Monday, July 15, 2019

ပဋိပက္ခမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် သမိုင်းအစဉ်အလာကြီးမားသော နိုင်ငံတော်ဖြစ်ပေသည်။ ကိုလိုနီနယ်ချဲ့တို့၏ ကျုးကျော်မှုကြောင့် ၁၈၈၅ - ခုနှစ်တွင် နိုင်ငံတော်အာဏာလက်လွတ်ဆုံးရှုံးခဲ့ ရပြီးတိုင်းရင်းသားပြည်သူအပေါင်းတို့၏ စည်းလုံးညီညွတ်မှုစွမ်းအားဖြင့် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများကိုအသက်ပေါင်းများစွာစတေး၍ ဆင်နွှဲခဲ့ကြသောကြောင့် ၁၉၄၈ - ခုနှစ်၊ ဇန်န ၀ါရီလ(၄)ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံတော်အဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့ သည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကိုလွတ်လပ်ရေးရပြီး ၁၉၄၇ - ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ချုပ်ဆိုသည့် ပင်လုံစာချုပ်ဖြင့် ထူထောင်ခဲ့သည့် တိုင်းပြည်တစ်ပြည်ဟုဆိုလျှင် မှားမည်မဟုတ်ပေ။ ပင်လုံစာချုပ် လက်မှတ်ရေးထိုးကြသောခေါင်းဆောင်များသည် ဤပြည်ထောင်စုကြီးကိုဒီမိုကရေစီရေး၊ အမျိုးသားတန်တူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများအာမခံချက် အပြည့်အ၀ရှိသော ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များဖြင့် ထူထောင်ရန် သဘောတူညီခဲ့ကြသော်လည်း ခေါင်းဆောင်များလုပ်ကြံခံရပြီး နောက်ပိုင်းတာဝန်ယူသည့် အစိုးရအဆက်ဆက်တွင် ပင်လုံကတိက၀တ်များကို အပြည့်အ၀ အကောင်အထည်ဖော်နိုင်ခြင်းမရှိခြင်းကြောင့်ယနေ့တိုင်ပဋိပက္ခ ဖြစ်ပွားရခြင်းဖြစ်သည်ဟုယူဆရပါသည်။

တဘက်တွင်လည်းလွတ်လပ်ရေးအမြန်ရရှိရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံကို အလျင်အမြန် ရေးဆွဲကာ ၁၉၄၇ - ခုနှစ်တွင် တိုင်းပြည်ပြုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့ပြီး လွတ်လပ်ရေးရရှိသည့် အခါ နိုင်ငံတော်တွင် အဆိုပါ ဖွဲ့စည်းအုပ်ချုပ်ပုံဖြင့် ပါလီမန်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကျင့်သုံးခဲ့သည်။ သို့ရာတွင် နိုင်ငံတော်သည် ဒီမိုကရေစီစနစ်ကိုပီပြင်စွာကျင့်သုံးနိုင်မှုမရှိခြင်း၊ လွတ်လပ်ရေးပင် ရရှိသော် လည်း အုပ်ချုပ်သူအစိုးရ၏ စီမံအုပ်ချုပ်မှုလွဲမှားခြင်း၊ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ပါ အချက်များကို လျစ်လျူ ရှုခြင်းနှင့် တိုင်းရင်းသားလူမျိုးစုများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူမျိုးစုအရေးတို့နှင့် စပ်လျဉ်း၍ သဘောထားအမြင်များ၊ နိုင်ငံရေးအယူဝါဒများ ကွဲလွဲခြင်း၊ နိုင်ငံရေးပြဿ   နာကို နိုင်ငံရေးနည်းအရ အဖြေရှာ၍ မဖြေရှင်းခြင်း စသည့်အမျိုးမျိုးသော အကြောင်းတရားများအပေါ် အခြေခံပြီးလွတ်လပ်ရေးနှင့် အတူလက်နက်ကိုင်ပဋိပက္ခကို စတင်ပေါ်ပေါက်စေခဲ့ပါသည်။

