Thursday, April 11, 2019

သင်္ကြန်ကာလပအိုဝ်းဒေသ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၁)ရက်

Photo - Credit

မြန်မာ့ရိုးရာ သင်္ကြန်အတာကာလသည် ရှေးခေတ်ကပင် တည်ရှိသော ရိုးရာယဉ်ကျေးမှု တစ်ရပ်ပင်ဖြစ်သည်။ မြန်မာတို့ဓလေ့ ထုံးတမ်းအစဉ်လာအရ နှစ်ဟောင်းကုန်၍ နှစ်သစ်အကူး နွေးဦးကာလလည်းဖြစ်သည်။ ထိုနှစ်သစ်ကူးကာလအတွင်း နှစ်ဟောင်းတွင် မိမိတို့ပြုခဲ့ဖူးသမျှ လူမှုကိစ္စအ၀၀ကို ပြန်လည်ဆန်းစစ်ခြင်း၊မိမိကြိုးစားအားထုတ်ခဲ့သည့် စီးပွားရေးလုပ်ငန်းများကို သင်္ခန်းစာယူ တိုင်းတာခြင်း၊ အရှုံးအမြတ်ရေတွက်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ကြသကဲ့သို့ တစ်ဖက်တွင် တစ်နှစ်ပတ်လုံးပင်ပန်းခဲ့သမျှ အနားယူသည့် ကာလဟုလည်း ဆိုနိုင်ပါသည်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ကိုးကွယ်ယုံကြည်မှုအရဖြစ်စေ၊မြန်မာတို့၏ ထုံးတမ်းအစဉ်အလာအရဖြစ်စေ နှစ်ဟောင်းတွင် ကျေးဇူးရှင်မိဘနှစ်ပါး နှင့် ဆရာသမားများ၊ မိတ်ဆွေသင်္ဂဟများအပေါ်တွင် ဒေါသစိတ်၊ အာဃတစိတ်တို့ဖြင့် မထင်မှတ်ပဲ ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့် ပြစ်မှားခဲ့ဖူးသည်ကို ပြန်လည်တောင်းပန်သောအားဖြင့် နှစ်ဟောင်းအကုန် နှစ်သစ်အကူးကာလ အခါကြီး ရက်ကြီးဖြစ်သည့် တန်ခူးလ၀ယ်လူကြီးမိဘများကို လိုက်လံကန်တော့ကြရလေသည်။ တစ်နည်းဆိုရသော် နှစ်သစ်ကာလတွင် လုပ်ငန်းကိစ္စအ၀၀ကို အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အလှူအတန်း ပြုလုပ်ကြခြင်းလည်းဆိုနိုင်သည်။

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် (၁၃၅)မျိုးသော တိုင်းရင်းသားလူမျိုးများ၏ နှစ်သစ်ကာလတွင် ကျင်းပကြသည့် ပွဲတော်များ လူမျိုးတစ်မျိုး၏ထုံးတမ်းအစဉ်အလာများ၊ လုပ်ငန်းဆောင်တာများ၊ ရိုးရာယဉ်ကျေးမှုများ တူညီကြမည်မဟုတ်ပေ မတူညီပါသော်လည်း တစ်ဦးနှင့်တစ်ဦး အားပေးကြရမည်။ လေးစားတန်ဖိုးထားရမည်ဖြစ်သည်။

သို့ပါသော်လည်း ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုကို အနည်းအကျဉ်းမျှ တင်ပြရလျှင် ပအိုဝ်းကျေးရွာများသည် ကျောင်းတက်ဘုရားသွား အလှူပွဲအတွက်ဖြစ်စေ။ရပ်နီးရပ်ဝေး မှရောက်လာကြသည့် ဧည့်သည်များအား ကျွေးမွေးရန်တွက်ဖြစ်စေ အိမ်တိုင်း၊ ရွာတိုင်းတွင်ရာသီစာဖြစ်သည့် (တခိုးသွဉ်ခေါ်) မုန့်ဆီကြော်ကို ရိုးရာယဉ်ကျေးမှုတစ်ရပ်အဖြစ်လုပ်ကြသည်။ အချို့ ကျေးရွာများတွင် (တခိုးသွဉ်အစား) မုန့်ဖက်ထုတ်လုပ်စား သူများလည်း ရှိကြသည်။

