Thursday, May 30, 2019

ပရဟိတစိတ်ဖြင့် လှပဝေဆာနေသောပအိုဝ်းဒေသ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မေလ (၃၁)ရက်


ပရဟိတအလုပ်သည် မိမိအကျိုးထက် အများအကျိုးကိုဝိုင်းဝန်းကူညီသောအလုပ်ဖြစ်သည်။ ပရဟိတအလုပ်သည် အများအတွက်ဟုဆိုသော်လည်း စင်စစ်မှာပရဟိတအလုပ်သည် မိမိတို့၏ ပတ်ဝန်းကျင်သာယာလှပဖို့ရန် လုပ်ဆောင်သော လုပ်ငန်းတစ်ခုဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ပရဟိတအလုပ်သည် လုပ်လိုသောစိတ်ရှိလျင် မခက်လှပါဆိုသော်လည်း ရံဖန်ရံခါမှာ ခက်ခဲသောအလုပ်တစ်ခုလည်းဆိုရမည်ဖြစ်သည်။ ပရဟိတအလုပ်သည် နေရာဒေသမရွေး၊ လူမျိုးမရွေး၊ အဆင့်အတန်းမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ အသားအရောင်မရွေး၊ ဘာသာမခွဲခြားဘဲ သူတစ်ပါးလိုအပ်သော အခက်အခဲများကို မိမိတတ်နိုင်တတ်စွမ်းသမျှ ငွေအား၊ ကာယအားနှင့် အကြံဉာဏ်အားဖြင့် ကူည်ီပံ့ပိုးပေးနိုင်ပေသည်။ သို့သော်ရံဖန်ရံခါတွင် မိမိဘဝနှင့်မိသားစုစားဝတ်နေရေး အတွက် အချိန်မပေးနိုင်ခြင်းကြောင့်လည်း ပရဟိတအလုပ် လုပ်ရန်အခက်အခဲတစ်ခုဖြစ်ပေသည်။

ယေဘုယျအားဖြင့် ပရဟိတအလုပ်သည် နိုင်ငံရေးအလုပ်၏ အစိတ်အပိုင်းလည်းဖြစ်ပေသည်။ ပရဟိတစိတ်ဓာတ်ကို အရင်းခံထားသည့် စိတ်မရှိသောခေါင်းဆောင်သည် ပညာ၊ ဗဟုသုတမည်မျှ ထက်မြက်စေကာမူ ကြာကြာမခံပါ။ မိမိသည် အများအကျိုးကို စိတ်သန့်သန့်ဖြင့် လုပ်ဆောင်ခဲ့လျင် နိုင်ငံရေးအပြောင်းအလဲကြောင့် အာဏာမရှိတော့သည့်တိုင် “လူသေသော်လည်းအမည်မသေ” ဆိုသော ဆိုရိုးအတိုင်း သမိုင်းလှထင်ကျန်ရစ်နေမည်ဖြစ်သည်။ သို့သော် အလုပ်များများလုပ်သောခေါင်းဆောင်သည် ရံဖန်ရံခါ အမှားများကင်းစင်မည်တော့ မဟုတ်သည်မှာ ကျွန်ုပ်တို့နားလည်ရမည်ဖြစ်သည်။

ထို့အတူ ကျွန်ုပ်တို့ပအိုဝ်းလူမျိုးသည်လည်း ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် သာယာလှပရန်နှင့် ဖွံဖြိုးတိုးတက်ရန် ကျွန်ုပ်တို့သည် ပရဟိတစိတ်ကိုအခြေခံ၍ တာဝန်သိတာဝန်ရှိစိတ်ဖြင့် ဝိုင်းဝန်းလုပ်ဆောင်လေ့ရှိကြသည်။ ပအိုဝ်းဒေသသည် မြို့ပြနှင့်ဝေးလံခေါင်ဖျားသော အိမ်ခြေနည်း တောင်ပေါ်ကျေးလက်လေး၏ ရွာဦးလမ်းထိပ်မှ တံတား၊ လမ်းပျက်စီးနေသည်ကို ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော မိမိတို့နိုင်ငံအနေဖြင့် သက်ဆိုင်ရာအစိုးရအဖွဲ့မှ လာရောက်လုပ်ဆောင်ပေးရန် ခက်ခဲနေဆဲဖြစ်သည်။ လိုအပ်ချက်များစွာဖြင့် ပြည့်ကျပ်နေသောမိမိတို့နိုင်ငံသည် ဆန်စင်ရာကြည်ပွေ့လိုက်ဆိုသလို မဖြစ်နိုင် မှန်းသိပြီး လိုက်လံဖြည့်ဆည်းဖို့ရန် အလှမ်းဝေးနေဆဲဖြစ်သည်ကို မိမိတို့ ပအိုဝ်းလူမျိုးသည် မှုမနေတော့ဘဲ မိမိဒေသ၊ မိမိပတ်ဝန်းကျင် အဆင်ပြေပြေသွားလာနိုင်ရန် စုပေါင်းလုပ်ဆောင်သောစနစ်မှာ ရှေ့ဝိသေသ သမိုင်းအဆက်ဆက်ကပင်ဖြစ်သည်။

