိလေသည်မှာမှန်ပေသည်။ ပအိုဝ်းလူမျိုးတို့သည် ဧည့်သည်များကို နွေးထွေးပျူငှာစွာဦးစားပေးဆက်ဆံတတ်ကြသည့်အတွက် လာရောက်နေထိုင်သူမည်သည့်တိုင်းရင်းသားမျိုးနွယ်စုမဆိုကျောသားရင်သားမခွဲခြားကာအတူယှဉ်တွဲနေထိုင်ကြလေသည်။ ဤကဲ့သို့ ခေတ်စနစ်များပြောင်းနေသည့် ကာလတစ်ခုတွင် မိမိတို့ပအိုဝ်းလူမျိုးများအနေဖြင့် မိမိတို့တွင် ရှိနှင့်ပြီးသောရိုးရာယဉ်ကျေးမှုများ၊ ကျေးရွာရပ်ရွာများ၏ ဓလေ့ထုံးတမ်းများကိုပပျောက်မှုမရှိအောင် ထိန်းသိမ်းတတ်ရန်လိုအပ်လှပေသည်။

အများစုသော မိမိတို့ပအိုဝ်းလူမျိုးနေထိုင်ရာ ရပ်ရွာတို့သည် လက်လွတ်စပယ် တည်ထားခြင်းမဟုတ်ပေ။ နှစ်၊ လ၊ ရက်မြတ်တို့သာမကအချိန်ကောင်းအခါကောင်းကိုရွေးချယ်ပြီး သံဃာသြ၀ါဒခံယူကာ ကျေးရွာ၊ ရပ်ရွာများကိုကင်းပွန်းတပ်တည်ထားခဲ့ကြသည်။ ထို့ကြောင့် မိမိတို့ပအိုဝ်းကျေးရွာတိုင်းသည် သူ့သမိုင်းနှင့်သူ သူ့ရာဇ၀င်နှင့်သူရှိခဲ့ကြလေသည်။ ရပ်ရွာအမည်နာမကိုလည်းအကြောင်းရင်းတစ်ခုခုကြောင့် မှည့်ခေါ်တတ်ကြပေသည်။ အကြောင်းမဲ့သက်သက် မှည့်ခေါ်ခြင်းမျိုးမရှိခဲ့ပေ။ ထို့ကြောင့် မိမိတို့ဘိုးဘွားမှ အထက်ဖော်ပြပါအချက်များနှင့်အညီတည်ထားခဲ့သောမိမိတို့ရပ်ရွာများကိုတန်ဖိုးထားစေလိုပါသည်။ ဆက်လက်၍လည်းတည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းရန် တာဝန်ကိုယ်စီရှိကြလေသည်။

မိမိတို့ပအိုဝ်းလူမျိုးများ၏ ကျေးရွာ၊ ရပ်ရွာများ၏ အုပ်ချုပ်မှုသည်လည်းဒီမိုကရေစီစံနှုန်းဖြင့် အကြီးအကဲများကို တာဝန်ပေးအပ်လေ့ရှိသည်မှာ ယနေ့တိုင်ဖြစ်ပေသည်။ ကျေးရွာကိုဦးစီးဦးဆောင် စီမံခန့်ခွဲအုပ်ချုပ်မည့် ကျေးရွာသူကြီးကိုရပ်ရွာသူ/သားများ၏ သဘောဆန္ဒများဖြင့်သာတင်မြှောက်လေ့ရှိကြသည်။ ကျေးရွာတိုင်း၏ ကျေးရွာသူကြီးသည်လည်း ၁နှစ်(သို့)၂နှစ်တစ်ခါ ပြောင်းလဲပြီး တာဝန်များကို ထမ်းဆောင်တတ်ကြပေသည်။ ကျေးရွာတိုင်းတွင်ရှိရမည့် စည်းကမ်းချက်များသည် ကျေးရွာတစ်ရွာနှင့်တစ်ရွာမတူညီနိုင်ပေ။ ထိုစည်းကမ်းချက်များကိုတစ်ဦးတစ်ယောက်မှရေးဆွဲခြင်းမျိုးမရှိပေ။ ကျေးရွာသူ/သားများ၏ လိုက်နာဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကိုဦးစားပေးပြီးကျေးရွာနှင့်ကိုက်ညီသည့်စည်းကမ်းချက်များကိုစုပေါင်းကာရေးဆွဲတတ်ကြပေသည်။ ကျေးရွာစည်းကမ်းချက်အတိုင်းလိုက်နာကျင့်သုံးခြင်းမရှိသူများကိုကျေးရွာသူကြီးနှင့် ကျေးရွာသူ/သားများမှ ထိုသူများကိုထိုက်သင့်သောအပြစ်များကိုပေးလေ့ရှိကြသည်။ ပြစ်ဒဏ်အများစုသည် နှစ်ဦးနှစ်ဖက်အဆင်ပြေစေသည့် အလုပ်ပေးသည့်ဒဏ်ကိုအသုံးပြုလေ့ရှိသည်။ ဥပမာအားဖြင့် ကျေးရွာတွင်းလမ်းခင်းခြင်းလုပ်ငန်းများလုပ်ဆောင်စေခြင်းမျိုးပင်ဖြစ်ပေသည်။ ဤကဲ့သို့ လုပ်ဆောင်ခြင်းသည် မိမိတို့ပအိုဝ်းလူမျိုးတို့၏ ကိုယ့်ကြမ္မာကိုယ်ပြန်ဖန်တီးမည်ဆိုသည့် စိတ်ခံစားချက်ပင်ဖြစ်ပေသည်။ ထို့ကြောင့် မိမိတို့၏ရှိနှင့်ပြီးသောအုပ်ချုပ်မှုယန္တာရားများကိုလည်းယနေ့လူငယ်များအနေဖြင့် ဆက်လက်ထိန်းသိမ်းကျင့်သုံးရန် လိုအပ်လှပေသည်။