ထိုမုန့်ဆီကြော်ကို တစ်ဦးချင်းစီ ပြုလုပ်ခြင်းများရှိသကဲ့သို့ နှစ်အိမ်သုံးအိမ် စုပေါင်းပြီး ပြုလုပ်သူများလည်းရှိကြသည်။၎င်းမုန့်ဆီကြော်ကို ကြံသကာခဲ အကျိုရည်နှင့် ကြေညက်နေအောင် ထောင်းထားသည့် ဆန်မုန့်တို့ဖြင့် ရောနှယ်ပြီး ဒယ်အိုးပြားကြီးပေါ်တွင် ကြော်လှော်ရသည်။

၎င်းတခိုးသွဉ်ခေါ် မုန့်ဆီကြော်တို့ဖြင့် သက်ကြီးရွယ်အိုများအား ဗုဒ္ဓဘာသာ သားကောင်းသမီးများပီပီ တစ်အိမ်ဆင်း တစ်အိမ်တက် လိုက်လံကန်တော့ လှူဒါန်းကြသကဲ့သို့ မိဘဘိုးဘွားများ၏ ခြေသည်းလက်သည်းများကို ညှပ်ပေးခြင်း၊ ကင်ပွန်းရည်တို့ဖြင့် ရေချိုးပေးခြင်း၊ အိမ်တွင်းမှလည်းကောင်း၊ ရွာဦးကျောင်းမှာလည်းကောင်း ဘုရားဆင်တုတော်များကို ရေသပ္ပာယ် လှူဒါန်းခြင်း စသည့်မြင်ကွင်းကို မြင်တွေ့ရသည့်လူတိုင်း  ကိုယ်စိတ်နှစ်လုံးကို ချမ်းမြေ့စေရုံသာမက ယခုဘ၀ မှာရော နှောင်ဘ၀မှာပါ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး ကုသိုလ်ထူး ကုသိုလ်မြတ်များကို ရရှိမည် အမှန်ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုအရ နှစ်သစ်ကူးကာလတွင် မိမိတို့လက်လှမ်းမီသော ဘုန်းတော်ကြီးကျောင်းများကိုအလှူအတန်းပေးရုံသာမက နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးကာလတွင် မိမိတို့ လုပ်ငန်းကိုင်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ ဒီထက်မက တိုးတက်အောင်မြင်အောင်၊ စီးပွားလာဘ်လာဘ တိုးတက်အောင်၊ ကျက်သရေမင်္ဂလာနှင့်ပြည့်စုံအောင် စသည့်ယုံကြည်ချက်နှင့် မျော်လင့်ချက်များစွာဖြင့် မြန်မာ့နှစ်သစ်ကူးကို ဖြတ်သန်းကြလေသည်။

နှစ်ဟောင်းတွင်တစ်ဦးနှင့်တစ်ဦးဖြစ်စေ၊ တစ်ရွာနှင့်တစ်ရွာဖြစ်စေ ဖြစ်ပျက်ခဲ့သောပြဿနာများ၊ အမုန်း၊အငြိုးအတေးများကို နှစ်သစ်ကူးကာလ အခါသမယတွင် ချိုသာသောအပြုံး ရွှင်ပြသော နှလုံးတို့ဖြင့်ကြိုဆိုနှုတ်ဆက်ကြသည်။သူ့အမှားကိုယ့်အမှားများကို တောင်းပန်ကြသည်။ ပအိုဝ်းတိုင်း ရင်းသားများအတွက် ကောင်းမြတ်သော သူမတူသော ယဉ်ကျေးမှုတစ်ရပ်ဖြစ်၍ လူတိုင်းဆက်လက်ထိန်းသိမ်းသွားကြဖို့ လိုအပ်မည်ဖြစ်သည်။

သင်္ကြန်ကာလ ပအိုဝ်းဒေသ၏မြင်ကွင်းစုံကို စာဖြင့်သီကုံးရေးသားပါသော်လည်း ပြီးပြည့်စုံနိုင်မည် မဟုတ်ပဲ ကိုယ်တိုင်ကိုယ်ကြ လာရောက်လည်ပတ်မှသာ တည်ငြိမ်အေးချမ်းသော လူနေမှုများနှင့် ဖော်ရွေသော လူမှုဆက်ဆံရေး၊ ပျော်ရွှင်သော ရိုးရာယဉ်ကျေးမှု၊ ထူးခြားသော ရေ၊မြေ၊ တော၊ တောင် သဘာဝပတ်ဝန်းကျင် အရသာကို ခံစားနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

နင်အိန်းခေး
Powered by Blogger.