Wednesday, July 24, 2019

တောင်ကြီးမြို့နယ်၊ စခဲကျေးရွာတွင် 'ကျေးလက်ဒေသဖွံ့ဖြိုးရေး'ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်



ဒီမိုကရေစီခေတ်မှာ အစိုးရနှင့်ပြည်သူများအကြား ဆွေးနွေးတိုင်ပင်နိုင်ရန်၊ ပြည်သူတို့ရဲဘဝ ဖြတ်သန်းမှု အကြောင်းကိစ္စများ ဆွေးနွေးပြောကြားနိုင်သော အခွင့်အလမ်းဖော်ဆောင်ပေးရန်၊ လူထုရဲ့စဉ်းစား တွေးခေါ်မှု မြင့်မားလာစေရန်နှင့် အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သော အလေ့အထကောင်းများ ရှိလာစေရန် ရည်ရွယ်ချက်ဖြင့် တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ပူးပေါင်းပြီး ''ကျေးလက်ဒေသဖွံ့ဖြိုးရေး''ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၂၃)ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု၊ စခဲကျေးရွာရှိ စခဲဘုန်းတော်ကြီးကျောင်းထဲမှာ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ပြည်သူ့စကားဝိုင်းတွင် ဒေသခံပြည်သူများက ကြက်မွေးမြူသည့်ခြံများကြောင့် အနံ့ဆိုးနေသည့်အခြေနေ၊ ပြည်သူများ ပုံစံ(၁၀၅)နှင့်အိမ်ထောင်စုဇယားပြုလုပ်ချင်သည့်အကြောင်းများ၊ အမက(စခဲ)မြေကွက်ကိစ္စ၊ နမ်းဆီးအထက(ခွဲ)အား ပတ်ကားရရှိစေရန်နှင့် လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများ မီးရရှိနိုင်ရန်၊ ရေထွက်ဦးဂနိုင်များအား အစိုးရနှင့်ဒေသခံပြည်သူများ ပူးပေါင်းကာ ဥပဒေနှင့်အညီ ထိန်းသိမ်းနိုင်စေရန်၊ ခနောက်စိမ်းစက်ရုံ အနံ့ဆိုးထွက်နေသည့်အကြောင်းနှင့်မူရာကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲမှ ဆရာမလိုအပ်နေသည့်အကြောင်းစသည့် ဒေသလိုအပ်ချက်များကို တင်ပြခဲ့ကြပါတယ်။

ကြက်ခြံကိစ္စနှင့်ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးဖြိုးမင်းထိုက်က “ အရင်ကဆို ကြက်ခြံဆိုတာက ရွာနဲ့ ဝေးတဲ့နေရာမှာ မွေးကြတယ်၊ ကြာလာတော့ ရွာရဲ့ တိုးချဲ့မှု၊ လူဦးရေများပြားလာမှုဖြစ်လာတော့ ကြက်ခြံတွေက ရွာထဲရှိလာတယ်၊ မွေးမြူတဲ့သူတွေရဲ့ စနစ်ကျနမှုမရှိတာကြောင့် အနံ့အသက်ဆိုးမှုတွေ ဖြစ်လာတယ်၊ ယင်ကောင်တွေ များလာတယ်၊ မြို့ပြနဲ့ ကျေးရွာဆိုတာရှိတယ်၊ မြို့ပြဆိုရင် သတ်မှတ်တဲ့စည်းကမ်းချက်နဲ့ မညီရင် စည်ပင်သာယာရေးဥပဒေနဲ့ အရေးယူလို့ရတယ်၊ ကျေးရွာမှာကြတော့ စည်ပင်သာယာရေးဥပဒေက သက်ရောက်မှုမရှိဘူး၊ အဲတော့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနဲ့ ပူးပေါင်းပြီး ပညာပေးတဲ့လုပ်ငန်းကို အရင်လုပ်ရပါတယ်၊ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း တကယ်လုပ်ရင် အနံ့မထွက်ပါဘူး၊ ယင်ကောင်းလည်းမများဘူး၊ စနစ်တစ်ကျမလုပ်ပဲ အဓိကအမြတ်များများရဖို့ပဲ လုပ်နေရင် အနံ့ဆိုးထွက်ပြီး ယင်ကောင်တွေ များလာပါတယ်။ အသိပေးတယ်၊ ပညာပေးတယ်၊ တကယ်လို့ လိုက်နာခြင်းမရှိဘူးဆိုရင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ် “ လို့ ပြောကြားပါတယ်။

အဆိုပါ စကားဝိုင်းတွင် ရှမ်းပြည်နယ်လွှတ်တော်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သူရအောင် ၊ တောင်ကြီးမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်၊ ၊တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်သန်းဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နောင်လေးကျေးရွာအုပ်စု ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်။

ခွန်ယံသေ၊ ခွန်ဓဇ
Powered by Blogger.