Wednesday, July 24, 2019

ရိုးရာမပျက်ထိန်းသိမ်းခြင်းဖြင့် ဥပဒေဘောင်အတွင်း ကျင်းပခြင်း

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်


ပအိုဝ်းတိုင်းရင်းသားများသည် ရိုးသားဖြူစင်စွာ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြသော လူမျိုးတစ်မျိုးဖြစ်ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းကို မိရိုးဖလာဓလေ့ထုံးတမ်းအစဉ်အလာအရ သီးနှံများ စိုက်ပျိုးလာကြသည်။ ထိုသို့ နှစ်စဉ်နှင့်အမျှ စိုက်ပျိုးရေးကို စိုက်ပျိုးရာသီဖြစ်သည့် မိုးရာသီမရောက်မီ ကဆုန်လ၊ နယုန်လတို့တွင် မိုးကြိုဆိုပွဲခေါ် ရိုးရာပွဲတော်တစ်ခုဖြစ်သည့် “လုတ်ဖဲုင်(ခေါ်)မီးရှူး”ပွဲကို နှစ်စဉ်နှစ်တိုင်းကျင်းပလာကြသည်မှာ ရှေးယခင်ကတည်းကပင် ယနေ့အချိန်ထိဖြစ်သည်။ ထိုသို့ကျေးရွာ နယ်ပယ်အသီးသီးမှ မိုးခေါ်ပွဲကျင်းပလျက်ရှိသည်ကို တွေ့ကြရပါသည်။ ထိုသို့ကျင်းပသောမိုးခေါ်ပွဲကို ပအိုဝ်းကျေးရွာများမှာ ပအိုဝ်းအခေါ် (ကျောင်းတကာ) အတွင်းရှိ ကျေးရွာများမှ ကျေးရွာတစ်ခု အတွင်းတွင်သာ ဓလေ့ထုံးတမ်းအရ စုပေါင်းကျင်းပခဲ့ကြသည်။ ထိုသို့ကျင်းပရာတွင်လည်း လုတ်ဖဲုင်း (ခေါ်) မီးရှူး၊ မီးလုံး အလုံးရေ အနည်းငယ်ကိုသာ ရိုးသားပျော်ရွှင်စွာပါဝင်ဆင်နွှဲ လွှတ်တင်လေ့ရှိကြပါသည်။

ထို“လုတ်ဖဲုင်(ခေါ်)မီးရှူး”ပွဲသည် တရုတ်တိဘက်တောင်တန်းမှ ဆင်းသက်လာကြသော တိုင်းရင်းသားများဖြစ်သည့် ယခုလက်ရှိမြန်မာနိုင်ငံတွင် ရှမ်း၊ ပလောင်(တအာင်း)၊ ပအိုဝ်း၊ ၀ အစရှိသည့် တိုင်းရင်းသားလူမျိုးများသည် မိမိတို့နယ်ပယ်ဒေသအသီးသီးရှိ “လုတ်ဖဲုင်(ခေါ်)မီးရှူး”ပွဲတော်ကို မိမိတို့လူမျိုး၏ ဓလေ့ပွဲတော်ဟုလည်း ခေါ်ဆိုကြသည်ကိုလည်း တွေ့ရပါသည်။ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံရှိ ယွန်း ထိုင်းမျိုးနွယ်စုများကလည်း “လုတ်ဖဲုင်(ခေါ်)မီးရှူး”ပွဲတော်ကို ဓလေ့ပွဲတော်အဖြစ် ပြုလုပ်ကြသည်ကိုလည်းတွေ့ရပါသည်။

မိမိတို့ပအိုဝ်းဒေသမှ ရိုးရာမီးရှူးပွဲတော် ကျင်းပခဲ့ကြပုံမှာ ယခင်ခေတ်ကာလတစ်ခုတွင် ပအိုဝ်းအခေါ် (ကျောင်းတကာ) တစ်ခုအတွင်းရှိ ကျေးရွာများမှ စုစည်းကာ ကျေးရွာတစ်ရွာအတွင်းတွင်သာ ကျင်းပပြီး ဘေးပတ်ဝန်ကျင်းရှိ ကျေးရွာများမှလည်း ဝိုင်းဝန်းကာ ၎င်းပွဲတော်ကို ကျင်းပပြုလုပ်ကြပါသည်။ ထိုသို့ကျင်းပရာတွင် ရိုးရာမီးရှူးများလွှတ်တင်နိုင်ရန် ကျေးရွာတစ်ရွာမှ “လုတ်ဖဲုင်(ခေါ်)မီးရှူး”ကို တစ်လုံးသာပြုလုပ်ကြပြီး ပွဲတော်ကိုလည်းတစ်ရက်တည်းသာ ပြုလုပ်ကျင်းပပါသည်။ သို့သော်ယနေ့ခေတ်အခါတွင် ပအိုဝ်းအခေါ် (ကျောင်းတကာ)အတွင်းရှိ ကျေးရွာများနှင့် ဘေးပတ်ဝန်းကျင်ရှိကျေးရွာတင်မကဘဲ အခြားနယ်မြေဒေသဖြစ်သည့် ငွေးကြေးကြွယ်ဝချမ်းသာသူများက ပါဝင်လာကြပြီး ထိုပုဂ္ဂိုလ်များသည် “လုတ်ဖဲုင် (ခေါ်) မီးရှူး”ကို တစ်ဦးလျှင် အလုံးရေပေါင်းများစွာပြုလုပ်ကြပြီး ထိုဒေသရှိပွဲတော်တွင်းသို့ ၀င်ရောက်လာကာ ယှဉ်ပြိုင်သည့် လောင်းကစားသဘောသို့ သက်ရောက်လာမှုရှိလာပြီး ပြိုင်ပွဲအသွင်သဏ္ဍာန်သို့ ကူးပြောင်းလာသည်ကိုလည်း တွေ့ရှိလာပြီဖြစ်သည်။