၁၉၄၇ - ဖွဲ့စည်းအုပ်ချုပ်ပုံ အသက်ဝင်စဉ်ကာလ ဖြစ်ပေါ်လာသည့်ပဋိပက္ခနှင့် အခြေအနေအရပ်  ရပ်ကြောင့် ၁၉၆၂ - ခုနှစ်တွင် တပ်မတော်မှ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပါသည်။ အစိုးရသည် ဆိုရှယ်လစ်လမ်းစဉ်အဖြစ် တစ်ပါတီအာဏာရှင်စနစ်ကို ကျင့်သုံးပြီး ၁၉၄၇ - ဖွဲ့စည်းအုပ်ချုပ်ပုံကို ဖျက်သိမ်းကာ ၁၉၇၄ - ခုနှစ်တွင် တစ်ပါတီပုံစံအခြေခံလျက် ဖွဲ့စည်းပုံတစ်ရပ်ကို ရေးဆွဲကာ ဆိုရှယ်လစ်ဒီမိုကရေစီနိုင်ငံတော်အဖြစ် ကြိုးပမ်းတည်ထောင်ခဲ့ပြန်သည်။ အဆိုပါ ဖွဲ့စည်းပုံသည်လည်း ပဋိပက္ခကို မဖြေရှင်းနိုင်သည့်အပြင် ပိုမိုတောက်လောင်စေခဲ့သည်ဟု မှတ်တမ်းအရသိရှိရပါသည်။

ထို့အပြင် ၁၉၈၈ - ခုနှစ်တွင်နိုင်ငံတော်၌ ဖြစ်ပေါ်လာသည့် အခြေအနေအရပ်ရပ်ကြောင့် အရေးအခင်းဖြစ်ပေါ်ပြီး တပ်မတော်မှ နိုင်ငံတော်အာဏာကို ထပ်မံသိမ်းယူကာ အဆိုပါ ဖွဲ့စည်းပုံ သည်လည်း ရပ်ဆိုင်းသွားခဲ့ရသည်ဟု လေ့လာသိရှိရပါသည်။ နောက်ပိုင်းတွင် နိုင်ငံတော်အာဏာရယူပြီး တက်လာသည့် အစိုးရလက်ထက်တွင် ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်တို့ကို မိမိနိုင်ငံနှင့် လိုက်လျောညီထွေစွာ ထူထောင်နိုင်ရန်အတွက် ကြိုးပမ်းတည်ဆောက်ခဲ့ပြန်သည်။ အနာဂတ်နိုင်ငံတော်တွင် ရေရှည်အကျိုးရှိပြီးခိုင်မာသည့် ဖွဲ့စည်းပုံတစ်ရပ် မရှိမဖြစ် လိုအပ်သည့်အတွက် ၁၉၉၃ - ခုနှစ်မှ စ၍ အမျိုးသားညီလာခံကို ခေါ်ယူကျင်းပခဲ့ပါသည်။ အဆိုပါညီလာခံမှ သန္ဓေတည်၍ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာပါသည်။

အစိုးရအဆက်ဆက်သည် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အပြည့်အ၀ ဖော်ဆောင်နိုင်ခြင်းမရှိခဲ့ပေ။ ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုပြီးရွေးကောက်ပွဲမှ ပေါ်ပေါက်လာသည့် အစိုးရ၊ လွှတ်တော်လက်ထက်တွင် နှစ်ပေါင်း(၆၀)ကျော် ဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင်ပဋိပက္ခကို လက်နက်ကိုင်လမ်းစဉ်ဖြင့် ချဉ်းကပ်ဖြေရှင်းပါက မည်သည့်အခါမျှ အဆုံးသတ်နိုင်မည်မဟုတ်သည့်အတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းမှအပ အခြားနည်း မရှိခြင်းကြောင့် နားလည်ယူဆသည့်အတွက် ဦးသိန်းစိန် ဦးဆောင်သည့်အစိုးရမှ ပဋိပက္ခအား အပြီးသတ်ချုပ်ငြိမ်းနိုင်ရန်၊ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ရစ်ခဲ့သည့် နိုင်ငံတော်အား ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရန် ဤပြည်ထောင်စုကြီးကိုဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်အပြည့်အ၀ရှိသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု စနစ် ထူထောင်နိုင်ရန်အတွက် ၂၀၁၁ - ခုနှစ်၊ သြဂုတ်လ(၁၈)ရက်နေ့တွင် နိုင်ငံတော်အစိုးရမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် စတင်ဖိတ်ခေါ်သည်ဟုသိရှိရပါသည်။

