Wednesday, August 14, 2019

ပအိုဝ်းရပ်ရွာတိုင်း ပညာဘဏ်တိုက်ကြီးကို တည်ဆောက်ပြီး အစဉ်အသင်ဝင်ရန်လို

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၄)ရက်


စာအုပ်စာပေဆိုသည်မှာ အသိဥာဏ်ပညာတို့ စုဝေးကိန်းအောင်းရာဟု အဆိုရှိပါသည်။ ဤသို့ဆိုလျှင် စာကြည့်တိုက်ဟူသည်ကား အသိဥာဏ်ပညာများ သိုမှီးထားရာ ဘဏ်တိုက်ကြီးများဟု ဆိုရပါမည်။ ထိုအသိဥာဏ်ဘဏ်တိုက်ကြီးတို့သည် အမြော်အမြင်ကြီးသူတို့က မတည်ထူထောင်ထားကြလေ့ရှိပါသည်။ တန်ဖိုးနားလည်သူတို့က  ဖွံ့ထွားစည်ကားအောင် ပျိုးထောင်ခြင်းဖြင့် နိုင်ငံတော်က အားကိုးအားထားပြု ရသော နိုင်ငံဝန်ဆောင်ကြီးများ၊ နိုင်ငံသားကောင်းကြီးများကို ရရှိနိုင်မည်ဖြစ်သည်။ စာကြည့်တိုက်လုပ်ငန်းသည် နိုင်ငံအတွက် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အတူ ပိုမိုကောင်းမွန်သည့်နိုင်ငံသား၊ ပိုမိုကောင်းမွန်သည့် လူ့အဖွဲ့အစည်း အကျိုးရလဒ်များ ပြန်လည်ဆောင်ကြဉ်းလာမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် သမိုင်းကို လှန်သော် ပုဂံခေတ်ကတည်းကပင် ပိဠကတ်တိုက်ဟူ၍ ရှိခဲ့သည်မှာ မည်မျှလောက် ဂုဏ်ယူဖွယ်ကောင်းလှပါသနည်း၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများသည် စာပေနှင့် ဝေးကြသူများမဟုတ်။ စာတစ်လုံးဘုရားတစ်စူ သဘောထားသဖြင့် စာပေကို မြတ်နိုးကိုးစားကြသူများဖြစ်သည်။ မည်မျှပင် ဆင်းရဲသော မိဘများဖြစ်စေ သားသမီးများကို စာတတ်စေချင်စိတ်ရှိသည့်လူမျိုးများဖြစ်သည်။ ဝေးလံ သီခေါင်သော ကျေးလက်ဒေသများမှာဖြစ်စေ ဘုန်းကြီးကျောင်းများတွင် ရတနာရွှေချိုင့်ကအစ၊ အခြေခံ ဖြစ်သည့် (အရေး၊ အဖတ်၊ အပြော၊ အတွက်) တို့ကို သင်အံကျက်မှတ်သိကြခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် စာပေ မသင်ကြားနိုင်သည့်တိုင် စာပေသင်ကြားတတ်မြောက်ခြင်းကို အလေးအနက်ပြုကြ၊ တန်ဖိုးထားကြ ပေသည်။

ဤသို့တန်ဖိုးထားမြတ်နိုးရသော အသိဥာဏ်ပညာတိုးမြင့်ရန် အလို့ငှာ အရေးပါလှသော စာတတ် စာဖတ်ခြင်းတို့အတွက် အကောင်းဆုံးသော ရေမြေဝန်းကျင်သည်ကား စာကြည့်တိုက်ပင်ဖြစ်ပါသည်။ အတော်အသင့် ဖွံဖြိုးတိုးတက်ခဲ့သော မြန်မာနိုင်ငံတစ်ဝန်းတွင် တစ်ခေတ်တစ်ခါက အလွန်အားကောင်းခဲ့သော အမျိုးသားစာကြည့်တိုက်များ၊ ပြည်သူ့စာကြည့်တိုက်များ၊ ဒေသအလိုက်၊ ကျေးရွာ၊ မြို့နယ်အလိုက် ဖွင့်လှစ်ထားကြသည့် ကိုယ်ပိုင်စာကြည့်တိုက်များစသည်ဖြင့် စည်စည်ဝေဝေ ရှိခဲ့ဖူးပါသည်။ ဆင်းရဲခြင်း၊ နောက်တန်းကျနေခြင်း စသည့် အမှောင်တိုက်အတွင်းက လွတ်မြောက်နိုင်ရေး အလင်းရောင်သည် စာပေ အသိဥာဏ်ပညာ တိုးမြင့်ခြင်းဟုဆိုလျှင် စာကြည့်တိုက်များသည် နေမင်း၊ လမင်းကြီးပမာဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာတွင် အမျိုးသားစာကြည့်တိုက်များကို နိုင်ငံတော်က ငွေကြေးထောက်ပံ့ပေးလျက်ရှိသည့်အပြင် ကူညီပေးခြင်း၊ ပြည်သူ့စာကြည့်တိုက်များကို အားပေးဖော်ထုတ်ကြခြင်း၊ ငွေကြေးနှင့်သာမက အခြားအခြား တတ်နိုင်သမျှ လိုအပ်ချက်များကို အစိုးရကရော၊ လူထုအစိတ်အပိုင်းများကပါ အားတက်သရောဝိုင်းဝန်း ပုံဖော်ကြသည်။