မိမိတို့၏ ကျေးရွာ၊ ကျေးရွာအုပ်စု(အွိုင်း)၊ မြို့နယ်အဆင့်ထိရှိနှင့်နေပြီးသော မိမိတို့ဓလေ့ထုံးတမ်းအရအုပ်ချုပ်မှုစနစ်နှင့် မိမိတို့ကိုယ်ပိုင် လုပ်နိုင်စွမ်း၊ လုပ်ပိုင်ခွင့် စသည့်အခွင့်အရေးများအားလုံးကိုဆက်လက်ရှင်သန်စေရန် ထိန်းသိမ်းရပေမည်။ သက်တမ်းကာလတစ်ခုအတွက် မိမိတို့ပအိုဝ်းလူမျိုးများအတွက် ကျေးရွာမှ မြို့နယ်အထိ တာဝန်ထမ်းဆောင်နေသော တာဝန်ရှိပုဂ္ဂိုလ်များသည် အမြဲထာဝရ တာဝန်ထမ်းဆောင်ပေးနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လက်ရှိမျိုးဆက်သစ်လူငယ်များမှ လက်ဆင့်ကမ်းပခုံးလွှဲ တာဝန်ထမ်းဆောင်မှသာလျှင် ဆက်လက်ရှင်သန်နေမည်ဖြစ်ပါသည်။

ခေတ်စနစ်များမည်သို့ပင်ပြောင်းလဲစေကာမူ မိမိတို့ပအိုဝ်းလူမျိုးအနေဖြင့် မိမိတို့နှင့် သက်ဆိုင်ရာဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှုများ၊ အုပ်ချုပ်မှုစနစ်များကိုအမြဲထာဝရ ရှင်သန်နေနိုင်အောင် ထိန်သိမ်းရပေမည်။ ခေတ်စနစ်များပြောင်းလဲခြင်းကြောင့် မိမိတို့၏ ရှိနှင့်ပြီးသောယဉ်ကျေးမှုဓလေ့ထုံးတမ်းများအုပ်ချုပ်မှုစနစ်များပျောက်ကွယ်သွားမည်ဆိုပါကမိမိတို့ဘိုးဘွားများခေါင်းဆောင်များဆောင်ရွက်ခဲ့သည့် အရာ ၄င်းတို့ရင်းနှီးခဲ့သည်များကိုတန်ဖိုးမထားရာရောက်ပေမည်။ ထို့ကြောင့် မျိုးဆက်သစ်ခေတ်ပညာတတ် လူငယ်မောင်မယ်များမှ လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ရန် မိမိတို့ ပအိုဝ်းအမျိုးသားအရေးသည် မိမိတို့အရေးသည်သာ ဖြစ်ကြောင်းကိုစည်ဆက်မပျက်စိတ်နှလုံးသွင်းနိုင်ကြပါစေကြောင်းရေးသားတင်ပြအပ်ပါသည်။

ခွန်အောင်;နွောင်,
Powered by Blogger.