Friday, March 8, 2019

ပါတီနိုင်ငံရေးနှင့်အမျိုးသားရေးနိုင်ငံရေး

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မတ်လ (၈)ရက်

Photo-Credit

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးသည် ဤနိုင်ငံတွင် မှီတင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုး (၁၃၅)မျိုးနှင့် သက် ဆိုင်သည်။ ဤနိုင်ငံတော် ရေရှည်တည်တံ့ဖို့သည် နိုင်ငံတော်ကိုအုပ်ချုပ်ပြီး မင်းလုပ်နေသောအစိုးရအဖွဲ့၏ အုပ်ချုပ်ရေးယန္တရားမူဝါဒများ ကောင်းမွန်ဖို့လိုအပ်သကဲ့သို့ အရည်အချင်းပြည့်မီသောလူတော်လူကောင်းများကိုမွေးထုတ်ပြီးနေရာပေးဖို့ကိစ္စသည်လည်းအလွန်အရေးကြီးပါသည်။

တိုင်းသူပြည်သားများ စားဝတ်နေရေး သက်သာချောင်ချိရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးစသည့်ကိစ္စရပ်များကိုဖြေရှင်းပေးနိုင်သော နိုင်ငံတော်အုပ်ချုပ်ရေးသမားကောင်းပေါ်ထွန်းလာစေရန်အတွက် လက်ရှိမြန်မာနိုင်ငံ တရားဝင်နိုင်ငံရေးပါတီပေါင်း(၉၀)ကျော်မှတ်ပုံတင်ထားသည်ကိုလေ့လာတွေ့ရှိရပြီး ၎င်းအရေအတွက်ထက် ပိုလည်းပိုလာနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေပါတီတိုင်းကိုင်ဆောင်ထားသည့် ပါတီမူဝါဒ ပါတီလမ်းစဉ်နှင့် နိုင်ငံရေးဆောင်ပုဒ်များသည် မျက်လှည့်ဆရာများကဲ့သို့ တိုင်းသူပြည်သားများကိုလိမ်ညာဟန်ဆောင်မှုမူကိုမဆွဲကိုင်ပဲအမှန်တကယ်နိုင်ငံတော်နှင့် နိုင်ငံသားများဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်စွန့်ကြိုးပမ်းနိုင်သည့် ခေါင်းဆောင်ကောင်းများပေါ်ထွက်လာဖို့ အလွန်လိုအပ်နေပြီဖြစ်သည်။

နိုင်ငံတော်အစိုးရလုပ်ဆောင်နေသည့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများရာနှုန်းပြည့် အောင်မြင်စေရန် တိုင်းသူပြည်သားများအားလုံး လက်တွဲပါဝင်ကြရန်အစိုးရတိုင်းလိုလိုတိုက်တွန်းထားသကဲ့သို့တစ်ဖက်လှည့်အနေဖြင့် တိုင်းသူပြည်သားများတစ်ဦးချင်းစီလိုအပ်နေသည့်နိုင်ငံရေးအရည်အချင်းနှင့် နိုင်ငံရေးနည်းပညာများကို နိုင်ငံတော်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်များက ပြည်နယ်၊ တိုင်းဒေသကြီး၊ မြို့နယ်အလိုက် ရေတို၊ ရေလတ်၊ ရေရှည် စီမံချက်ဖြင့် နိုင်ငံရေးသင်တန်းကျောင်းများကိုဖွင့်လှစ်ပေးနိုင်ပါရန်လည်း တိုင်းသူပြည်သားများကိုယ်စား စာရေးသူအနေဖြင့် အကြံပြုလိုပါသည်။

