Thursday, June 27, 2019

လူငယ် နှင့် ဖုန်းအန္တရာယ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၈)ရက်


ဖုန်းသည် အရင်ခေတ်တွင် ဆက်သွယ်ပြောဆိုရန်သာ အသုံးပြုနိုင်ခဲ့သော်လည်း နည်းပညာဖွံ့ဖြိုးတိုးတက်လာသော ဒီဘက်ခေတ် ၂၁ရာစုတွင် စမတ်ဖုန်းများ ခေတ်စားလာပြီးနောက်ပိုင်း ဖုန်းတစ်လုံးထဲမှာပင် ဆက်သွယ်နိုင်၊ သင်ယူလေ့လာနိုင်၊ ဆွေးနွေးနိုင်သော ဗဟုသုတဇုန်ကြီးတစ်ဖွယ် ဖြစ်လာတော့သည်။ သို့သော်နည်းပညာတစ်ခု တိုးတက်လာတိုင်း ကောင်းကျိုးနှင့် ဆိုးကျိုးများမှာ ဒွန်တွဲ၍ ကပ်ပါလာစမြဲ ဖြစ်သည်။ ထို့ကြောင့် လူသားများအနေဖြင့် ကောင်းကျိုးများကို ဆောင်ပြီး ဆိုးကျိုးများကို ရှောင်ကျဉ်နိုင်ရန်မှာ အလွန်အရေးကြီးလှ၏။

လွန်ခဲ့သော ဇွန်လ(၁)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်၊ နန်းလုံကျေးရွာနေ နန်းခမ်းပျဉ်း (အသက် ၁၅ နှစ်)သည် ဆိုလာပြားနှင့် ချိတ်ဆက်ပြီး ဘတ္ထရီအိုးမှတစ်ဆင့် ဖုန်းအားသွင်းလျှက် facebook အသုံးပြုစဉ် ဖုန်းအပူလွန်ကဲပြီး ပေါက်ကွဲကာ မီးလောင်မှုဖြစ်၍ အသက်ဆုံးပါးခဲ့သည့် သတင်းသည် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် သူသူငါငါ အထိတ်တလန့်ဖြစ်ခဲ့ကြရသည်။ ဤဖြစ်ရပ်သည် စမတ်ဖုန်းကို အသုံးပြုနေသည့် လူငယ်တိုင်း ဆင်ဆင်ခြင်ခြင်နှင့် သုံးတတ်ရန် မက်ဆေ့ပေးနေ၏။

ဒီကနေ့ခေတ်တွင် လူငယ်တိုင်းသည် စမတ်ဖုန်းကိုယ်စီကိုင်ဆောင်လာကြ၏။ ဖုန်းမသုံးတတ်လျှင် ခေတ်မမီသူအဖြစ် သတ်မှတ်ခံယူလာကြသည်။ သို့သော် ဖုန်းတစ်လုံးကို အသုံးပြုလျှင်ရရှိလာမည့် ကောင်းကျိုး၊ ဆိုးကျိုးများကို လေ့လာရန်အားနည်းနေကြသည်။ သူတို့၏ အသိသည် ဖုန်းတွင် ရှိသော facebook ကို အသုံးပြုမည်။ ဂိမ်းများကစားမည်သာ ဖြစ်သည်။ ဤအချက်များကြောင့် လူငယ်များကို အန္တရာယ်ဇုန်ထဲသို့ တွန်းပို့နေ၏။ ဖုန်းနှင့်ပတ်သက်လျှင် ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူဦးရေမည်မျှ သေဆုံးနေသည် ဟူသော စာရင်းအတိအကျကို မပြောနိုင်သော်လည်း နှစ်စဉ်နှစ်တိုင်း ဖုန်းနှင့်ဆက်နွယ်သော လူမှုရေးပြဿ   နာများ၊ သေဆုံးမှုများ၊ ခြိမ်းခြောက်မှုများကို အမြဲလိုလို သတင်းများ ထွက်ပေါ်နေပါသည်။

