Tuesday, June 25, 2019

"အောင်မြင်မှု၏ လျို့ဝှက်လမ်းစများ"

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၆)ရက်


လူတွေဟာ ဘာပဲလုပ်လုပ် ပြုလုပ်တဲ့အရာတွေအပေါ်မှာ အောင်မြင်မှု၊ ပြီးဆုံးအောင် လုပ်ဆောင်နိုင်မှု ဆိုတာလေးကို လူတိုင်းလိုချင်ရချင်ကြပါတယ်။ ဒါပေမဲ့ အဲဒီလိုရရှိခဲ့တဲ့ လူတွေကတော့ အတော်နည်းပါးပါတယ်။ ဒီဆောင်းပါးကတော့ လူတစ်ယောက်အောင်မြင်မှု အထိုက်အလျောက်ရရှိနိုင်စေဖို့ ထားရှိရမယ့် "အောင်မြင်မှုလမ်းစ" အချက်လေးတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

လူတစ်ယောက်ဟာ တိုးတက်အောင်မြင်ချင်ရင် အရင်ဦးဆုံး "ငါအောင်မြင်ချင်တယ်" ဆိုတဲ့ဦးတည်ချက်စိတ်ဆန္ဒလေး ရှိဖို့လိုပါတယ်။ မိမိကိုယ်တိုင်လည်း အင်တိုက်အားတိုက် ကြိုးစားလုပ်ဆောင်ပါမှ အောင်မြင်မှုဆီ ရောက်ရှိနိုင်မှာဖြစ်တယ်။ ဒါပေမဲ့ ကြိုးစားတိုင်းလည်း အောင်မြင်မှု ရရှိဖို့မလွယ်ကူပါဘူး။ လောကသဘာဝအရ မိမိပတ်ဝန်းကျင်ရဲ့ အခြေအနေတွေကို ကျင်လည် ထားဖို့လိုပါတယ်။ ဥပမာ-ငါ့ရဲ့စီးပွားရေးလုပ်ငန်းအတွက် ဒီနေရာ၊ ဒီဒေသမှာ ငါအခြေချတော့မယ်။ အခြေမချခင် ဒီနေရာမှာ ဘယ်လိုပုဂ္ဂိုလ်တွေ ရှိနေလဲ၊ ဘယ်လိုစီးပွားရေးလုပ်ငန်းတွေ များပြားလဲ ဒေသတစ်ခုရဲ့ အခြေအနေအရပ်ရပ်တွေကို အရင်ဦးဆုံး သုတေသနပြုလုပ်ရပါတယ်။ နောက်တစ်ခုက မိမိကိုယ်တိုင်လည်း အကြားအမြင်ဗဟုသုတတွေ များများရရှိထားစေဖို့ ကိုယ့်မှာရှိတဲ့ ဉာဏ်ပညာနဲ့ ရွေးချယ်စုဆောင်းထားရပါမယ်။ "ဉာဏ်ပညာ" ဆိုတဲ့လက်နက်မပါပဲနဲ့ အောင်မြင်မှု တိုက်ပွဲကို ဆင်နွဲလို့မရပါဘူး။ လူတွေရဲ့အကျင့်က အလုပ်တစ်ခုခုလုပ်တော့မယ်ဆိုရင် "ဖြစ်နိုင်လား၊ မဖြစ်နိုင်ဘူးလား" ဆိုတာသေချာစွာစဉ်းစားနေပေမယ့် "မဖြစ်နိုင်ပါဘူး" ဆိုတဲ့ ဆုံးဖြတ်ချက် ကိုလျှင်မြန်စွာ မချမိဖို့လိုပါတယ်။ ဘယ်လိုအလုပ်မျိုးမဆို ကိုယ်ကိုယ်တိုင်လက်တွေ့မလုပ်ကြည့်ဘူးဆိုရင်တော့ ကိုယ့်မှာရှိနေတဲ့ "အရည်အသွေး၊ အစွမ်းသတ္တိ"တွေလည်း ဘယ်လောက်ရှိမှန်း သိနိုင်မှာမဟုတ်ပါဘူး။ ဘာအလုပ်ပဲဖြစ်ဖြစ်တကယ်တမ်းလုပ်ကြည့်တော့ မဖြစ်နိုင်တာတွေ ဖြစ်လာသလို၊ ဖြစ်ချင်တဲ့အရာတွေ မဖြစ်လာပေမဲ့ ဖြစ်မလာနိုင်တဲ့ အကြောင်းတရားတွေကို ကိုယ်ကိုယ်တိုင်သိရှိသွားတာဟာ ကိုယ့်အတွက်အမြတ်ပါ။ ဒါ့ကြောင့် မိမိဝါသနာပါတဲ့ အလုပ်တစ်ခုကို ကြိုးကြိုးစားစား လုပ်ကြည့်ဖို့လိုပါတယ်။ မလုပ်ကြည့်ပဲနဲ့ "မဖြစ်နိုင်ပါဘူး" ဆိုတဲ့ ဆုံးဖြတ်ချက်ချခဲ့မယ်ဆိုရင် သင်ဟာလွယ်လွယ်နဲ့ အရှုံးပေးတတ်တဲ့ အရှုံးသမားတစ်ယောက်ဖြစ်ပြီး ရှေ့ဆက်ဘယ်လိုလုပ်ငန်းမျိုးမဆို သင်အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