ထို့အပြင်လည်း ယခင်က လုတ်ဖဲုင် (ခေါ်) မီးရှူး ပွဲတော်မှာ တစ်ရက်တည်းသာ ကျင်းပပြုလုပ်ကြ သော်လည်း ယနေ့ခေတ်တွင် ပွဲတော်ကို တစ်ရက်တည်းနှင့်မပြီးဘဲ (၃)ရက် (၄) ရက်ဖြင့် လွှတ်တင်ပြုလုပ် လာသည်ကိုလည်းတွေ့ရပါသည်။ ထိုသို့ပြိုင်ပွဲဝင်ပြိုင်နိုင်မည့် ထို“လုတ်ဖဲုင်(ခေါ်)မီးရှူး” တစ်လုံး ပြုလုပ်မှု စုစုပေါင်းတန်ဖိုး ခန့်မှန်းခြေမှာ (၅)သိန်းနှင့်အထက် ကုန်ကျမည်ဖြစ်ပြီး၊ ပြိုင်ပွဲဝင်ကြေးဆိုသည့် အရာများလည်းရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ယနေ့ခေတ်ကျင်းပနေသော ရိုးရာမီးရှူးပွဲတော် တစ်ပွဲတွင် မိမိအနေဖြင့် မြင်တွေ့ရသည်မှာ အနည်းဆုံးအလုံးရေပေါင်း(၂၀၀) ၀န်းကျင်ရှိသည်ကိုလည်း တွေ့ရပါသည်။

ထို “လုတ်ဖဲုင်(ခေါ်)မီးရှူး”အလုံးပေါင်း(၂၀၀)၏ စုစုပေါင်းပြုလုပ်မှု ခန့်မှန်းတန်ဖိုးများသည်  သိန်းပေါင်း(၁၀၀၀)၀န်းကျင် ကုန်ကျမှာဖြစ်ပါသည်။ ၎င်းအပြင် ထိုရိုးရာ“လုတ်ဖဲုင်(ခေါ်)မီးရှူး”ပွဲတော် ပြုလုပ်ကျင်းပသည့် ကျေးရွာများသည် မူးယစ်ဆေးဝါးဆိုင်ရာများဖြစ်သည့် အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်းယာ အနည်းနှင့်အများသုံးစွဲကြမည်ဖြစ်ပြီး ပွဲတော်ကို ပျော်ရွှင်စွာဆင်နွဲကြသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ ထိုသို့သုံးစွဲသည့် မူးယစ်ဆေးဝါးများဆိုင်ရာဖြစ်သည့် အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်းယာ အစရှိသည့် အစားအသောက်များသည် သုံးဖြုန်းမှုစရိတ်သည်လည်း မနည်းပင်ဖြစ်ပါသည်။ ထိုသို့ ရိုးရာပွဲတော်ကျင်းပပြုလုပ်ရာ၌ “လုတ်ဖဲုင်(ခေါ်)မီးရှူး”ကို လွှတ်တင်ရာတွင် ရိုးရာပွဲတော်ဟု အကြောင်းပြပြီး ငွေကြေးများအဖြစ်ဖြစ်စေ၊ လယ်ယာမြေများအဖြစ်ဖြစ်စေ အစရှိသည့်ပစ္စည်းများဖြင့် လောင်းကစားမှုများ ပြုလုပ်ကြသည်မှာလည်း တွေ့ရမည်ဖြစ်ပါသည်။

၎င်းအပြင် “လုတ်ဖဲုင်(ခေါ်)မီးရှူး”ကို ပြုလုပ်ရာတွင် အသုံးပြုသည့်ကိရိယာများသည် ခဲ၊ ယမ်းများ ဖြင့်ပြုလုပ်သည့်အတွက် လူသားများအနေဖြင့်လည်း အန္တရာယ်များစွာဖြစ်စေနိုင်ကြောင်းနှင့် “လုတ်ဖဲုင် (ခေါ်)မီးရှူး”လွှတ်တင်သည့်နေရာတွင်လည်း ယနေ့ခေတ် မိမိတို့နယ်မြေဒေသ အသီးသီးတွင်လည်း လူဦးရေထူထပ်များပြားလာသည့်အတွက် လူတို့အတွက်များစွာ အန္တရာယ်ဖြစ်စေနိုင်သည်ကိုလည်းတွေ့ရပါသည်။