ဇွန်လ(၁)ရက်နေ့တွင် ထိုင်းနိုင်ငံရှိ လူငယ်တစ်ဦးသည် အိပ်ယာထဲတွင် ဖုန်းအားသွင်းရင်း ဓာတ်လိုက်ကာ သေဆုံးသွားပြီး ၄င်းဖြစ်စဉ်နှင့် မနီးမဝေး ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံမှာပင် နောက်ထပ် လူငယ်တစ်ဦးက Power Bank တွင် အပေါစားဖုန်းအားသွင်းကြိုးဖြင့် ဖုန်းအားသွင်းကာ နာကြပ်ဖြင့် သီချင်းနားထောင်နေစဉ် ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ပြည်မြန်မာသတင်းဂျာနယ် မှုခင်းသတင်းတွင် ဖတ်လိုက်ရပါသည်။ ၂၀၁၇ခုနှစ်တွင်လည်း အောင်ပန်း-ကလောဘက်၌ အမျိုးသမီးငယ်တစ်ဦး တောင်ယာလုပ်နေစဉ် ဖုန်းကို ကိုယ်နဲ့မကွာထားရှိသောကြောင့် မိုးကြိုးပစ်၍ သေဆုံးဖူးကြောင်း ကြားသိခဲ့ဖူး၏။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ဖုန်းနှင့်သေဆုံးသွားသည့်သူများသည် အများအားဖြင့် လူငယ်၊ လူရွယ်ပိုင်းတွင် အတွေ့များနေ၏။ အဘယ်ကြောင့် လူငယ်များ အများဆုံးဖြစ်နေရသနည်း။ မေးခွန်းရှိလျှင် အဖြေရှာရတော့မည် ဖြစ်သည်။ လူငယ်များသည် ခေါင်းမာသည့် သဘောသဘာဝရှိနေခြင်း၊ လူကြီးမိဘ ဆိုဆုံးမမှုကို နာခံမှု အားနည်းခြင်း၊ မလုပ်ရဟူသော အရာများကို မရ၊ ရအောင် ခိုးလုပ်တတ်ကြသော အကျင့်များရှိနေခြင်း၊ ဗဟုသုတလေ့လာလိုက်စားမှု အားနည်းနေသေးခြင်းကြောင့်ပင် ဖြစ်မည်ထင်ပါသည်။ အကယ်၍သာ လူငယ်များသည် ဖုန်းကို ဆင်ဆင်ခြင်ခြင်နှင့် အကျိုးရှိရှိ သုံးတတ်လျှင် ဤကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် လူငယ်များအနေဖြင့် ဖုန်းတစ်လုံးကို အသုံးပြုတော့မည်ဆိုလျှင် ဖုန်းနှင့် ပတ်သက်ပြီး ဖြစ်လာနိုင်သော ဆိုးကျိုး(အန္တရာယ်)များကို အရင်လေ့လာ သိထားသင့်ပါသည်။ အထူးသဖြင့် အသက်အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်သည့်အရာများကို သိထားရမည် ဖြစ်သည်။ ထို့ပြင် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အရာများကိုလည်း လေ့လာထားသင့်၏။ သတိသည် ပိုသည်မရှိပေ။ တခါတလေ သတိထားနေသည့်ကြားကပင် ဖြစ်တတ်လေ့ရှိသည်။ ထို့ကြောင့် လူငယ်များအနေဖြင့် ဖုန်းကို အန္တရာယ်ကင်းကင်းနှင့် အသုံးပြုနိုင်ရန် အိပ်ယာထဲတွင် အလွန်အကျွံ အားသွင်းခြင်း၊ ပျက်စီးနေသော အားသွင်းကြိုးဖြင့် အားသွင်းခြင်း၊ အားသွင်းရင်း ဖုန်းပြောခြင်း၊ ဂိမ်းဆော့ခြင်း၊ သီချင်းနားထောင်ခြင်း၊ မိုးရွာ၍ လျှပ်စီးလက်နေသော အချိန်တွင်း ဖုန်းပြောခြင်း စသည်တို့ကို ရှောင်ကျဉ်ရမည် ဖြစ်သည်။

ကျန်းမာရေးရှုထောင်အနေဖြင့် ကြည့်လျှင် ဂိမ်းအလွန်အကျွံ ဆော့ခြင်း၊ ဖုန်းကို အချိန်ကြာမြင့်စွာ ကြည့်ခြင်း၊ ခေါင်းအုံနားတွင် ထားအိပ်ခြင်း၊ အိပ်သာထဲတွင် ယူသွားခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ဖိလစ်ပိုင်နိုင်ငံသား လူငယ်တစ်ဦးက Mobile Legend ဂိမ်းကို အဆော့လွန်ပြီး အိပ်ချိန်၊ စားချိန် မမှန်သောကြောင့် အူမကင်ဆာဖြစ်ကာ ပြီးခဲ့သည့် ဇွန်လ(၄)ရက်နေ့တွင် အသက်ဆုံးရှုံးခဲ့ရသည်ဟူသော သတင်းကိုလည်း ဝမ်းနည်းစွာ ကြားသိခဲ့ရပါသည်။ ဤသည်မှာ ဂိမ်းအဆော့မက်သူအတွက် သတိပေးသံ ဖြစ်နေပါသည်။ ဖုန်းကို အလွန်အကျွံ ကြည့်လျှင် ဖုန်းမျက်နှာပြင်မှ ထွက်ပေါ်လာသော လျှပ်စစ်ရောင်ခြည်သည် မျက်လုံးများကို နာကျင်စေပြီး ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်သည်။ ထို့ပြင်ခေါင်းအုံး အောက်တွင်ထားပြီး ကြာရှည်စွာ အိပ်စက်လျှင်  ဖုန်းထဲရှိလျှပ်စစ်သံလိုက် ရောင်ခြည်များသည် ခေါင်းကိုက်ခြင်း၊ လေးလံထိုင်းမှိုင်းခြင်းကို ဖြစ်ပေါ်စေနိုင်ကြောင်း သိရှိရပါသည်။

စမတ်ဖုန်းနှင့် ပတ်သက်လျှင် လူတိုင်းအတွက် ကောင်းကျိုးများစွာ ရှိသကဲ့သို့ ဆိုးကျိုးများလည်း ရှိနေ၏။ သုံးတတ်လျှင် ကိုယ့်အတွက် ဆေး ဖြစ်သကဲ့သို့ မသုံးတတ်လျှင် ကိုယ့်အတွက် ဘေးထွက်ဆိုးကျိုး ဖြစ်စေနိုင်ပါသည်။ ထို့်ကြောင့် လူငယ်များအနေဖြင့် မိမိတို့၏ စမတ်ဖုန်းများကို အန္တရာယ်ကင်းကင်းနှင့် ကျန်းမာရေးမထိခိုက်စေရန်၊ လူမှုရေးပြဿ   နာများ မရှိစေရန်အတွက် အသိတရား၊ ဆင်ခြင်တုံတရားဖြင့် အသုံးပြုနိုင်ပါစေကြောင်း အကြုံပြု ရေးသားလိုက်ရပါသည်။

နဂါ့ခွန် 
Powered by Blogger.