ပအိုဝ်းလူမျိုးတို့၏ ပရဟိတစိတ်ကိုအရင်းခံ၍ လုပ်ဆောင်လေ့ရှိသော အလုပ်များကိုဖော်ထုတ်ပါက ရွာချင်းဆက်သောလမ်း၊ တံတားများ၊ ရွာတွင်းလမ်းသွယ်များနှင့် ခြံယာသွားလမ်း၊ တံတားများကို ရွာသားများအချင်းချင်း စုပေါင်းဖောက်လုပ်ခဲ့ကြသည်။ ထို့အပြင် အခါအားလျော်စွာ လမ်းဝဲယာ တစ်လျောက် ခြုံများကိုရှင်းလင်းခြင်း၊ ပျက်စီးသွားသော လမ်းတံတားများကို ပြန်လည်ပြုပြင်ခြင်းများလည်း သက်ဆိုင်ရာ ရွာသားများမှ စုပေါင်းထိန်းသိမ်းကြသည်။

ဘာသာ၊ သာသနာအဓွန့်ရှည်စေရန်နှင့် ကောင်းမှုကုသိုလ်ကို ရည်စူး၍ ဘာသာရေးအနေဖြင့် စုပေါင်းလုပ်ဆောင်ရာတွင် ရွာဦးဘုန်းကြီးကျောင်းကို ကျေးရွာအိမ်ထောင်စုများမှ လအလိုက်(သို့) နှစ်အလိုက် ဆင်းရဲ၊ ချမ်းသာမှုဝင်ငွေပေါ်မူတည်၍ စုပေါင်းစနစ်ဖြင့် ထည့်ဝင်လှူဒါန်းကာ ကြီးမားခန်းနားထည်ဝါသော ဘုန်းကြီးကျောင်း၊ ဇရပ်၊ သိမ်တော်၊ စေတီပုထိုးစသော သာသနာ့အဆောက်အဦးများကို ဆောက်လုပ်လှူဒါန်းလေ့ရှိကြသည်။ ၎င်းကိုငွေအားအပြင် ကာယအား ကိုလည်း အိမ်ခြေစုအလိုက်အလှည့်ကျ စုပေါင်းလုပ်ဆောင်လေ့ရှိသည်။

ရိုးရာဓလေ့အရအလှူအဒါန်းများပြုလုပ်ရာတွင်လည်း စုပေါင်းအားဖြင့် လုပ်ဆောင်လေ့ရှိကြည်။ ဥပမာ-ဝါတွင်းကာလ လပြည့်လကွယ်ရက်များတွင် အပျို၊ လူပျိုများမှ စုပေါင်းဆွမ်းတော်ချက်ခြင်း၊ ခဲဘွယ်များပြင်ဆင်ကာ ရွာဦးဘုန်းကြီးကျောင်းသို့ နံနက်အာရုံစောစောတွင် အိုးစည်ဗုံမောင်းတီးကာ ဆွမ်းတော်ကပ်ရန် ညီညီညာညာချီတက်ကာ ကုသိုလ်ကောင်းမှုများလုပ်ဆောင်ကြသည်။ ရှင်လောင်းပွဲများ၊ ကျောင်းရေစက်ချပွဲများနှင့် ရာသီအလိုက်ပွဲတော်များဖြစ်သော သီတင်းကျွတ်ပွဲတော်၊ သင်္ကြန်ပွဲတော် များတွင် ပွဲလာသောဧည့်ပရိတ်သတ်ထောင်ချီကို အကျွေးအမွေးများဖြင့် ဧည့်ခံလေ့ရှိသည်။ ၎င်းကို မခိုမကပ်စုပေါင်းအားဖြင့် ဝိုင်းဝန်းလုပ်ဆောင်ကြသည်မှာ ချစ်စရာဓလေ့တစ်ခုဖြစ်ပေသည်။

