Friday, June 28, 2019

ယိုယွင်းပျက်စီးနေသည့်ကျောင်းဆောင်နှင့် အလှူရှင်များစုပေါင်းလှူဒါန်းသည့် အဆောက်အဦသစ် ဆောက်လုပ်နေမှုအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများတို့က ကွင်းဆင်းစစ်​​ဆေး

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၈)ရက်




အခြေခံပညာမူလတန်းကျောင်း(ခွဲ) ကောင်စေတီကျောင်းသည် ၀ါးထရံခင်း၊ ၀ါးထရံကာ၊ ၀ါးတိုင်၊ သွပ်မိုး(၁)ထပ် အဆောက်အဦဖြစ်ပြီး ၊ ကျေးရွာမှ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ကိုယ်ထူကိုယ်ထကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ပညာရေးဝန်ကြီးဌာနမှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်း(ခွဲ) အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ရာ ယခုနှစ်တွင် သဘာဝဘေးအန္တရာယ်များကြောင့် ယိုယွင်းပျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းတင့်၊ တပ်မတော်နည်းပညာနှင့် ကွန်ပျူတာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်အောင်ခိုင်စိုးနှင့် အရာရှိများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတို့သည် အဆိုပါ ယိုယွင်းနေသည့်ကျောင်းအား ၆၀×၃၀ပေရှိ တိုင်ထူ၊ သွပ်မိုး၊ အုတ်ကာ၊ သမံတလင်းခင်း ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရေး အလှူရှင်များရှာဖွေကာ အသစ်ဆောက်လုပ်လျက်ရှိသည့် အဆောက်အဦအား ဇွန်လ (၂၇)ရက် နံနက်(၉)နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ကျေးရွာတာဝန်ခံများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

တပ်မတော်နည်းပညာနှင့် ကွန်ပျူတာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်အောင်ခိုင်စိုးနှင့် အရာရှိများတို့က ကျောင်းဆောင်အဆောက်အဦသစ်အတွက် လိုအပ်သည့် သွပ်များကို ထောက်ပံ့လှူဒါန်းပေး သည့် အပြင် ဇွန်လ(၃၀)ရက်နေ့တွင် နည်းပြများနှင့်သင်တန်းသားတို့စုပေါင်းကာ ကျောင်းပရ၀ဏ်ညီညာပြန့်ပြူး ရေးအတွက် မြေညှိခြင်း၊ မြေဖို့ခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ မူလတန်းကျောင်း(ခွဲ)ကို Cherry Land Bikers (TGI)မှ ၂၀၁၈ ဆောင်းရာသီတွင် တွေ့ရှိခဲ့ပြီး၊ ယခုနှစ်တွင် အသင်းသားများ၏ လစဉ်ထည့်ဝင်ငွေ ကျပ်သိန်း(၃၀)မတည်ကာ ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းခဲ့ပြီး ဆရာ/မ နှစ်ဦးကို ပညာရေးဌာနမှ ခန့်အပ်ထားရှိကာ ကောင်စေတီကျေးရွာရှိ ကျောင်းသား/သူ စုစုပေါင်း(၂၆)ဦးတို့အား အခြေခံမူလတန်းပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ထက်​ထက်​(ဟိုပုံး)
Powered by Blogger.