Sunday, July 7, 2019

"ကျေးလက်လူထု ဥပဒေ၏ ဖိနှိပ်မှု"

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလှိုင်လ (၈) ရက်


ဒီနေ့အချိန်အခါဟာ တိုးတက်မှုမြန်ဆန်တဲ့ခေတ်ကာလအလျောက် မှုခင်းပေါင်းစုံလည်း နေ့စဉ်နဲ့ အမျှမရေတွက်နိုင်အောင် ဖြစ်ပွားနေကြပါတယ်။ ကျေးလက်ဒေသမှတစ်ဆင့် မြို့ပြအဆင့်သို့ တိုးချဲ့ တည်ဆောက်ရာမှာလည်း ဥပဒေဆိုတာမသိမဖြစ် အရေးပါတဲ့အရာတစ်ခု ဖြစ်လာပါတယ်။ မိမိတို့ တိုင်းရင်းသားဒေသတွေမှာ ယခင်က မိရိုးဖလာစည်းကမ်းတွေကိုသာ ကျင့်သုံးလာခဲ့ကြပေမဲ့ ခေတ်ကာလ အလိုက် တိုးတက်ဖွံ့ဖြိုးလာတာနဲ့အမျှ လူမျိုးပေါင်းစုံတွေလည်း စုပေါင်းနေထိုင်လာကြပါတယ်။ လူမျိုး ပေါင်းစုံနေထိုင်တာနဲ့အမျှ မိရိုးဖလာစည်းကမ်းများလည်း ကျင့်သုံးရန်ခက်ခဲလာပါတယ်။ ဒါကြောင့် မြို့ပြတွေလို တိုးတက်လာတာနဲ့အမျှ ဥပဒေတွေကို ကျေးလက်နေပြည်သူများလည်း လေ့လာလိုက်နာ ကျင့်သုံးနိုင်ရန် လိုအပ်လာပါတယ်။ သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းက "သမိုင်းကို ဘာ့ကြောင့်သင်ရ တာလဲ၊ မအအောင် သမိုင်းသင်ရသကဲ့သို့ ဥပဒေကို ကျွန်တော်တို့ ဘာ့ကြောင့်သင်ရမှာလဲ၊ ဥပဒေကိုမသိရင် အခြားသူတွေရဲ့အဖိနှိပ်ခံရမယ်၊ ပြောသမျှယုံရမယ်၊ သူများအသုံးချတာခံရမယ်၊ မျက်နှာငယ်ရမယ်၊ သူတစ်ပါးကိုသာ အားကိုးနေရမယ်၊ ငွေကြေးပစ္စည်းတွေဆုံးရှုံးရမယ်၊ အခြားသူနှင့်ယှဉ်ပြောလျှင် အောက်ကျနောက်ကျဖြစ်မယ် စတာတွေမကြုံရအောင်လို့" ဥပဒေကို သင်ရတာပါ။ "ဥပဒေကို နားမလည်ကာမျှဖြင့် ဥပဒေက သင့်ကိုခွင့်လွှတ်လိမ့်မည်မဟုတ်" ဆိုသည့်စကားအတိုင်း ဘယ်လူမျိုး တိုင်းရင်းသားမဆို ဥပဒေကိုနားမလည်လို့ ကျူးလွန်မိခဲ့မယ်ဆိုရင် ဘယ်သူ့ကိုမှမျက်နှာသာမပေးဘဲ အရေးယူခြင်းခံရပါတယ်။ အရေးယူခြင်းမခံရလေအောင် ပြည်သူတွေ ဥပဒေအသိရှိထားဖို့ လိုအပ်တဲ့ အကြောင်း ထပ်ဆင့်မှာကြားလိုပါတယ်။

ဥပဒေဆိုတာ အကျဉ်းချုပ်အားဖြင့် လူအများလေးစားလိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်း၊ ဘောင် တစ်ခု၊ ကျင့်ဝတ်စည်းကမ်းတွေလို့ ဆိုရမှာဖြစ်တယ်။ ဒါတင်မကပါဘူး ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များ၊ အကျိုးခံစားခွင့်များ၊ လုပ်သင့်မလုပ်သင့်၊ ဆောင်ရန်ရှောင်ရန်များ၊ လူ့လောကမှာ ကြုံတွေ့ရမဲ့ အမှုကိစ္စတွေအတွက် တရားသောနည်းလမ်းနဲ့ မှန်မှန်ကန်ကန် အကျိုးဖြစ်ထွန်းစေဖို့၊ ပြည်သူတွေအတွက် အကာအကွယ်ဖြစ်စေရန် ရေးဆွဲပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ ဒီလိုရေးဆွဲပြဋ္ဌာန်းနိုင်ဖို့အတွက် လူမျိုးပေါင်းစုံ နဲ့နိုင်ငံတော်တစ်ရပ်လုံးကို လွှမ်းခြုံစဉ်းစားရပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်နဲ့ပြည်သူတစ်ရပ်လုံးရဲ့ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်သူတွေရဲ့အကျိုးစီးပွားနဲ့ ကိုယ်ကျင့်တရားကောင်းမွန် ဖို့အတွက် ဥပဒေဆိုတာ ထွက်ပေါ် လာရခြင်းဖြစ်တယ်။