ဖိတ်ခေါ်မှုအရတွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ကြိမ်ဖန်များစွာပြုလုပ်ပြီး ၂၀၁၅ - ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(၈)ဖွဲ့နှင့်လည်းကောင်း၊ ၂၀၁၈ - ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(၂)ဖွဲ့နှင့်လည်းကောင်း တစ်နိုင် ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးနိုင်ခြင်းနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံပါ ကျင်းပနိုင်ခြင်းသည် နှစ်ပေါင်း(၆၀)ကျော်ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးဆီသို့ အလားအလာကောင်းကို အစပျိုးလိုက်နိုင်ခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်ပါသည်။

ပဋိပက္ခကြောင့် ပြည်ထောင်စုသား အချင်းချင်းကြား လူသားအရင်းအမြစ်များ၊ အခြားသော အရင်းအမြစ်များနှင့် နိုင်ငံတော်ဘဏ္ဍာငွေ အမြောက်အများ ဆုံးရှုံးခဲ့ရပြီးဖြစ်သည့်အပြင် နိုင်ငံအတွင်း ပဋိပက္ခ ဖြစ်သည့်ဒေသများတွင် အပြစ်မဲ့ရိုးသားသော ဒေသခံတိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဥစ္စာများစတေးကြရခြင်း၊ အကျိုးစီးပွားများ ထိခိုက်ပျက်ဆီးခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု မရှိခြင်းစသည့် စစ်၏အနိဌာရုံများ ယနေ့တိုင် ခံစားနေရဆဲ ဖြစ်ပါသည်။ ညီနောင်အချင်းချင်းကြား ဖြစ်ပွားသည့်ပဋိပက္ခသည် လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖြေရှင်းနေသမျှ ကာလပတ်လုံးအဆုံးဟူ၍ ရှိနိုင်မည်မဟုတ်ပေ။ စစ်၏သဘောတရားအရစစ်ပွဲတစ်ပွဲတွင် တစ်ဘက်ဘက်မှ အောင်နိုင်မှုရရှိသော်လည်း ရှုံးသည့်ဘက်မှရှုံးကြွေးကို ပြန်ဆပ်နိုင်ရန် ပြန်လည်ကြိုးပမ်းအားထုတ်နေမည် ဖြစ်သကဲ့သို့ အောင်နိုင်သည့် ဘက်မှလည်း ၎င်းအောင်နိုင်မှုကိုဆက်လက်ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းနေမည် ဖြစ်ပါသည်။ စစ်ကြောင့် ဖြစ်သည့်ပြဿ   နာကို လက်နက်ကိုင်သည့်နည်းဖြင့် ဖြေရှင်းမည်ဆိုပါက မည်သည့်အခါမျှ ပြီးဆုံးနိုင်မည် မဟုတ်ပေ။

‘‘နိုင်ငံတစ်နိုင်ငံတွင် ငြိမ်းချမ်းရေးမရှိပဲ ဒီမိုကရေစီစနစ်ကို ထူထောင်နိုင်မည် မဟုတ်သကဲ့သို့ ဒီမိုကရေစီမရှိပဲနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်၍ ရနိုင်မည် မဟုတ်ပေ’’ ‘‘ထိုနည်းတူ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးမရှိဘဲ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နိုင်မည် မဟုတ်သကဲ့သို့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည်မဟုတ်ကြောင်း” ယူဆပါသည်။ NCA လမ်းကြောင်းအရကျန်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်လက်မှတ်ရေး ထိုးနိုင်မှသာ မိမိတို့သွားလိုသည့် ပြည်ထောင်စုစနစ်ကို အတူတကွပူးပေါင်း တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါသည်။ လက်မှတ်ရေးထိုးနိုင်ရေးအတွက် နှစ်ဦးနှစ်ဖက် စိတ်ရှည်သည်းခံမှု၊ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုမှသည်သဘောတူညီမှု ရရှိသည်အထိဆွေးနွေးညှိနှိုင်းရမည် ဖြစ်ပါသည်။

