Wednesday, June 26, 2019

ဟိုပုံးမြို့နယ်တွင် အခွန်ဆိုင်ရာ သိမှတ်စရာ အသိပညာပေး ဟောပြောဆွေးနွေး

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၇)ရက်




ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာန၊ မြို့နယ်အခွန်များဦးစီးဌာနမှ ဇွန်လ ၂၆ ရက် နေ့လည်(၁)နာရီတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အခွန်ဆိုင်ရာသိမှတ်စရာဗဟုသုတ အသိပညာပေး ဟောပြော ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

မြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းတင့်က "ပြည်သူများ၏ ထမ်းဆောင်သည့် အခွန်များမှ စာသင်ကျောင်းများ ဆောက်လုပ်ခြင်း၊ လမ်းတံတားများတည်ဆောက်ခြင်း၊ သာသနာရေးဆိုင်ရာ ဆောင်ရွက်ခြင်းများစတဲ့ ပြည်သူ အကျိုးပြုလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိပြီး၊ နိုင်ငံသားအားလုံးထံမှ ရသင့်ရထိုက်သည့် အခွန်များကို အပြည့်အ၀ကောက်ခံ မရရှိတော့ပါက နိုင်ငံဖွံ့ဖြိုးတိုးတက် မှု ရှိတော့မှာ မဟုတ်တဲ့အတွက် အခွန်ကောက်ခံရရှိမှုနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဟာ တိုက်ရိုက်အချိုးကျကြောင်း" အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသွားသည်။

ဟောပြောပွဲတွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံသည့်အခွန်များ၊ အခွန်ကောက်ခံရခြင်း၏ ရည်ရွယ်ချက်၊ အဓိကအခွန် အုပ်စုကြီးများ၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုနှင့် အခွန်ကောက်ခံရရှိမှုတို့ ဆက်စပ်မှုရှိပုံ၊ ဗဟိုအစိုးရမှ ကောက်ခံနေသော အခွန်အမျိုးအစားများဖြစ်သည့် ကုန်သွယ်လုပ်ငန်းခွန်၊ ၀င်ငွေခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေသိန်းဆုခွန်နှင့် အထူးကုန်စည်ခွန် စသည်တို့ကို Projector (ပရိုဂျက်တာ)ဖြင့် အကျယ်တ၀ံ့ရှင်းလင်း ဆွေးနွေးသွားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် အခွန်ထမ်းပြည်သူများတို့က သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးမှူး ဦးဝင်းမြင့်က သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးခဲ့သည်။

" ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးစသော ပြည်သူအကျိုးပြုလုပ်ငန်းများကို အစိုးရမှ ကျခံသုံးစွဲ နိုင်ရေးအတွက် အသုံးစရိတ်ငွေများရရှိရန်နှင့် အခွန်ကောက်ခံခြင်းသည် အစိုးရ၏ အသုံးစရိတ်များ ရရှိစေရန် သက်သက်သာမကဘဲ အခွန်ကောက်ခံခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး ရည်မှန်းချက်များ အောင်မြင်မှု ရရှိစေရန် အထောက်အကူပြုရေးနှင့် ထိန်းချုပ်ရေး ကိရိယာအဖြစ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အခွန်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အခွန်ထမ်းပြည်သူများနှင့် မထမ်းဆောင်ရသေးသည့် ပြည်သူအများ သိရှိရန် ရှင်းလင်းဆွေးနွေးရခြင်းဖြစ်ကြောင်း" ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

လုပ်ငန်းရှင်များအနေဖြင့် "အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချရန် သတ်မှတ်ထားသည့် ကုန်စည်များကို အခွန်တံဆိပ်များ စနစ်တကျ ကပ်နှိပ်ရောင်းချရန်၊ ထုတ်လုပ်ရောင်းချမည့်ကုန်စည်များကို ကုန်သွယ်လုပ်ငန်းခွန် ထည့်သွင်း၍ တန်ဖိုးသတ်မှတ်ရောင်းချရန်၊ မိမိလုပ်ငန်းတွင် အသုံးပြုသော ငွေရပြေစာ(သို့မဟုတ်) အရောင်း လက်မှတ်များပေါ်တွင် အခွန်အမှတ်အသားများ ရိုက်နှိပ်၍ စားသုံးသူထံမှ အခွန်ကောက်ခံရန်နှင့် စားသုံးသူထံမှ ကောက်ခံရရှိသော အခွန်ငွေများကို လစဉ်လကုန်ပြီး (၁၀)ရက်အတွင်း အစိုးရထံပေးသွင်းရမည်"ဟု လုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များကို ၄င်းက ဆက်လက်ပြောကြားသည်။

ယင်းနောက် စားသုံးသူများ အနေဖြင့်လည်း "အခွန်တံဆိပ်ကပ်နှိပ်ထားသော ကုန်စည်များကိုသာ ရွေးချယ်၍ ၀ယ်ယူစားသုံးရန်နှင့် အခွန်တံဆိပ်အမှတ်အသားများ ရိုက်နှိပ်ထားသည့် ငွေရပြေစာ(သို့မဟုတ်) အရောင်းလက်မှတ်ကို အသုံးပြု၍ လုပ်ငန်းရှင်မှ ကောက်ခံသည့် အခွန်များကို ကြည်ဖြူစွာ ပေးဆောင်ကြရန်" ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးမှူး ဦးဝင်းမြင့်က တိုက်တွန်းပြောကြားသွားသည်။

အခွန်ဆိုင်ရာသိမှတ်စရာဗဟုသုတ အသိပညာပေး ဟောပြော ဆွေးနွေးပွဲသို့ ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့်ဌာနဆိုင်ရာများ၊ ဟိုပုံးမြို့နယ်အတွင်းရှိ အခွန်ထမ်းပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးခဲ့ပြီး ဆီဆိုင်မြို့နယ်တွင် ၂၀၁၉ ခုနှစ် ဇူလိုင်လ ဒုတိပတ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

ထက်ထက်(ဟိုပုံး)
Powered by Blogger.