Sunday, April 7, 2019

ပထမအကြိမ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးဖွားသည့်နေ့ အခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၇) ရက်













ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးခန်းမတွင် ပထမအကြိမ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးဖွားသည့်နေ့ အခမ်းအနားကို ၂၀၁၉၊ ဧပြီ(၇)ရက်နေ့၊ မနက်(၉)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၁၉၉၅-ခုနှစ်၊ ဧပြီ(၇)ရက်နေ့၊ ရန်ကုန်မြို့၊ ကျိုက္ကစံကွင်း၌ နိုင်ငံတော် အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီအစိုးရ ပြုလုပ်သည့် အမျိုးသားညီလာခံတွင် ပြည်နယ်နှင့်တိုင်း မရရှိသေးသည့် တိုင်းရင်းသားဒေသများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိအောင် အထူးဒေသ (၆)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ခမ်းထီဥက္ကဋ္ဌ ဖြားတန်အောင်ခမ်းထီက တင်သွင်းတောင်းဆိုခဲ့သည့် အတွက် ဧပြီ(၇)ရက်နေ့ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးဖွားသည့်နေ့အဖြစ် သတ်မှတ်ကာ ယနေ့တွင် ပထမဆုံးအကြိမ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးဖွားသည့်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် အမျိုးသားညီလာခံကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဖြားခွန်တင်ထွဋ်က ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပေါ်ပေါက်လာရခြင်းအကြောင်းနှင့် ညီလာခံကိုယ်စားလှယ် တစ်ဦးအပါအ၀င်ဖြစ်သည့် ခွန်စိန်ဝင်း(မောင်ခွန်နွယ်-အင်းလေး)က ကျေးဇူးတင်စကားများ ပြောကြားပြီးနောက်  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင် က အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဤကဲ့သို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးဖွားသည့်နေ့ အခမ်းအနားကို ကျင်းပရသည်မှာ - ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေါ်ပေါက်လာအောင် ကြိုးစားကြိုးပမ်းပေးခဲ့သည့် ညီလာခံ ကိုယ်စားလှယ်များကို ဂုဏ်ပြုရန်နှင့် ပအိုဝ်းတိုင်းရင်းသားနှင့်အခြားသော တိုင်းရင်းသားများအားလုံး ပြည်ထောင်စုအကျိုးနှင့်ဒေသအကျိုးကို ရွက်သယ်ပိုးနိုင်အောင် ရည်ရွယ်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးဖွားသည့်နေ့အခမ်းအနားကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ဒေသဦးစီးဥက္ကဋ္ဌမှ ပြောကြားသည်။

၂၀၀၈- ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင်ရရှိထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆိုသည်မှာ အလိုအလျောက် ရလာခြင်းမျိုးမဟုတ်၊ ခေါင်းဆောင်ကြီးများနှင့် ညီလာခံကိုယ်စားလှယ်များ ကြိုးစားလာခဲ့ရသည့်အတွက် ရရှိလာခြင်းဖြစ်ကြောင်း၊ ညီညွတ်ခြင်းနှင့်အသိတရားများ ပေါင်းစပ်ကာ ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရှေ့ဆက်ပြီး တခြားတိုင်းရင်းသားများနည်းတူ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိလာအောင် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ နှစ်စဉ် ကျရောက်မည့် ဧပြီ(၇)ရက်နေ့တွင် ပအိုဝ်းဒေသနယ်မြေအသီးသီးရှိ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ မွေးဖွားသည့်နေ့အခမ်းအနားကို ကျင်းပပြုလုပ်ဖို့ တိုက်တွန်းလိုပါကြောင်း ဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်က ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဧည့်ပရိတ်များက ရှမ်းပြည်နယ် သံဃနာယကဥက္ကဋ္ဌ တပ်ဦးဥတ္တရာရုံကျောင်းတိုက်ဆရာတော်ထံ သရဏဂုဏ်(၃)ပါးနှင့်တကွ ငါးပါးသီလခံယူကာ သံဃာတော်များမှ ရွတ်ဖတ်သည့် ပရိတ်တရားတော်ကို နာယူခြင်း၊ တရားတော်နာ ရေစက်ချ အမျှပေးဝေခြင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ အမျိုးသားညီလာခံသို့ တက်ရောက်ကြသည့် ညီလာခံကိုယ်စားလှယ်များကိုလည်း ဂုဏ်ပြုမှတ်တမ်းအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

ယနေ့ အခမ်းအနားသို့ ပင့်ကျောင်းများမှ ဆရာတော်များနှင့် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဖြားခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ အသွင်ပြောင်းဌာနေပြည်သူ့စစ် ပအိုဝ်းအမျိုးသား တပ်မတော် (PNA)၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု(ဗဟို)အဖွဲ့၊ အစိုးရဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် လူမှုအဖွဲ့အစည်းများ တက်ရောက်ကြကြောင်း သိရသည်။

ခွန်ဓဇ
Powered by Blogger.