နိုင်ငံတကာတွင် ဖွံ့ဖြိုးတိုးတက်ပြီးသော နိုင်ငံတော်တော်များများသည် မည်သည့်ပါတီကပဲနိုင်နိုင် ဘယ်အဖွဲ့ကအစိုးရဖြစ်ဖြစ် ဥပဒေကဲ့သို့ ရှိနှင်းနေပြီးသော နိုင်ငံတော်မူဝါဒဖြင့် အုပ်ချုပ်နေမှုကြောင့် နိုင်ငံတော်၏ စီးပွားရေးကုန်သွယ်ရေးကအစ တိုးတက်မြဲတိုးတက်နေသည်မှာ လူကြောင့်မဟုတ်ပဲ မူကြောင့်ဖြစ်သည်။ ပါတီနိုင်ငံရေးသမားတိုင်းကစံနမူနာယူထိုက်သည့်နိုင်ငံတကာ၏ ပေါ်လစီပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် နေထိုင်သည့် လူနည်းစုတိုင်းရင်းသားများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံရေးပါတီမှတစ်ဆင့် နိုင်ငံတော်အာဏာကိုရယူပြီးမိမိတို့ကိုယ်ပိုင် အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင်လုပ်ဆောင်ရန်အတွက် လူနည်းစုပါတီအနေဖြင့် မဖြစ်နိုင်သောအိမ်မက်ကြီးပင်ဖြစ်ပေသည်။ သို့သော်ငြားလည်း အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို နှစ်သက်မြတ်နိုးသည့် တိုင်းရင်းသားလူမျိုးတိုင်းသည် ပါတီနိုင်ငံရေးအစားအမျိုးသားနိုင်ငံရေးကို အကောင်အထည်ဖော်ဆောင်ရမည်ဖြစ်သည်။

သက်သေသာဓကအနေဖြင့် မြန်မာနိုင်ငံတွင် ကျင်းပပြီးခဲ့သည့် ရွေးကောက်များမှာ ၁၉၂၂-ခုနှစ်၊ အင်္ဂလိပ်လက်ထက် ပထမဆုံးခေတ်သစ်ရွေးကောက်ပွဲကျင်းပရာ ဥပဒေပြုကောင်စီမှာရွေးကောက်တင်မြှောက်ထားသူ ၈၀ နဲ့ ဗြိတိသျှအာဏာပိုင်တွေကခန့်အပ် ၅၀ ခန့်ရှိပြီးဦးဘဖေခေါင်းဆောင်တဲ့ ပါတီကအမတ်နေရာ(၅၈)နေရာမှာ(၂၈)နေရာရပြီး ရွေးကောက်တင်မြှောက်ထားသူ(၈၀)မှာ ဦးဘဖေပါတီကအမတ်အများဆုံးအနိုင်ရပေမယ့် အစိုးရဖွဲ့ဖို့ ရာခိုင်နှုန်းမပြည့် အစိုးရမဖွဲ့ပဲ အင်္ဂလိပ်အစိုးရမျက်နှာသာပေးတဲ့ပါတီကအစိုးရဖြစ်သွားခဲ့သည်။

၁၉၂၆-ခုနှစ် နှစ်ဦးနှစ်ဖက် ပူးတွဲအုပ်ချုပ်ရေး၊ (သို့) ဒိုင်အာခီအုပ်ချုပ်ရေးဆိုပေမယ့် အင်္ဂလိပ်အစိုးရကသာအမှန်တစ်ကယ်အာဏာရှိသည့် စနစ်ဖြစ်ခဲ့သည်။ ၁၉၂၈-ခုနှစ်၊ အထွေထွေရွေးကောက်ပွဲမှာလည်း ဗြိတိန်လိုလားသည့်ပါတီကသာအစိုးရဖွဲ့နိုင်ခဲ့သည်။ လူနည်းစုတိုင်းရင်းသားများအနေဖြင့် ရွေးကောက်ပွဲရှိခဲ့မှန်းတောင်မသိရှိခဲ့ပဲ အမျိုးသားနိုင်ငံရေးအသွင်ဖြင့်သာယောင်ယောင်ဝါးဝါး ရပ်တည်နေခဲ့ကြသည်။ ၁၉၃၆-ခုနှစ်၊ မြန်မာနိုင်ငံ၏ ပထမဆုံးဖွဲ့စည်းပုံအခြေခံဥပဒေဟုဆိုသည့်(၁၉၃၅-ခုနှစ်၊ မြန်မာနိုင်ငံတော် အစိုးရအက်ဥပဒေ) အောက်တွင်ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲဖြစ်ပြီးဒေါက်တာဘမော်က မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာသော်လည်း ၀န်ကြီးချုပ်အထက်တွင် အင်္ဂလိပ်ဘုရင်ရှိနေခဲ့သည်။

လူသိများသည့် ၁၉၄၇- အခြေခံဥပဒေကို အင်္ဂလိပ်အုပ်ချုပ်မှုအောက်ကနေ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော လွတ်လပ်ရေးခေါင်းဆောင်များကရေးဆွဲခဲ့ပြီး ရွေးကောက်ပွဲ ပြုလုပ်ခဲ့ရာဖဆပလ(ဖက်ဆစ်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်ကအနိုင်ရခဲ့၍ ဦးနုကနိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ၎င်းရွေးကောက်ပွဲတွင် ဖဆပလ၊ ဗကပ၊ ကရင်လူငယ်အစည်းအရုံး၊ လွတ်လပ်သောကရင်၊ Anglo Burmese Indipendint တို့က၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

