Monday, April 8, 2019

ပျော်ရွှင်နွှဲပျော် ပအိုဝ်းတို့၏သင်္ကြန်နှစ်သစ်ကူးပွဲတော်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၈)ရက်


Credit- Photo

သင်္ကြန်ပွဲတော်(သို့မဟုတ်)နှစ်သစ်ကူးပွဲတော်ကိုအဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြပါသည်။ မိမိအနေဖြင့် နှစ်ဟောင်းကိုနှုတ်ဆက်ပြီး နှစ်သစ်ကိုကြိုဆိုခြင်းကို ပအိုဝ်းအခေါ်အဝေါ်ဖြင့် “နေင်;လီအွဉ်ကဲုင်ချာ၊ ကျိုဆွုမ်;နေင်;တသာ”ဟူ၍လည်းကောင်း၊ (သို့မဟုတ်) တစ်နှစ်တာအချိန်ကုန်ဆုံးသည့်လ ဟူ၍ နားလည်ပါသည်။ များသောအားဖြင့် နှစ်ဟောင်းတွင် မိမိတို့တစ်ဦးတစ်ယောက်ချင်းစီ၏ အပြုအမူ၊ အကြောင်းအရာ၊ စိတ်သဘောထား၊ အတွေးအခေါ်…စသည့် မိမိဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များကို လာမည့်နှစ်သစ်တွင် မကောင်းသည့်လုပ်ဆောင်မှုများကို သင်္ကြန်ရေများဖြင့်ဆေးကြောခြင်းဖြင့်လည်းကောင်း၊ ကောင်းမှုကုသိုလ် များပြုလုပ်ခြင်းဖြင့်လည်းကောင်း ပြုလုပ်တတ်ကြပါသည်။ မိမိအနေဖြင့် သင်္ကြန်ကာလအတွင်း မိမိတို့ ပအိုဝ်းရပ်ရွာဒေသများတွင် ပြုလုပ်လေ့ရှိသည့် အလေ့အထများကို မျှဝေပေးသွားမည်ဖြစ်ပြီး လူငယ်များ အတုယူသင့်သည့်အကြောင်းအရာများ၊ ဆက်လက်ထိန်းသိမ်းရန်လိုအပ်သည့် အခန်းကဏ္ဍများဖြင့်လည်း ချိတ်ဆက်သွားမည်ဖြစ်ကြောင်း ဦးစွာတင်ပြလိုပါသည်။

ပအိုဝ်းဒေသတွင် သင်္ကြန်မရောက်မည်အချိန်ကာလကတည်းက သင်္ကြန်တွင်း လိုအပ်သည့်အသုံး အဆောင်များ၊ ပစ္စည်းများကို ဈေးဝယ်ထွက်ခြင်း၊ မိမိတို့၏နေအိမ်များကို သန့်ရှင်းရေးပြုလုပ်သကဲ့သို့ ရပ်ရွာ ဒေသခံများသည် မိမိတို့၏ တာဝန်သိစိတ်ဖြင့်လည်းကောင်း၊ စုပေါင်းကာ မိမိတို့ရပ်ရွာရှိ ဘုန်းတော်ကြီးကျောင်းများကို ဝေယျာဝစ္စ(သန့်ရှင်းရေး)ပြုလုပ်ခြင်းဖြင့် သင်္ကြန်ကို ကြိုဆိုတတ်ကြသည်။ သင်္ကြန်နေ့များ အနေဖြင့် သင်္ကြန်အကြိုနေ့၊ သင်္ကြန်အကျနေ့၊ သင်္ကြန်အကြတ်နေ့၊ သင်္ကြန်အတက်နေ့များရှိပါသည်။

သင်္ကြန်အကြိုနေ့ညနေပိုင်းတွင် မိမိရပ်ရွာဒေသတွင် မိမိတို့၏မိဘများကိုကန်တော့လေ့ရှိပါသည်။ သင်္ကြန်အကျနေ့တွင် မိမိတို့ရပ်ရွာရှိဘုန်းတော်ကြီးသို့ စတင်တက်ရောက်ကုသိုလ်ယူပါသည်။ မိမိတို့ရပ်ရွာ ဘုန်းတော်ကြီးကျောင်းကိုတက်ရောက်ပြီးသည်နှင့် မိမိတို့ရပ်ရွာအနီးဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ တက်ရောက်ပြီး ကုသိုလ်များယူပါသည်။

သင်္ကြန်အချိန်အခါတွင် လူငယ်၊ လူရွယ်များသည် အပျော်မဏ္ဍပ်များဆောက်၍ တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးသိမ့်မွေ့စွာ အတာရေပက်ဖြန်းခြင်း၊ စတုဒိသာများကျွေးမွေးခြင်း၊ မိမိတို့၏ဆွေမျိုးများ၊ ဆရာသမားများကို လိုက်လံကန်တော့ခြင်း စသည်တို့ဖြင့် ကုသိုလ်ယူကြပါသည်။

