Thursday, June 20, 2019

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ဟိုပုံးမြို့နယ်၊ ဖက်ရမ်းကျေးရွာအုပ်စု၊ အ.မ.က (ကောင်းသပြေ)ကျောင်း(ခွဲ)မှ အခြေခံပညာမူလတန်းကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၁)ရက်



ပညာရေးဝန်ကြီးဌာန ၊ အ.မ.က(ကောင်းသပြေ)ကျောင်း(ခွဲ)မှ အခြေခံပညာမူလတန်းကျောင်းအဆင့် တိုးမြှင့်ခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့နယ် ၊ ဖက်ရမ်းကျေးရွာအုပ်စု ၊ အခြေခံပညာမူလတန်းကျောင်း(ကောင်းသပြေ)ကျောင်း၌ ဇွန်လ(၂၀)ရက်၊ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ရာ ဟိုပုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ အခြေခံပညာမူလတန်းကျောင်း(ကောင်းသပြေ) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းမေထွေး နှင့်ကျောင်းကော်မတီဝင် ဦးအောင်လင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းတင့်က အဖွင့်အမှာစကားပြောကြားရာတွင် "အခြေခံပညာ မူလတန်းကျောင်းတွင် ပညာသင်ကြား လျက်ရှိသော ကျောင်းသား/သူများအနေဖြင့် မြို့ပေါ်ကျောင်းများသို့ သွားရောက်သင်ကြားစရာမလိုဘဲ မိမိကျေးရွာတွင် အဆင်ပြေသင်ကြားနိုင်ပြီဖြစ်ကြောင်း ၊ နိုင်ငံတော်အစိုးရမှ ခွင့်ပြုချက်ဖြင့် ယခုကဲ့သို့အခြေခံပညာမူလတန်းကျောင်း အဆင့်မြှင့်တိုးမြှင့်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ၊ ပညာရေးကဏ္ဍနှင့်ပက်သက်၍ နိုင်ငံတော်မှ နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် အခြေခံပညာကျောင်းများကို ဥပဓိရုပ်ကောင်းမွန်အောင် ကျောင်းဆောင်သစ်များဆောက်လုပ်ပေးခြင်း ၊ ကျောင်းသားဝင်ဆံ့အင်အားအရ ထပ်မံတိုးချဲ့ဆောက်လုပ်ပေးခြင်း ၊ အန္တရာယ်ရှိသောကျောင်းဆောင်များ ဖျက်သိမ်းပြီး အသစ်ပြန်လည်တည်ဆောက် ပေးခြင်း ၊ သဘာဝဘေးဒဏ်ကြောင့်ပျက်စီးသွားသော အဆောက်အဦများကိုလည်း အလှူရှင်များက ပြန်လည် တည်ဆောက်ပေးခြင်း ၊ မြို့နှင့်အလှမ်းဝေးသည့်ကျေးရွာများရှိ ကျောင်းများကိုလည်း အဆင့်တိုးမြှင့် ပေးနေကြောင်း ၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒသ ဟိုပုံးမြို့နယ်တွင် အဆင့်တိုးမြှင့်သောကျောင်းများမှာ ထက်/လယ်/ မူ စာသင်ကျောင်း (၁၆)ကျောင်းရှိကြောင်း "ပြောကြားသွားသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်မှ အခြေခံပညာမူလတန်းကျောင်း(ခွဲ)မှ အခြေခံပညာမူလတန်း ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းအမှတ်တရအလံအားပေးအပ်ရာ ကျောင်းကော်မတီဝင် ဦးအောင်လင်းမှ လက်ခံရယူပြီး ကျောင်းကော်မတီဝင် ဦးအောင်လင်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသွားကြောင်း သိရသည်။

အဆိုပါကျောင်းအဆင့်တိုးမြှင့်ခြင်းသို့ ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ အ.မ.က(ကောင်းသပြေ) ကျောင်း မှကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/မများ၊ ဖက်ရမ်းကျေးရွာသူ/သားများ စုစုပေါင်း (၉၀)ဦးခန့်တက်ရောက် ခဲ့ကြောင်း သိရသည်။

ထက်ထက်(ဟိုပုံး)
Powered by Blogger.