၁၉၅၁-ရွေးကောက်ပွဲတွင်ဖဆပလ ၀န်ကြီးချုပ်ဦးနုပင် ဖြစ်လာခဲ့သည်။ ၁၉၅၆-ခုနှစ်၊ ရွေးကောက်ပွဲတွင် ဖဆပလကသာအနိုင်ရရှိခဲ့ပြီး ဦးဘဆွေ ၀န်ကြီးချုပ်ဖြစ်လာခဲ့သည်။ ၁၉၆၀-ခုနှစ်၊ ရွေးကောက်ပွဲပြန်ကျင်းပရာတွင် ဖဆပလကနေကွဲထားသည့် ဦးကျော်ငြိမ်းနဲ့ ဦးဘဆွေ ဦးဆောင်သည့် တည်မြဲဖဆပလနဲ့ ဦးနုဦးဆောင်သည့် သန့်ရှင်းဖဆပလတို့ ၀င်ရောက်ယှဉ်ပြိုင်ရာ ဦးနုဝန်ကြီးချုပ် ပြန်လည်ဖြစ်လာခဲ့သည်။ ၁၉၆၂-ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတစ်ခုတည်းတည်ရှိခွင့်ပြုခဲ့သည်။

၁၉၇၃-ခုနှစ်၊ ဒီဇင်ဘာလတွင် ဆိုရှယ်လစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုပြီး ၁၉၇၄-ခုနှစ် ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည်။ ၁၉၇၄-၁၉၇၈-၁၉၈၅- ခုနှစ်များမှ ရွေးကောက်ပွဲသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကသာအာဏာရရှိခဲ့သည်။ ၁၉၉၀- ရွေးကောက်ပွဲတွင် NLD ပါတီကအနိုင်ရရှိခဲ့ပြီး NLD-NUP-SNLD-RDL တိုင်းရင်းသားပါတီ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

၂၀၁၀-ခုနှစ်၊ နိုဝင်ဘာလတွင် ၂၀၀၈-ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီအထွေထွေရွေးကောက်ပွဲကျင်းပခဲ့ပြီးပါတီပေါင်း ၃၇ ပါတီက ၀င်ရောက်ယှဉ်ပြိုင်ကာ USDP-က အနိုင်ရရှိခဲ့သည်။ ၂၀၁၂-ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅-အထွေထွေရွေးကောက်ပွဲတွင် NLD- အများဆုံးအနိုင်ရရှိခဲ့ပါသည်။

ကျင်းပပြီးခဲ့သည့် ရွေးကောက်ပွဲများကို ပြန်လည်သုံးသပ်ရလျှင် လူနည်းစုတိုင်းရင်းသားများပါတီအနေဖြင့် မိမိတို့အခွင့်အရေးများကို ပါတီနိုင်ငံရေးထက် အမျိုးသားနိုင်ငံရေးဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှသာ မိမိတို့ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးကို မြှင့်တင်နိုင်မည်ဖြစ်သည်။

နိုင်ငံတော်ကတည်ဆဲဥပဒေဖြင့် တိုင်းရင်းသားလူနည်းစုအခွင့်အရေးများကိုပေးထားသော်လည်း မိမိတို့ကအချင်းချင်းစိတ်ဝမ်းကွဲပြားမှုများခြင်း၊ အချင်းချင်းစည်းလုံးမှုမရှိပဲပါတီကွဲများပြားလာခြင်းတို့ကြောင့် ရသင့်ရထိုက်သည့် အခွင့်အရေးများမရရှိပဲ လက်လွတ်ဆုံးရှုံးကြရသည်။

သို့ဖြစ်ပါ၍ သမိုင်းကသင်ခန်းစာများကိုရယူပြီး အမျိုးသားစိတ်ဓါတ်ဖြင့် ပါတီ၊ အဖွဲ့အစည်းမည်မျှပင် များပြားစေကာမူ တစ်မျိုးသားလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားနိုင်ငံရေးကို တိုင်းရင်းသားလူနည်းစုတိုင်း ထိန်းသိမ်းကာကွယ်သွားကြရမည်ဖြစ်ကြောင်း တင်ပြရင်းအဆုံးသတ်လိုက်ရပါသည်။

ခမ်းလေမော်
Powered by Blogger.