သင်္ကြန်ရှိသည့်အချိန်တွင် မြေမပေါက်ခြင်း၊ အသီးအရွက်မခူးခြင်း၊ မကောင်းသည့်အပြုအမူများ၊ အကုသိုလ်များရှောင်သည့်ကာလလည်းဖြစ်သည်။ သင်္ကြန်တက်ပြီး နောက်တစ်ရက်(သို့မဟုတ်) နှစ်ဆန်း (၁)ရက်နေ့ကို နှစ်သစ်ကူးရက်ဟုခေါ်သည်။ နှစ်သစ်ကူးရက်တွင် မိမိတို့နေအိမ်၌ရှိသည့် ဘုရားများကို ရေသပ္ပာယ်ခြင်း၊ ဘုရားပန်း၊ ဘုရားသောက်တော်ရေများလှဲခြင်း၊ ဆီးမီးများပူဇော်ခြင်း၊ ဆွမ်းကပ်လှူခြင်း၊ မိဘများကို ရေချိုး၊ ခေါင်းလျော်၊ လက်သည်းခြေသည်းများညှပ်ခြင်း၊ ကျောင်းတက်ကုသိုလ်ယူခြင်းများပြု လုပ်လေ့ရှိပါသည်။ ထို့အပြင် နှစ်သစ်မှာ စိတ်သစ်၊ လူသစ်ဖြင့် မိမိတို့လုပ်ဆောင်နေသည့် ကိစ္စများ အပေါ် စိတ်ခွန်အားအပြည့်ဖြင့် လုပ်ဆောင်လာကြပါသည်။

သင်္ကြန်ကာလ၌ မိမိတို့ပအိုဝ်းရပ်ရွာဒေသများတွင် ပြုလုပ်လေ့ရှိသည့်အလေ့အထများသည် တစ် ရွာနှင့်တစ်ရွာအနည်းငယ်ကွဲလွှဲမှုများရှိတတ်ပါသည်။ သို့သော်မိမိတို့ကျေးရွာရှိလူငယ်များအနေဖြင့် မိမိတို့ ကျေးရွာရှိ သင်္ကြန်ကာလ ကောင်းမှုကုသိုလ်များပြုလုပ်သည့် ရိုးရာဓလေ့များကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်ပါသည်။ ဥပမာအချို့အနေဖြင့် လူပျို၊ အပျိုများ စုပေါင်းကာ သင်္ကြန်ကာလအတွင်း စတုဒိသာများ ကျွေးခြင်း၊ စုပေါင်းဝေယျာဝစ္စပြုလုပ်ခြင်း၊ မိမိတို့ရပ်ရွာရှိ သက်ကြီးရွယ်အိုများ၊ ရွာသူကြီးများကို အိုးစည် ဗုံမောင်းများဖြင့် လိုက်လံကန်တော့ခြင်း စသည့်လုပ်ဆောင်မှုများ ပျောက်ကွယ်မသွားရန် မျိုးဆက်သစ် လူငယ်များ ဆက်လက်ထိန်းသိမ်းရန်လိုအပ်ပါသည်။

မိမိတို့ပအိုဝ်းရပ်ရွာသို့ အရောက်လာမည့် မိတ်သင်္ဂဟအပေါင်းများကို ထပ်မံ၍ ပျော်ရွှင်စရာကောင်းသည့် သင်္ကြန်ရေပက်ဖြန်းသည့် အခန်းကဏ္ဍအနည်းငယ်ကိုမျှဝေလိုပါသေးသည်။ မိမိတို့ပအိုဝ်းရပ်ရွာရှိ လူပျိုများသည် ရေပုံးများ၊ ရေပီပါများကို ထော်လာဂျီပေါ်မှာတင်၍ ကျေးရွာရှိ အပျိုများရှိသည့်အိမ်သို့ လိုက်လံ၍ ရေလောင်းသည့်ဓလေ့များရှိပါသည်။ ထို့အပြင် မဏ္ဍပ်များဆောက်ထားပါက ရေဖလားထဲတွင် သပြေခက်များထည့်ပြီး ဖြတ်သန်းသွားလာသော ခရီးသည်များအားပက်ဖြန်းခြင်း၊ ရေပုံးများဖြင့်ပက်ဖြန်း ခြင်း၊ ရေပိုက်များဖြင့်ပက်ဖြန်းပြီးနောက် အချိုရေများ၊ စတုဒိသာများကျွေး၍ ကုသိုလ်ယူကြပါသည်။

မိမိတို့ပအိုဝ်းရပ်ရွာများတွင် သင်္ကြန်ကာလ၌ မည့်သည့်မိတ်သင်္ဂဟကိုမဆို မိမိတို့ရိုးရာမုန့်များ ဖြင့်လည်းကောင်း၊ ထမင်းများဖြင့်လည်းကောင်း ဧည့်ခံကျွေးမွေးတတ်ကြပါသည်။ ထို့ကြောင့် မိမိတို့ပအိုဝ်း ရပ်ရွာ၏ ပျော်ရွှင်စရာကောင်းသော သင်္ကြန်နှစ်သစ်ကူးပွဲတော်တွင် ပြုလုပ်လေ့ရှိသည့်ရိုးရာဓလေ့ကောင်းများကို မျိုးဆက်သစ်လူငယ်များ မြတ်နိုးတန်ဖိုးထားကာ လူငယ်များအနေဖြင့်ဆက်လက်ထိန်းသိမ်းရန်၊ ဆက်လက်ဖော်ဆောင်ရန်လိုအပ်ကြောင်းနှင့် မိမိတို့ပအိုဝ်းဒေသ၏သင်္ကြန်ပွဲတော်ကို စာဖတ်ပရိတ်သတ်များ သိစေလိုချင်သည့် ဆန္ဒဖြင့် ရေးသားတင်ပြလိုက်ပါသည်။

ပအိုဝ်းမူ;ပေ;(စန္တာခမ်း)
Powered by Blogger.