Monday, April 1, 2019

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မြောက်ထီဗွာကျေးရွာအုပ်စု၊ လယ်ကြားကျေးရွာတွင် ဆရာဒါကာပူးပေါင်း၍ ကိုယ်ထူကိုယ်ထဖြင့် ပြုလုပ်ပြီးစီးသော လမ်းတံတားကို ဖွင့်ပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁)ရက်







၂၀၁၉-ခုနှစ်၊ မတ်လ(၃၁)ရက်၊ နံနက်(၁၀)နာရီအချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မြောက်ထီဗွာကျေးရွာအုပ်စု၊ လယ်ကြားကျေးရွာတွင် ဆရာဒါကာပူးပေါင်း၍ တည်ဆောက်ပြီးစီးပြီဖြစ်သော စာသင်ကျောင်းနှင့် ကျေးရွာအကြားဆက်သွယ်ထားသည့် ကိုယ်ထူကိုထ လမ်းတံတားဖွင့်ပွဲကို ပြုလုပ်ခဲ့ကြောင်းသိရပါသည်။

ဖွင့်ပွဲမစတင်မှီ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးဥက္ကဋ္ဌဖြားခွန်စံလွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြားခွန်သိန်းဖေ၊ ဟိုပုံးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ကျော်၊ ပင်လောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်သောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်လှဆန်းနှင့် ဖြားခွန်စောအောင်နှင့်တကွ ပင်လောင်းမြို့နယ်အတွင်းရှိဌာနဆိုင်ရာ အကြီးအကဲများမှ ရွာအ၀င်လမ်းတံတားအဟောင်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရပါသည်။

ထို့နောက် လမ်းတံတားဖွင့်ပွဲကို လယ်ကြားကျေးရွာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ၀ါယာမ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးဥက္ကဋ္ဌဖြားခွန်စံလွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်သောင်းနှင့် ပင်လောင်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရပါသည်။

အဆိုပါလမ်းတံတားများမှာ အရှည်(၁၇၆၀)ပေရှည်လျားသည့်လမ်း၊ အကျယ် (၁၅)ပေ၊ ကွန်ကရစ်တံတား(၄)စင်း၊ ကွန်ကရစ်ရေပြွှန်တံတား(၂)စင်း၊ ကုန်ကျငွေ(၈၀၆၄၃၀၀)ကျပ်ဖြင့် ၂၀၁၉-ခုနှစ်၊ ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် စတင်အကောင်အထည်ဖော်ကာ ၂၀၁၉-ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် ပြီးစီးဆောက်လုပ်နိုင်ခဲ့ပါသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မြောက်ထီဗွာကျေးရွာအုပ်စု၊ လယ်ကြားကျေးရွာသည် အိမ်ခြေ(၁၄၀)အိမ်၊ လူဦးရေ(၇၀၀)ရှိပြီး အခြေခံပညာမူလတန်းလွန်ကျောင်း(၁)ကျောင်း၊ ကျောင်းသား/သူ (၁၀၀)ဦးခန့်တက်ရောက်ပညာသင်ကြားနေပါသည်။ ထိုသို့ ကျောင်းသား/သူများမှာ စာသင်ကျောင်းသို့ သွားရာလမ်းပေါ်တွင် လယ်ကွင်းများဖြတ်သွားရခြင်း၊ လမ်းများကျဉ်မြောင်းခြင်း၊ မိုးရာသီ၌ ချောင်းများရေကြီးရေလျှံမှုများကြောင့် မိုးရွာသည့်ရက်အပေါ်မူတည်ကာ စာသင်ကျောင်းကို ပိတ်ထားရခြင်း၊ ထိုသို့စာသင်ကျောင်းပိတ်ရသည့်အခါ ကျောင်းသား/သူများအနေဖြင့် စာများနောက်ကျရခြင်း ပညာရေးအပိုင်းကို ထိခိုက်စေခြင်း၊ ခြေလျင်ဖြင့် ကျောင်းသွားနေရသော ကျောင်းသား/သူများအတွက် အန္တရာယ်များရှိခြင်း မိဘများလည်းစိုးရိမ်သောက ရောက်ရခြင်းသည်သာမက အခါကြီးရက်ကြီးများတွင် ဥပုပ်သည်များ ရွာသူရွာသားများဘုန်းတော်ကြီးကျောင်းတက်ရာ၌လည်း လမ်းကျဉ်းမြောင်းမှုများကြောင့် သွားလာရာတွင်အခက်အခဲရှိသည့်အပြင် လမ်းဧရိယာနှင့် ကပ်လျက်ရှိသည့် စိုက်ပျိုးတောင်သူများအတွက်လည်း လယ်ကွင်းအထိ မော်တော်ကားများမရောက်ခြင်း စသည့် အခက်အခဲပေါင်းများစွာကို ခံစားရသည့်အတွက် ယခုလို ဆရာတော်နှင့် ဒါကာများပူးပေါင်း၍ လမ်းတံတားကို ဆောက်လုပ်ရခြင်းဖြစ်ကြောင်း’ ဒေသခံတစ်ဦးဖြစ်သော ခွန်ဇော်သိန်းက ပြောကြားခဲ့ပါသည်။

နင်;ကောဝ်;အေင်,ခေး
Powered by Blogger.