Tuesday, July 9, 2019

ပညာရေးပြုပြင်ပြောင်းလဲမှုနှင့် အရေးကြီးဖြည့်ဆည်းပေးရန်လိုသည့် လိုအပ်ချက်များ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလှိုင်လ (၉) ရက်


ပညာရေးစနစ်နှင့် လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကို ကြည့်ခြင်းအားဖြင့် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးခြင်း မဖွံ့ဖြိုးခြင်းကို သိနိုင်သည်။ လက်ရှိမြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် ခိုင်မာမှုမရှိ အပြောင်း အလဲများခဲ့ပြီး ပညာရေးမှ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုအတွက် မွေးထုတ်မှုများမှာ များစွာ အားနည်းခဲ့ပါသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမှုများ စတင်လုပ် ဆောင်လျက်ရှိသည်ကို တွေ့မြင်ရပြီး အမျိုးသားပညာရေးမဟာဗျူစီမံကိန်း(၂၀၁၆-၂၀၂၀)ကိုလည်း ရေးဆွဲခဲ့သည်။ အဆိုပါအမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းအရ KG နှင့် မူလတန်း ငါးနှစ်၊ အလယ်တန်း လေးနှစ်နှင့် အထက်တန်း သုံးနှစ်ကို စတင်ပြီး သင်ရိုးညွှန်းတမ်းအသစ်များဖြင့် ပြောင်းလဲသင်ကြားခဲ့သည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် G-3 နှင့် G-6 တို့ကို သင်ရိုးညွှန်းတမ်း အသစ်ဖြင့် ပြောင်းလဲသင်ကြားလျက် ရှိပါသည်။

ယခုပြောင်းလဲသင်ကြားနေသော စနစ်သစ်သည် မူအရတွင် အထူးကောင်းမွန်လှပြီး လက်တွေ့ အရတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့ရဆဲပင်ဖြစ်သည်။ မူအရကောင်းမွန်လှသည်ဟုဆိုသည်မှာ ဥပမာအနေဖြင့် ယခုနှစ် သင်ကြားသည့် G-6 အင်္ဂလိပ်စာဘာသာရပ်တွင် ဆရာ/မများနှင့် ကျောင်းသား/ သူများ အပြန်အလှန်ပြောဆိုသင်ကြားရာတွင် E to E ဖြင့်သာ ပြောဆိုသင်ကြားရမည်ဖြစ်သည့်အပြင် Dialogue ပုံစံပါ ပါဝင်လာသည့်အတွက် ဆရာ/မများသော်လည်းကောင်း၊ ကျောင်းသား/သူများသော် လည်းကောင်း အနာဂတ်အင်္ဂလိပ်စာ အပြော၊ အဖတ်၊ အရေးအသားများနှင့် အရည်အချင်းများတွင် များစွာ ဖွံ့ဖြိုးတိုးတက်လာမည်မှာ အသေအချာ ပြောဆိုနိုင်သည်။

သို့သော် တဘက်တွင်လည်း လက်တွေ့အရ အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ စနစ်သစ်အရ သင်ကြားရေးတွင် သင်ထောက်ကူ(Facilities)များ အများကြီးလိုအပ်သည်။ လက်ရှိအနေအထား အရ အဆိုပါသင်ထောက်ကူများ ဖြည့်ဆည်းမှုမပေးနိုင်သေးပါ။ သင်ထောက်ကူမပါပါက စနစ်သစ်သည် စနစ်ဟောင်းနှင့် သိပ်မခြားနားလှပါ။ ကျောင်းသား/သူများ နားလည်သဘောပေါက်လွယ်ရန် သင်ထောက် ကူသည် အလွန်အရေးပါသည်။ အနာဂတ်ပညာရေးရည်မှန်းချက်များ အောင်မြင်ရန် ဆရာ/မများကို သင်တန်းပေးရုံဖြင့် ပြည့်မှီရန် မဖြစ်နိုင်သေးပေ။ စနစ်သစ်အောင်မြင်ရန်အတွက် လုံလောက်သည့် စာသင်ခန်းကျောင်းဆောင်များ၊ လုံလောက်သည့် ဆရာ/မဦးရေများ၊ လုံလောက်သည့် သင်ထောက်ကူ များနှင့် သင်ကြားရေးဆရာ/မများ၏ အခြားသောလိုအပ်ချက်များကို ဖြည့်ပေးရန် အထူးလိုအပ်သည်။ သို့မဟုတ်ပါက အဆိုပါစနစ်သစ်အတွက် အောင်မြင်ရန်ခက်ခဲလိမ့်အုံးမည်ပြီး ငွေကုန်ကြေးကျများကာ ဆရာ/မများက ပင်ပန်းမှုများသာ အဖတ်တင်လိမ့်မည်ဖြစ်သည်။

စနစ်သစ်အတွက် လက်ရှိဆရာ/များ၏ အရည်အချင်းလိုအပ်ချက်သည်လည်း ထုထည်ကြီးမားလှ ပြီး ဆရာမ/များကိုယ်တိုင်ကပင် အဆိုပါပညာရေးစနစ်သစ်ကို လိုက်ပါနိုင်ရန် အဆင်သင့်ဖြစ်မနေသေး သည်ကို တွေ့မြင်ရပါသည်။ မြို့ပြပညာရေးတွင် အတိုင်းအတာတစ်ခုအထိ အဆင်ပြေနိုင်သော်လည်း ကျေးလက်ဒေသစာသင်ကျောင်းရှိ ကျောင်းသား/သူများ၏ ပညာရေးလိုက်စားမှုရေချိန် အားနည်းခြင်း၊ ဘာသာစကားအားနည်းခြင်းတို့ကြောင့် စနစ်သစ်အား လိုက်ပါနိုင်ရန် လွန်စွာမှ ကြိုးစားလုပ်ယူရမည်ဖြစ် သည်။ သတ်မှတ်ထားသည့် သင်ခန်းစာအချိန်နှင့် ပြီးမြောက်ရမည့် သင်ခန်းစာများအတွက် ကျောင်းသား/ သူများ လိုက်ပါပြီးမြောက်နိုင်ရန်အတွက် မဖြစ်နိုင်၍ ဆရာ/များအတွက်လည်း အချိန်အခက်အခဲများ ရှိလာမည်မှာ အသေအချာပင်ဖြစ်သည်။

