Sunday, July 7, 2019

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီမှ တာဝန်ရှိသူများက ညောင်ရွှေမြို့နယ် လိုင်းပေကျေးရွာနှင့် အခြားနီးစပ်ရာ ရွာများမှ ဒေသခံပြည်သူများအား တွေ့ဆုံပွဲအခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလှိုင်လ (၇) ရက်








၂၀၁၉၊ ဇူလိုင်(၇)ရက်နေ့၊ နံနက်(၁၀)နာရီခွဲအချိန်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ တာဝန်ရှိသူများက ညောင်ရွှေမြို့နယ်၊ လိုင်းပေကျေးရွာနှင့် အခြားနီးစပ်ရာရွာများမှ ဒေသခံပြည်သူများအား တွေ့ဆုံပွဲအခမ်းအနား ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ လိုင်းပေကျောင်းဆရာတော်ဘဒ္ဒန္တစန္ဒာဝရထံ ငါးပါးသီလခံယူပြီးနောက် ဖြားဗွာခမ်း ဒုခမ်းဗွေ ဖြားခွန်ယွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေက အမှာစကားများ ပြောကြားရာမှာ - ရပ်ရွာဒေသတစ်ခု တိုးတက်ခြင်း မတိုးတက်ခြင်းသည် ဒေသခံပြည်သူများအပေါ်မှာလည်း မူတည်ကြောင်း၊ ပညာတတ်ပေါများပြီး စည်းလုံးညီညွတ်ပါက ထိုဒေသသည် တိုးတက်နေမည်ဖြစ်ကြောင်း၊ ရပ်ရွာဒေသအတွက် အားကိုးနိုင်ရန် အများအကျိုး ဆောင်ရွက်လိုစိတ်ရှိပြီး ကိုယ်ကျင့်တရားကောင်းမွန်သည့် လူငယ်များကို  ပြုစုပျိုးထောင်ဖို့ လိုအပ်ကြောင်း၊ လူများပြီး လူတော် လူကောင်းနည်းပါးနေလျှင် ဖွံ့ဖြိုးတိုးတက်ဖို့ နှောင့်နှေးနေမည်ဖြစ်ပြီး လူတော် လူကောင်းလည်း များဖို့လိုအပ်ကြောင်း၊ အခွင့်အရေးဆိုသည်မှာ ရယူတတ်ဖို့ လိုသလို  မယူတတ်လျှင် ရသင့်သည့်အခွင့်အရေးများ ဆုံးရှုံးနိုင်ကြောင်း၊ ရပ်ရွာဒေသအတွင်း ဖွံ့ဖြိုးရေးကိစ္စရပ်များနှင့်ပတ်သက်၍ ကိုယ်နိုင်သည့်အရာများကို အရင်လုပ်ဆောင်ရမည်ဖြစ်ပြီး မိမိအားနှင့် မလုပ်ဆောင်နိုင်ပါက အစိုးရဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်ဖို့ လိုအပ်ကြောင်း စသည့် အမှာစကားများကို ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီဥက္ကဋ္ဌ ဖြားခွန်စံလွင်က - ယခုခေတ်သည် ဒီမိုကရေစီခေတ်ဖြစ်သည့်အတွက် ကိုယ့်တိုင်းပြည် ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ တည်ဆောက်ရာတွင် တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်လို့ ရသည်မဟုတ်ပဲ အားလုံးဝိုင်းဝန်းလုပ်ဆောင်ပါမှ ရမည်ဖြစ်ကြောင်း၊ ပအိုဝ်းပြည်သူများအနေဖြင့် အစားအသောက် အသုံးအဆောင်ပစ္စည်းများကို ကိုယ်ကိုယ်တိုင် ထုတ်လုပ်နိုင်အောင် ကြိုးစားသင့်ပါကြောင်း၊ ကိုယ့်ကုန်ကြမ်းများကို ကုန်ချောအဖြစ် ထုတ်လုပ်နိုင်အောင်၊ ကိုယ်ဝတ်သည့် ရိုးရာအ၀တ်အစားများလည်း တခြားနိုင်ငံများကို မှီခိုမှုမပြုပဲ ကိုယ်ကိုယ်တိုင် ထုတ်လုပ်နိုင်အောင် ကြိုးစားလုပ်ဆောင်ဖို့ လိုအပ်နေသေးကြောင်း၊  ယခုခေတ်တွင် လူ့သက်တမ်း တဖြည်းဖြည်းတိုးတောင်းလာသည်ဖြစ်ရာ အစားအသောက်များကို ဂရုစိုက်ဖို့ လိုအပ်ကြောင်း၊ လူကြီးသာမက ယနေ့ခေတ် အသက်(၁၀)နှစ်အောက် ကလေးငယ်များမှာပင် ကျောက်ကပ် စသည့် ရောဂါများ ဖြစ်ပွားနေရာ မိဘပြည်သူများအနေဖြင့် မိမိကလေးငယ်များကို အစားအသောက်နှင့်ပတ်သက်၍ အလိုမလိုက်ဖို့ လိုအပ်ကြောင်း၊ ဈေးပေါသည့် တရုတ်ဖျော်ရည်ဘူး၊ တရုတ်မုန့်များကို မစားမိစေရန် ဂရုစိုက်ဖို့ လိုအပ်ကြောင်း စသည့် အမှာစကားများကို ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ စီးပွားရေးအကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ခွန်လှဖေ(ခ)ခွန်လေဆာက နိုင်ငံရေး၊ စီးပွားရေးတို့သည် ပြောင်းလဲလာသည့်အတွက် စိုက်ပျိုးရေးနှင့် ပတ်သက်၍ မိရိုးဖလာစိုက်နည်းရှိသလို စီးပွားဖြစ်စိုက်နည်းလည်း ရှိကြောင်း၊ စီးပွားဖြစ်စိုက်နည်း (ကိုင်းဆက်)ကို အသုံးပြုဖို့ လိုအပ်ကြောင်း၊ မိမိတို့ဒေသသည် အေးမြသည့် ရာသီဥတုဖြစ်သည့်အတွက် ထောပတ်နှင့်ကော်ဖီစိုက်ပျိုးရန် သင့်တော်ကြောင်း၊ ထောပတ်စိုက်ပျိုးပါက နိုင်ငံတကာအကြိုက် မျိုးကို စိုက်ဖို့လိုအပ်ကြောင်း၊ နမူနာအနေဖြင့် လက်ရှိ အများကြိုက်သည့်မျိုးမှာ Hass မျိုးဖြစ်ကြောင်း၊  အများ စုပေါင်းပြီး မျိုးတစ်မျိုးတည်းကို များများစိုက်ထားရန် လိုအပ်ကြောင်း၊ ကော်ဖီအနေနဲ့လည်း ယခုလက်ရှိတွင် ဈေးကောင်းနေသည့်အတွက် ကော်ဖီပင်များကို စိုက်ပျိုးဖို့ လိုအပ်ကြောင်း၊ လှေကားထစ်စိုက်ခင်းများကို ကိုလည်း အကောင်အထည်ဖေါ်ဖို့ လိုအပ်ကြောင်း စသည့်အမှာစကားများကို  ပြောကြားခဲ့သည်။  ယနေ့တွေ့ဆုံပွဲအခမ်းအနားတွင် လိုင်းပေ၊ အင်းနီ စသည့် ကျေးရွာများမှ ဒေသခံပြည်သူ (၈၀၀)နီးပါး တက်ရောက်ကြကြောင်း သိရသည်။

ခွန်ဓဇ
Powered by Blogger.