တွေ့ဆုံရာတွင် အတိတ်ဖြစ်ရပ်ဆိုးများ၊ ရန်ငြိုးရန်စများ၊ ပုဂ္ဂိုလ်ရေးနာကြည်းမှုများ၊ မကျေနပ်မှုများ၊ အတ္တမာနများကို ဘေးဖယ်ထားရန် လိုအပ်မည်ဖြစ်သည့်အပြင် မိမိတို့၏ကိုယ်ကျိုး၊ မိသားစုအကျိုး၊ အဖွဲ့အစည်းအကျိုးမကြည့်ပဲ ယနေ့ (၂၁)ရာစုခေတ်နှင့် လိုက်လျောညီထွေသည့်၊ ဖြစ်ချင်သည့်အရာထက် ဖြစ်သင့်သည့်၊ ဖြစ်နိုင်သည့်၊ သူ့ဘက်ကိုယ့်ဘက်လက်ခံနိုင်သည့်၊ လိုက်လျောပေးနိုင်သည့် တိုင်းပြည်နှင့်ပြည်သူများအတွက် အကျိုးရှိသည့်၊ ကောင်းမွန်သည့်အပြန်အလှန် တောင်းဆိုချက်မျိုးကို အတူတကွ ဆွေးနွေးညှိနှိုင်းခြင်း၊ ငြင်းခုံခြင်းဖြင့် ကြိုးပမ်း၍ အဖြေရှာသင့်ပြီဖြစ်ပါသည်။ (For Show) ဟန်ပြသက်သက်မဟုတ်ပဲ ယနေ့ထိရပ်တန့်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အချိန်မဆွဲပဲ အမှန်တကယ် တိုင်းပြည်နှင့် ပြည်သူအကျိုးကို ရှေးရှုကာ လက်ရှိတာဝန်ရှိသူ၊ အာဏာရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူ၊ ပါဝင်ခွင့်ရှိသူ၊ ပါဝင်သင့်ပါဝင်ထိုက်သူပုဂ္ဂိုလ်အားလုံးအနေဖြင့် မိမိတို့လက်ထက်တွင်’’ရပ်တန့်တစ်ဆို့နေသည့် ငြိမ်းချမ်းရေး ကိစ္စ’’ကိုအမြန်ဆုံးနှင့် အထိရောက်ဆုံးဖြင့် အောင်မြင်စွာ ဖော်ဆောင်ပြီး နောင်မျိုးဆက်များအတွက် အခြေခံမူအဖြစ် ဖွဲ့စည်းပုံတွင် ထည့်သွင်းရေးဆွဲနိုင်သည့် အမွေကောင်းကို ချန်ထားသင့်ပါကြောင်း အကြံပြုလိုပါသည်။

ထိုမှသာ တိုင်းပြည်အတွက် အကျိုးမရှိသော၊ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးကို အနှောင့်အယှက်၊ အဟန့်အတား၊ နှောင့်နှေးကြန့်ကြာစေသော ပြည်သူများမလိုလားသော၊ ရွံမုန်းသော၊ နှစ်လရှည်ကြာစွာ ဒုက္ခမျိုးစုံပေးသည့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး တိုင်းပြည်အတွက် ပြည်သူများ အနှစ်နှစ်အလလ လိုလားတောင့်တနေသည့် ထာဝရငြိမ်းချမ်းရေး၏ အသီးအပွင့်၊ အနှစ်သာရဖြစ်သောတည်ငြိမ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တိုးတက်ဖွံ့ဖြိုးခြင်း၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလ တရားများ ခံစားစံစားရပြီး (၂၁)ရာစုတွင် တိုင်းရင်းသားပြည်သူအားလုံး မျှော်မှန်းသည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်အပြည့်အ၀ရှိသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြည်သူတစ်ဦး အနေဖြင့် တိုက်တွန်းရေးသား တင်ပြလိုက်ရပါသည်။

ခွန်နောင်နောင်
Powered by Blogger.