ပညာရေးစနစ်သစ်စတင်မှုအတွက် ဆရာ/မများ ပိုပင်ပန်းမည်။ အပင်ပန်းခံနိုင်ရန်အတွက်လည်း လိုအပ်မည်။ ပညာရေးစနစ်သစ်အောင်မြင်မှုနှင့် ဆရာ/မများ၏ ပျော်ရွှင်မှုများသည်လည်း တိုက်ရိုက် အချိုးကျနေသောကြောင့် ဆရာ/မများ ပျော်ရွှင်မှုရှိစေရန်လည်း အတော်ပင်အရေးကြီးသည်။ သင်ကြားရေး တာဝန်ရှိဆရာ/မများအပေါ် ကျောင်းအုပ်ဆရာ/မကြီးများမှ ပံ့ပိုးပေးမှုနှင့် လိုအပ်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိပေးရန် လိုအပ်ပြီး တချို့ကျောင်းများတွင် သင်ကြားရေးဆရာ/မများအပေါ် ကျောင်းအုပ်များက နားလည်မပေးနိုင်၍လည်းကောင်း၊ သင်ကြားရေးဆရာ/မများအပေါ် ၎င်း၏တပည့်သဖွယ် ဆက်ဆံ၍ လည်းကောင်း၊ ကျောင်းအုပ်ကြီးများမှ ဆောင်ရွက်ရမည့်ကျောင်းကိစ္စ၊ ရုံးကိစ္စများကို သင်ကြားရေးဆရာ/ မများအား ခိုင်းစေ၍လည်းကောင်း စသည်တို့သည် သင်ကြားရေးဆရာ/မများအတွက် စိတ်အနှောင့် အယှက်ဖြစ်စေသည့်အပြင် မပျော်မရွှင်ဖြစ်စေသည့်အတွက် သင်ကြားရေးလုပ်ငန်းများတွင် ထိခိုက်စေ သည်။

တဖန် ဆရာ/မလုံလောက်မှုရှိရေးသည် ပညာရေးစနစ်သစ်အောင်မြင်မှုအတွက် အင်မတန် အရေးကြီးလှပါသည်။ ကျေးလက်ဒေသရှိ စာသင်ကျောင်းအများစုတွင် ဆရာ/မဦးရေလုံလောက်မှုမရှိခြင်း၊ ရက်သတ္တပတ်လုံးတွင် ရှိသည့်ဆရာ/မဦးရေဖြင့် နားချိန်မရှိ အတန်းဝင်နေရခြင်း စသဖြင့် အဆင်ပြေစေရန် လုပ်ယူရခြင်းတို့ကြောင့် ဆရာ/မများအနေဖြင့် ဖိအားများနေပြီး သင်ကြားရေးအတွက် ပြင်ဆင်ချိန်များ မရှိသည့်အတွက်လည်း သတ်မှတ်သင်ခန်းစာများအတိုင်း သင်ကြားနိုင်ခြင်းမရှိသည့်အပြင် စနစ်သစ် အတွက် အောင်မြင်မှုနှင့် ဝေးကွာသွားနိုင်သည်။

ပညာရေးစနစ်သစ်ကို အောင်မြင်စွာပြောင်းလဲနိုင်ရန်အတွက် Generation အခုအထိ အချိန်ပေး ရမည်ကို မိမိအနေဖြင့် နားလည်သဘောပေါက်ထားသည်။ အဆိုပါစနစ်ကို ခိုင်မာအောင်တည်ဆောက်သွား နိုင်မှသာလျှင် အနာဂတ်ပညာမြန်မာ့ပညာရေးသည်လည်း ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ မြန်မာ့ပညာရေးအပြောင်အလဲအတွက် မိမိအနေဖြင့် ဝမ်းမြောက်ဝမ်းသာကြိုဆိုပြီး ယခုပြောင်းလဲမှသာလျှင် မိမိတို့၏ နောင်မျိုးဆက်များတွင် အဆင့်အတန်းရှိသော ပညာရေးစနစ်ကို ကောင်းစွာ သင်ကြားနိုင်မည်ဖြစ်သည်။ ထို့ကြောင့် စနစ်သစ်အောင်မြင်ရန်မှာ စနစ်သစ်အတွက် လိုအပ် သည့် လုံလောက်သောကျောင်းဆောင်များ၊ လုံလောက်သော ဆရာ/မများဦးရေများ၊ လုံလောက်သော သင်ထောက်ကူများ၊ လုံလောက်သော ဆရာ/မများ၏ ခံစားခွင့်လစာများ၊ ဆရာ/မများ၏ ပျော်ရွှင်မှုများ စသည်တို့ကို ဖြည့်ဆည်းဖန်တီးပေးနိုင်ရန် အရေးကြီးပါကြောင်းနှင့် ဖြည့်ဆည်းဖန်တီးပေးနိုင်လိမ့်မည်ဟု လည်း မျှော်လင့်ပါကြောင်းကို ဤဆောင်းပါးတိုဖြင့် အကြံပြုသုံးသပ်ရေးသား တင်ပြလိုက်ပါသည်။

Kka Sp

Powered by Blogger.