အမျိုးသားပွဲတော်များအနေဖြင့် လေ့လာပါက ပအိုဝ်းလူမျိုးတို့၏ ပထမဆုံးမင်းတစ်ပါးဖြစ်ခဲ့သော သူရိယစန္ဒာကိုအကြောင်းပြု၍ ပအိုဝ်းအမျိုးသားနေ့ပွဲတော်(ခေါ်) ဒဉ်သီလာဗွေ(ခေါ်) တပေါင်းပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ရာတွင် ကျေးရွာအလိုက်၊ ကျေးရွာအုပ်စုအလိုက်နှင့် မြို့နယ်အလိုက် မိမိတို့၏ ပအိုဝ်းအမျိုးသားဂုဏ်အင်္ဂါရပ်များဖြစ်သော စာပေ၊ ယဉ်ကျေးမှု အနုပညာများကို ဖော်ထုတ်မြှင့်တင်ရန် ပွဲတော်တစ်ရပ်အဖြစ် စုပေါင်းလုပ်ဆောင်လျှက်ရှိသည်။ ၎င်းပွဲတော်ဖြစ်မြောက်ရန်မှာလည်း စုပေါင်းအားဖြင့် လုပ်ဆောင်ကြသည်ကို ကြည့်ခြင်းအားဖြင့် ပအိုဝ်းလူမျိုးသည် အမျိုးဘာသာ၊ သာသနာ၊ စာပေ၊ ယဉ်ကျေးမှုကို ချစ်မြတ်နိုးသူဖြစ်ကြောင်း ထင်ဟပ်စေပါသည်။

ပအိုဝ်းလူမျိုးများသည် ဘာသာရေးပွဲလမ်းသဘင်များ၊ ရိုးရာဓလေ့ပွဲလမ်းသဘင်များနှင့် လူမှုရေးလုပ်ငန်းများတက်ရောက်ရာတွင် မိမိတို့၏ ရိုးရာဝတ်စုံများကို တစ်ညီတစ်ညာဝတ်ဆင်ကြသည်ကို ကြည့်ခြင်းအားဖြင့် မိမိတို့သည် စည်းလုံးခြင်းနှင့် မိမိတို့၏ ရိုးရာဝတ်စုံကို အမြတ်တနိုးတန်ဖိုးထားကြောင့် ထင်ဟပ်ပေါ်လွင်စေပါသည်။

ယခင်ငြိမ်းချမ်းရေးမယူသေးသောကာလတွင် ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်ကြရန် များစွာအခက်အခဲရှိခဲ့ပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သော လမ်းပန်းဆက်သွယ်ရေးကို ကောင်းစွာမလုပ်နိုင်ခဲ့ချိန်ကြောင့် ပညာရေးမှာလည်း နောက်ကျကျန်ခဲ့ရသည်။ ယနေ့ခေတ်ကာလတွင် ငြိမ်းချမ်းရေးရယူခဲ့သော အသီးအပွင့်ကြောင့် ပအိုဝ်းလူမျိုးတို့၏ တန်ဖိုးထားအပ်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုလည်း ရရှိခဲ့ပြီးဖြစ်သောကြောင့် ထိုဒေသတွင် ယခင်ထက် ဖွံ့ဖြိုးရေးကို ပိုမိုလုပ်ဆောင်လာနိုင်ခဲ့သည်ကိုလည်း တွေ့ရသည်။ ထိုသို့ ကိုယ်ပိုင် အုပ်ချုပ်ရဒေသကို ၂၀၀၈ ဖွဲ့စည်းပုံတွင် ပါဝင်နိုင်ရန် တောင်းဆိုနိုင်ခဲ့ပြီး ပအိုဝ်းပြည်သူလူထု၏ စည်းလုံးညီညွတ်မှုအားဖြစ်သော ဆန္ဒမဲကိုရရှိခဲ့ခြင်းကြောင့်သာအခြားသော ဓနု၊ ပလောင်း(တအာင်း)၊ နာဂနှင့် "၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကဲ့သို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စုပေါင်းအားဖြင့် လုပ်ဆောင်သောအလုပ်သည် လူတစ်ဦးတစ်ယောက်ချင်းစီတွင် စစ်မှန်သော ပရဟိတစိတ်၊ စုပေါင်းလုပ်ဆောင်လိုသော စိတ်ဓာတ်အခံမရှိဘဲအောင်မြင်သော စည်းလုံးမှုအားမဖြစ်နိုင်ပေ။ အလုပ်လည်းအောင်မြင်မည်မဟုတ်ပေ။ စုပေါင်းလိုသောစိတ်ဓာတ်၊ အများအကျိုး ဆောင်ရွက်လိုသောစိတ်ဓာတ်ရှိမှသာ မိမိတို့လူမျိုးနှင့် အခြားတိုင်းရင်းသားများ သဟဇာတဖြစ်ပြီး ဒေသအကျိုး၊ နိုင်ငံ့အကျိုးကိုထမ်းဆောင်နိုင်သောလူမျိုးအဖြစ် ရပ်တည်နိုင်မည်ဖြစ်ကြောင်း ဤဆောင်းပါးဖြင့် ရေးသားတင်ပြလိုက်ရပါသည်။

နန်းခမ်းကောင်
ခွန်ဖြားဗွာခမ်း
Powered by Blogger.