ထို့ကြောင့် ရိုးရာပွဲတော်ကို အမည်ခံပြီး ရက်ရှည်ပွဲတော်ကျင်းပနေသည့်အပြင် လောင်းကစားမှုများပြုလုပ်ကြသည်ကို မိမိအနေဖြင့်တွေ့မြင်နေရပြီး လက်ရှိပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှပြဋ္ဌာန်းသည့် အသစ်ပြင်ဆင်ပြဌာန်းလိုက်သည့် လောင်းကစားဥပဒေနှင့်လည်းကိုက်ညီမှု မရှိသည့်အပြင် ထိုဥပဒေကိုကျူးလွန်မိသည်ဖြစ်ကြောင်း သိစေလိုပါသည်။ ထို့အပြင် “လုတ်ဖဲုင် (ခေါ်) မီးရှူး”များကိုပြုလုပ်ရာတွင် ခဲ၊ ယမ်းများဖြင့် ပြုလုပ်သည်မှာလည်း လက်နက်ဥပဒေကိုကျူးလွန်သည် ဖြစ်ကြောင်းနှင့် “လုတ်ဖဲုင် (ခေါ်)မီးရှူး” များ အလုံးပေါင်းရာကျော်ရှိသည့် ကုန်ကျစရိတ်တန်ဖိုးသည်လည်း သိန်းပေါင်းထောင်ကျော်နှင့် မူးယစ်ဆေးဝါးဆိုင်ရာဖြစ်သည့် အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်းယာအစရှိ သည့်အစားအသောက်များမှ သုံးဖြုန်း၍ကုန်ကျသောတန်ဖိုးများသည်လည်း များစွာကုန်ကျနေသည်ကို တွေ့ရပါသည်။

ထိုသို့ “လုတ်ဖဲုင်(ခေါ်)မီးရှူး”လွှတ်တင်ရာ၌ လောင်းကစားမှုပြုလုပ်သည့် ငွေကြေးများနှင့်ပေးဆပ်လိုက်ရသည့်အချိန်များသည်လည်း များစွာဖြစ်နေသည်ကို တွေ့ရပါသည်။ ထိုသုံးစွဲမှု ကုန်ကျစရိတ် အားလုံး၊ သုံးဖြုန်းမှုစရိတ်အားလုံးနှင့် လောင်ကစားမှုပြုလုပ်သည့်ငွေကြေးအားလုံးတို့သည် မိမိတို့ဒေသရှိ အနာဂါတ်မျိုးဆက်သစ်လူငယ်များအတွက် ပညာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်း၊ တံတား၊ စာသင်ကျောင်း၊ ကျန်းမာရေးဆေးပေးခန်းများ အစရှိသည့်လုပ်ငန်းများဆောင်ရွက်ပါက ဒေသအတွက် များစွာအကျိုးရှိကြောင်း မြင်မိပါသည်။

ထို့ကြောင့် ရိုးရာပွဲတော်ကို ရိုးရာစဉ်လာမပျက် ထိန်းသိမ်းတတ်စေရန်နှင့် လုံးဝပိတ်ရန် မပြုလုပ်လိုသော်လည်း၊ ထိုသို့ရိုးရာပွဲတော်သည် စိုက်ပျိုးရေးကောင်းမွန်စွာ ဖြစ်ထွန်းအောင်မြင်နိုင်ရန်အတွက် နှစ်စဉ် နှစ်တိုင်းကျင်းပလျက်ရှိသော မိုးခေါ်ပွဲဖြစ်သည့် “လုတ်ဖဲုင်(ခေါ်)မီးရှူး”ပွဲတော်ကို ရိုးရာစဉ်လာမပျက်ပြုလုပ်မည်ဆိုပါက လောင်းကစားမှုကင်းရှင်းပြီး ရိုးသားဖြူစင်စွာပြုလုပ်သင့်ကြောင်း၊ ပွဲတော်ကိုလည်းအချိန်ကာလကြာရှည်စွာမပြုလုပ်သင့်ကြောင်းနှင့် ပွဲတော်တွင်လည်း မူးယစ်ဆေးဝါးများဆိုင်ရာ သုံးစွဲခြင်းမရှိဘဲ ရိုးသားပျော်ရွှင်စွာပြုလုပ်သင့်ကြောင်း မိမိအနေဖြင့် မည်သူတစ်ဦးတစ်ယောက်ရည်ရွယ်၍ ရေးသားခြင်းမဟုတ်ကြောင်း မိမိတို့ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများကို သိရှိဆင်ခြင်သင့်သည့် ရိုးရာပွဲတော်ဆောင်းပါးဖြင့် ရေးသားတင်ပြအပ်ပါသည်။

ခွန်ကာ;ခမ်း
Powered by Blogger.