Sunday, July 14, 2019

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ၏ ကြယ်ပွင့်မပြမေးခွန်းမေးမြန်းခြင်းနှင့် ပြည်ထောင်စုဝန်ကြီး၏ ပြန်လည်ဖြေကြားခြင်း

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်


ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၉)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေမှ ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ မအွန်လောင်းကျေးရွာအုပ်စု၊ မအွန်လောင်း- ပန်တ၀ိ - ပုန်လောင်း - စံပူး - နမ့်တယ် လမ်းပိုင်း(၂၁)မိုင် (၁)ဖာလုံ ကျေးရွာချင်းဆက်လမ်းပိုင်းအား ရာသီမရွေး သွားလာနိုင်သောလမ်းအဖြစ် လာမည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ပေးနိုင်ပါရန်နှင့် ဆောင်ရွက်ပေး မည့်အစီအစဉ်နှင့် စပ်လျဉ်း၍ ဒေသခံပြည်သူများကိုယ်စား သိရှိလိုပါသဖြင့် ကြယ်ပွင့်မပြမေးခွန်းကို မေးမြန်းခဲ့ပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားသည်မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ မအွန်လောင်းကျေးရွာအုပ်စု၊ မအွန်လောင်း - ပန်တ၀ိ ကျေးရွာချင်းဆက်လမ်းနှင့် ဆက်သွယ်သည့် အောက်ပါကျေးလက်လမ်းပိုင်းများသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်းပိုင်းများဖြစ်ပါသည်။

(က) မအွန်လောင်း - ပန်တ၀ိ လမ်းပိုင်းအရှည်(၁၄)မိုင်သည် Class(A) ဦးစားပေးအဆင့်(၁) မြေသားလမ်းဖြစ်ပြီး ကျေးလက်နေ လူဦးရေ(၁၅၀၀)ကျော်တို့အား အကျိုးပြုသော လမ်းပိုင်းဖြစ်ပါသည်။

(ခ) ပန်တ၀ိ- ပုန်လောင်း လမ်းပိုင်းအရှည်(၃)မိုင်(၄)ဖာလုံသည် Class(C) ဦးစားပေးအဆင့်(၃) မြေသားလမ်းဖြစ်ပြီး ကျေးလက်နေ လူဦးရေ(၇၀၀)ခန့်တို့အား အကျိုးပြုသော လမ်းပိုင်းဖြစ်ပါသည်။

(ဂ) ပန်တ၀ိ - စံပူး လမ်းပိုင်းအရှည်(၃)မိုင်သည် Class(C) ဦးစားပေးအဆင့်(၃) မြေသားလမ်းဖြစ်ပြီး ကျေးလက်နေ လူဦးရေ (၇၀၀)ခန့်တို့အား အကျိုးပြုသောလမ်းပိုင်းဖြစ်ပါသည်။

(ဃ) ပန်တ၀ိ - နန့်တယ် လမ်းပိုင်းအရှည် (၆)မိုင်(၂)ဖာလုံသည် Class(C) ဦးစားပေးအဆင့်(၃) မြေသားလမ်းဖြစ်ပြီး ကျေလက်နေ လူဦးရေ(၆၅၀)ခန့်တို့အား အကျိုးပြုသော လမ်းပိုင်းဖြစ်ပါသည်။

ပန်တ၀ီ - မအွန်လောင်း လမ်းပိုင်းအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မြေသားလမ်း(၄)မိုင် (၅)ဖာလုံအားလည်းကောင်း၊ ၂၀၁၈ခုနှစ် ပထမ(၆)လ ဘတ်ဂျက်ဖြင့် မြေသားလမ်း(၂)မိုင်(၁)ဖာလုံအားလည်းကောင်း သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ မြေသားလမ်းဖောက်လုပ်ပေးခဲ့ပြီး ဖြစ်ပါသည်။

ဆက်လက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မြေသားလမ်း(၂)မိုင် လျာထားပြီး ဖြစ်ပါသည်။ ပန်တ၀ိ - ပုန်လောင်း လမ်းပိုင်းအရှည်(၃)မိုင်နှင့် ပန်တ၀ိ - စံပူး လမ်းပိုင်းအရှည်(၃)မိုင်တို့ကို လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာငွေတွင် တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ဆက်လက်၍ ပန်တ၀ိ - နန့်တယ် လမ်းပိုင်းအရှည် (၆)မိုင်(၂)ဖာလုံအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများ၌ ပြည်ထောင်စုဘဏ္ဍာငွေတွင် ထည့်သွင်းတင်ပြတောင်းခံသွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မအွန်လောင်း - ပန်တ၀ိ ကျေးရွာချင်းဆက်လမ်းနှင့် ဆက်သွယ်သည့် ကျေးလက်လမ်းပိုင်းများအား ဘဏ္ဍာရေးနှစ်အလိုက် အပိုင်းလိုက် ရန်ပုံငွေ တင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်ကို အဆိုပါဒေသနေပြည်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ သိရှိစေရန် အသိပေးတင်ပြအပ်ပါသည်။

လွှတ်တော်ရေးရာဌာန
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး
Powered by Blogger.