မြန်မာနိုင်ငံမှာ ဥပဒေပြဋ္ဌာန်းကျင့်သုံးလာခဲ့တာ နှစ်ပေါင်းလည်းမနဲတော့ပါဘူး။ သို့ပေမဲ့ ဥပဒေနဲ့ အလှမ်းဝေးနေတဲ့ပြည်သူတွေဟာ အယောက်ပေါင်းလည်း မရေတွက်နိုင်ပါ။ ဘာကြောင့် ပြည်သူနဲ့ဥပဒေ ယနေ့အချိန်အထိ အလှမ်းဝေးနေရသေးတာလဲ။ များသောအားဖြင့် ပြည်သူတွေဟာ မိသားစုဝမ်းစာ အတွက် တစ်နေ့တာရုန်းကန်လှုပ်ရှားရင်း ဥပဒေနဲ့ တဖြည်းဖြည်းအလှမ်းဝေးလာတာလည်း မဆန်းတော့ ပါဘူး။ ဒါကြောင့် ပြည်သူတွေအတွက် ဥပဒေပညာပေးပွဲ၊ ဆွေးနွေးပွဲတွေ မကြာခဏပြုလုပ်ပေးဖို့ လိုပါတယ်။ ပညာပေးဟောပြောပွဲတွေ ပြုလုပ်တဲ့နေရာမှာ ပြည်သူများ နေ့စဉ်အသက်မွေးဝမ်းကျောင်း ပြုလုပ်မှုနှင့် သက်ဆိုင်တဲ့ဥပဒေစည်းကမ်းတွေကို ပြည်သူတွေထံ ထိရောက်စွာဖြန့်ဝေနိုင်ဖို့ အရေးကြီး ပါတယ်။ ဥပဒေဆိုတာ ပြည်သူတွေအတွက် ပြဋ္ဌာန်းထားတာဖြစ်တယ်။ လက်တွေ့လိုက်နာရမဲ့ ပြည်သူတွေ နားလည်ဖို့လိုအပ်တယ်။ ပြည်သူတွေနားလည်ပါမှ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချမှုကို အသိအမှတ်ပြုပြီး ဥပဒေကိုလည်း လူတိုင်းပိုမိုယုံကြည်လေးစားလာမှာ ဖြစ်တယ်။ ဥပဒေပြဋ္ဌာန်းတိုင်း အောက်ခြေလူထုအထိ၊ ကျေးလက်တောရွာအထိ ဝေငှနိုင်ဖို့လည်း အရေးကြီးတယ်။ ဖွံ့ဖြိုးတိုးတက်စ ကျေးလက်ဒေသတွေမှာ ဥပဒေနဲ့အလှမ်းဝေးနေကြတုန်းပါ။ ကျေးလက်ဒေသတွေမှာ အခြေခံပညာအားနည်းကြတဲ့အတွက် မိသားစု ဝမ်းစာရှာဖွေရုန်းကန်ရင်း ကျူးလွန်မိသည့်ပြစ်မှုဆိုင်ရာ ဥပဒေများကို အတော်အတင့် နားမလည်ကြပါဘူး။ မူးယစ်ဥပဒေ၊ လောင်းကစားဥပဒေ၊ စည်ပင်ဥပဒေ၊ မြေယာနှင့်သက်ဆိုင်သည့် အမွေခွဲဝေမှုဆိုင်ရာဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေများ စသဖြင့် အသိပညာဗဟုသုတ နည်းပါးကြသည့်အတွက် ကျေးရွာဓလေ့တွေနဲ့ နေသားကျနေတဲ့ ကျေးလက်နေရွာသားများကတော့ ဥပဒေကို မသိနားမလည်သူတွေဆိုပြီး ဥပဒေရဲ့ ဖိနှိပ်ခြင်းကို နေ့စဉ်နဲ့အမျှ အကျဉ်းဌာနတွေမှာ မျက်ဝါးထင်ထင် ခံစားနေကြရပါပြီ။ တစ်နေ့ရှာ၊ တစ်နေ့စား ကျင်လည်နေကြတဲ့ ကျေးလက်နေပြည်သူတွေရဲ့ဘဝကို ပြစ်မှုတစ်ခုကြောင့် ဥပဒေပညာရှင်၊ ရှေ့နေကြီး တွေဆီမှာဘဲ ဘဝကိုလက်မြှောက်အရှုံးပေး ကြရတော့မှာလား။ "မြို့ပြကဲ့သို့ ကျေးလက်ဒေသတိုင်း တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရမည်" ဆိုသည့် နိုင်ငံတော်၏ရည်ရွယ်ချက်အတိုင်း ဆိုင်ရာလူကြီးတွေ ဘယ်လိုဆက်ပြီး အကောင်အထည်ဖော်ကြမှာလဲ။ ဒါ့ကြောင့် လူထုအတွက် "မှုခင်းကျဆင်းရေး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး" စတဲ့ ဦးတည်ချက်တွေကို ကျေးလက်တွေမှာလည်း ပိုမိုအကောင်အထည်ဖော်ပေးဖို့ လိုအပ်နေပါပြီ။ ဒါမှလည်း ဥပဒေပြဋ္ဌာန်းခြင်းရဲ့ရည်ရွယ်ချက် အထမြောက် မှာဖြစ်ပါတယ်။ ပြည်သူတွေနားလည်တဲ့အတိုင်း လိုက်နာကျင့်သုံးတဲ့အတွက် ဥပဒေတစ်ခုရဲ့ အားသာချက်၊ အားနည်းချက်တွေ မြင်တွေ့နိုင်ပြီး ပိုမိုကောင်းမွန်တဲ့ဥပဒေတစ်ခုကို ပြင်ဆင်နိုင်မှာဖြစ်တယ်။