အောင်မြင်မှုလမ်းစတွေကတော့ ဘဝတိုက်ပွဲတွေမှာ ကြုံတွေ့ရမယ့်အခက်အခဲဒုက္ခ တွေကို "သတိ၊ ဝိရိယ၊ ဉာဏ်" ဒီလက်နက်တွေနဲ့ တိုက်ထုတ်ပါ။ မိမိရဲ့အနာဂတ်ရှေ့ရေးကို ကြိုသိချင်ရင် လက်ရှိမိမိပြုလုပ်နေတဲ့ ပစ္စုပ္ပန်အလုပ်ကို ကြိုးစားလုပ်ဆောင်ပါ။ အခြားသူကို သင်အနိုင်ယူပြီး ခေါင်းမော့နိုင်တဲ့အချိန်မှာ သင်ရှုံးနိမ့်တဲ့အခါ မျက်နှာကိုကုတ်မထားပါနဲ့။ ပြုံးပြုံးလေးနဲ့သာ ဆက်လက်လုပ်ဆောင်သွားပါ။ တိုးတက်နေတဲ့လမ်းကြောင်းပေါ် သင်လမ်းလျှောက်သွားချင်ရင် ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုကိုခံနိုင်မှ ရောက်ရှိနိုင်မယ်ဆိုတာ မှတ်ထားပါ။ ဒုက္ခဆိုတာ ကျွန်တော်တို့ စိုက်ပျိုးထားတဲ့ သစ်ပင်ငယ်တစ်ပင်နဲ့တူပါတယ်။ အရွယ်ရောက်တဲ့အထိ ဂရုစိုက်ပျိုးထောင် ရပါတယ်။ ရွှေ၊ ငွေ၊ ပတ္တမြားတွေ ပေါများလို့ လူချမ်းသာဟုဆိုနိုင်ပေမဲ့ သင့်ရဲ့ကိုယ်ကျင့်တရားတွေ နည်းပါးနေသရွေ့ကတော့ ဆင်းရဲသားတစ်ယောက်ပါပဲ။ ဝိရိယဆိုတာ ခက်ခက်ခဲခဲခိုင်းစားဖို့ မဟုတ်ပါဘူး။ ရဲရင့်စွာ ကြိုးစားလုပ်ကိုင်ဆောင်ရွက်ခြင်းကို ဆိုလိုတာပါ။ လူဖြစ်တဲ့အချိန်မှာ လောဘ၊ ဒေါသ၊ အတ္တနဲ့မာန ဒီအမှိုက်လေးမျိုးကို  သူ့နေရာနဲ့သူ လွှင့်ပစ်တတ်ဖို့လိုပါတယ်။ လောဘတရားနဲ့ ပညာရှာပါ။ ဒေါသ၊ အတ္တ၊ မာနကင်းကင်းနဲ့ စီးပွားရေးလုပ်ပါ။ ပညာလို့ခေါ်တဲ့ ရတနာရွှေအိုးစစ်စစ်ကို ရနိုင်တဲ့နေရာမှန်သမျှ ရအောင်ယူထားပါ။ ဒါပေမဲ့ ယူသုံးရမဲ့နေရာမှာ ယူသုံးဖို့မမေ့ပါနဲ့။ ဘယ်နေရာမဆို သက်သာဖို့အတွက်ပဲ မကြိုးစားပါနဲ့။ အရည်အသွေး ပြည့်စုံဖို့ အတွက်သာ ကြိုးစားပါ။ ဘာအလုပ်မဆို အောင်မြင်မှုတံခါးက အမြဲဖွင့်လှစ်ထားပါတယ်။ ရိုးသားကြိုးစားမှုဆိုတဲ့ သော့နဲ့ဖွင့်ရမှာ သင့်တာဝန်ပါ။ လူတစ်ယောက်မှာ အမှားမလုပ်ဖူးဘူးလို့ ပြောနိုင်သူဟာ ဘာအလုပ်မှမလုပ်လို့၊ အလုပ်မရှိသူတစ်ယောက် ဖြစ်ပါတယ်။ လူတစ်ဦးမှာရှိတဲ့ အကောင်းဆုံး အရင်းအနှီးတွေကတော့ ထက်မြက်တဲ့အစွမ်းသတ္တိနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုပဲ ဖြစ်ပါတယ်။ ဘယ်လိုကိစ္စမျိုးမဆို သေချာစွာစဉ်းစားဝေဖန်ပြီးမှ ဆုံးဖြတ်ချက်ကို ချမှတ်ပါ။ အရေးကြီးဆုံးက လက်ရှိလုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို အမြန်ဆုံး ဆက်လက်လုပ်ဆောင်သွားပါ။ ဒီခေတ်ကာလတွေမှာ လူမျိုးတိုင်း၊ ဘာသာတိုင်း၊ အောင်မြင်မှုရရှိဖို့ ပြိုင်ဆိုင်နေကြချိန်မှာ ကျွန်တော်တို့လူမျိုးတွေက ရိုးရိုးသာမန်ပုံစံနဲ့ ပြိုင်နေဦးမယ်ဆိုရင် ဘယ်သောအခါမှ အောင်မြင်မှုရရှိဖို့ မလွယ်ကူပါ။ စည်းလုံးမှုနှင့် နားလည်မှုဆိုတဲ့ မြေသြဇာကို ထပ်ထည့်ပါမှ ဧကန်မုချ အောင်မြင်မှု ရရှိမည်ဖြစ်သည်။ လူငယ်ဆိုတာ အတောင်ပံပါတဲ့ မွေးကင်းစငှက်ကလေးလို ပျံသန်းခွင့်ပေးလိုက်ပါ။ သင့်ရဲ့ရှေ့လှမ်းတွေ ဘယ်လောက်ပဲနှေးနေပါစေ အရေးမကြီးပါဘူး။ အရေးကြီးတာက သင့်ရဲ့ခြေလှမ်းတွေ ရပ်တန့်သွားမှာကိုပါ။ ဆုံးဖြတ်ချက် ပြတ်သားတဲ့လူတစ်ဦး ဟာ အမှားတစ်ခုကို ဆုံးဖြတ်မိခဲ့မယ်ဆိုရင် ခံစားရမဲ့ဒုက္ခက တစ်ကြိမ်တည်းပါ။ ဆုံးဖြတ်ချက် မချမှတ်နိုင်တဲ့ လူတစ်ယောက်အတွက်ကတော့ ဒုက္ခအကြိမ်ကြိမ်အခါခါ ခံစားနေရမှာပါ။

ဒါ့ကြောင့်လူတွေဟာ ဘာမှမလုပ်ကြည့်ရသေးပဲနဲ့ မဖြစ်နိုင်ဘူးဆိုတဲ့အတွေး မတွေးမိစေနဲ့။ မိမိဝါသနာပါတဲ့အလုပ်ကို စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ တည်ငြိမ်စွာထားပြီး ကြီးမားတဲ့ရည်ရွယ်ချက်တွေနဲ့ စည်းကမ်းရှိရှိ ကြိုးကြိုးစားစား လုပ်ကိုင်ကြပါလို့ တိုက်တွန်းရင်း အောင်မြင်မှုလမ်းမကြီးပေါ်သို့ အတူတကွ လျှောက်လှမ်းနိုင်ကြပါစေ။

မျင်,မိုရ်;ခွန်
Powered by Blogger.