 ဥပဒေအကြောင်း ပိုမိုကျယ်ပြန့်စွာပညာပေးနိုင်ဖို့ အစိုးရဌာနမှမဟုတ်ပဲ ဆိုင်ရာအဖွဲ့အစည်းများ၊ ပါတီပေါင်းစုံအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။ ယနေ့အိုင်တီခေတ်မှာ အင်တာနက်မှ တစ်ဆင့်ဖြန့်ဝေနေပေမဲ့ ရှည်လျားတဲ့စာသားတွေကြောင့် စိတ်ဝင်တစားဖတ်ရှုသူ နည်းပါးနေတုန်းပါ။ ဥပမာ- LED ကြော်ငြာသင်ပုန်း၊ ဗွီနိုင်းပိုစတာ၊ အသိပညာပေးကာတွန်းပုံတွေနဲ့ ကလေး၊ လူငယ်၊ လူကြီး အရွယ်မရွေး မိဘပြည်သူများ စိတ်ဝင်တစား လိုက်နာကျင့်သုံးလာနိုင်အောင် အများပြည်သူနဲ့ သက်ဆိုင် တဲ့နေရာတွေမှာ ဆွဲဆောင်ပေးဖို့လိုပါတယ်။ ထိုကဲ့သို့ ဆွဲဆောင်နိုင်ပါမှ ခေတ်ကာလအလိုက် အသစ် ထွက်ရှိတဲ့ဥပဒေတွေ မိဘပြည်သူများထံ ရောက်ရှိနိုင်မှာဖြစ်တယ်။ ဖြစ်နိုင်ရင် နိုင်ငံတော်ပိုမိုဖွံ့ဖြိုးတိုးတက် စည်ပင်ဖို့အတွက် အနာဂတ်ကလေးငယ်များ စည်းကမ်းဘောင်အတွင်း လိုက်လျောညီထွေစွာ နေထိုင် သွားနိုင်စေဖို့ အစိုးရမူလတန်းကျောင်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေမှာ အခြေခံဥပဒေ ဘာသာရပ်တစ်ခုအနေနဲ့ ထည့်သွင်းပို့ချသင့်ပါတယ်။

ဒါ့ကြောင့် ဥပဒေကို မသိနားမလည်ဟု ထုချေ၍မရသလို "ဒါကမြို့မဟုတ်ဘူး၊ ဒါကကျေးရွာ"ဆိုပြီး ပြောဆိုနေ၍လည်း မရတော့ပါ။ နိုင်ငံတကာအလည်မှာ မြန်မာနိုင်ငံလည်း ကိုယ်ပိုင်ဥပဒေစည်းကမ်းနဲ့ ပြည့်စုံတဲ့နိုင်ငံတစ်ခုအဖြစ် တည်ဆောက်သွားဖို့ လိုအပ်နေပါပြီ။ ဥပဒေဆိုတာ ပြည်သူတွေကြောက်ဖို့ မဟုတ်၊ ဥပဒေနဲ့အညီ သုံးစွဲတတ်ဖို့။ ဥပဒေဆိုတာ ဥပဒေပညာရှင်တွေလက်ထဲမှာသာ ရှိဖို့မဟုတ်၊ ပြည်သူတွေ လက်ထဲအရောက်ပို့ဖို့။ မိဘပြည်သူတွေလည်း ဥပဒေများကို လေ့လာလိုက်နာကျင့်သုံးပြီး မတရားမှု ပြုလုပ်လာသူအပေါ် ဓားသဖွယ်၊ ဒိုင်းသဖွယ် ပြန်လည်အသုံးချနိုင်ပြီး တရားမျှတမှု အခွင့်အရေးကို ဥပဒေနဲ့ညီတဲ့နည်းလမ်းတွေနဲ့ တောင်းဆိုနိုင်ကြပါစေလို့ တိုက်တွန်းရင်း ဥပဒေမျက်စိ၊ ဥပဒေခြေလက်များဖြင့် မိသားစုဝမ်းစာများကို အေးချမ်းစွာ ရှာဖွေလုပ်ကိုင်စားသောက်နိုင်ကြပါစေ။

မျင်,မိုရ်;ခွန်။

Powered by Blogger.