ကမ္ဘာပေါ်တွင် တိုးတက်ထွန်းကားနေသော နိုင်ငံများ၏ စာကြည့်တိုက်များကို စာရင်းပြုစုလေ့လာ ကြည့်လျှင်ဖြစ်စေ၊ မတိုးတက် မထွန်းကားနိုင်ဖြစ်နေသော နိုင်ငံများ၏ စာကြည့်တိုက်များနှင့် နှိုင်းယှဉ် ဆန်းစစ်ကြည့်လျှင်ဖြစ်စေ နားလည်နိုင်လောက်ပါသည်။ နိုင်ငံအဆင့် ဖွံဖြိုးတိုးတက်ရန်ဖြစ်စေ၊ ပြည်နယ်၊ မြို့နယ်များဖြစ်စေ၊ လူမျိုးစုအစ လူတစ်ဦးတစ်ယောက်အတွက်ပါ တိုးတက်ရန်အတွက် စာကြည့်တိုက်အတွင်းရှိ စာအုပ်စာပေမျာသာ လမ်းညွန်မှုပေးနိုင်သည်။ စာကြည့်တိုက်ရှိပြီး စာဖတ်ပရိတ်သတ် ထွန်းကားသည့်မြို့တွင် ဘက်စုံဖွံဖြိုးတိုးတက်မှု ပိုမိုရရှိနေသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစု (၁၃၅)မျိုးအနက် ပအိုဝ်းတိုင်းရင်းသားလူမျိုးစုများသည် ယနေ့ခေတ်တွင် စာပေနှင့်ဝေးသည့်လူမျိုးမဟုတ်ဆိုနိုင်သော်လည်း ယခင်မိဘဘိုးဘွားစဉ်ဆက်များသည် စာအုပ်စာပေ ဖတ်ရှု့လေ့လာသူ နည်းပါးလှသည်ကို လူတိုင်းသိရှိနိုင်ပေမည်။ တောင်ယာစိုက်ပျိုးခြင်းလုပ်ငန်း၊ တောင်သူလယ်သမားဘဝများဖြစ်ကြ၍ အဆင့်မြင့်ပညာ၊ အထက်တန်းပညာသော်လည်းကောင်း၊ အလယ်တန်းပညာအဆင့်ပင် သင်ယူတတ်မြောက်မှုနှုန်း အလွန်နည်းပါးလှပါသည်။ မူလတန်းပညာတွင် သူငယ်တန်းမျှသာ ပညာသင်ကြားနိုင်ကြသဖြင့် ထိုရပ်ရွာဒေသတွင် စာကြည့်တိုက်ဟူ၍မရှိခဲ့ဖူးပါ။ ထို့ကြောင့် မိမိတို့ပအိုဝ်း လူမျိုးများကို ကမ္ဘာသိအောင် အစွမ်းမပြနိုင်သကဲ့သို့ မြန်မာနိုင်ငံအတွင်းနေရာအနှံ့တွင် ပအိုဝ်းလူမျိုးသည် အဘယ်ပုံစံရှိသည်ကို မသိကြသည်မှာ အများစုပင်ဖြစ်သည်။ သို့သော် ယခင်ပအိုဝ်းတိုင်းရင်းသားပြည်သူ ဘဝနှင့် ယနေ့ခေတ်တိုင်းရင်းသားပြည်သူဘဝတို့သည် အလွန်ပင် ကွာခြားလှသည်ကို လူတိုင်းမြင်တွေ့နိုင်ပါသည်။ ခေတ်ပညာတတ် ပအိုဝ်းတိုင်းရင်းသား လူငယ်မောင်မယ်များ၏ ကြိုးစားမှုလည်းကောင်း၊ ပအိုဝ်း အမျိုးသားဘက်စုံဖွံဖြိုးတိုးတက်ရန် ဦးစီးဦးဆောင်၍ ခေါင်းဆောင်မှုပြုပေးသော မျိုးချစ်ခေါင်းဆောင်အားလုံး တို့၏ ကြိုးစားမှုကြောင့် ယနေ့လို မြန်မာသာမက ကမ္ဘာအနှံ့အပြားထိပင် ယဉ်ကျေးပျူငှာ၍ စိတ်ထားဖြူစင်ပြီး ရိုးသားကြိုးစားသော ချစ်စရာကောင်းသည့် လူမျိုးအဖြစ် ထင်ရှားကျော်ကြားနေပြီဖြစ်သည်။

ယနေ့ခေတ် ပအိုဝ်းလူမျိုးများ တိုးတက်ထွန်းကားလာရသည့် အကြောင်းအရင်းကား ပညာသင်ကြား၍ အသိပညာဗဟုသုတ ကြွယ်ဝသောခေတ်ပညာတတ်လူငယ်၊ ခေါင်းဆောင်ကောင်းများသည် စာအုပ်စာပေကို နည်းလမ်းမှန်ကန်စွာဖြင့် မိမိ၌ သိ၊ ရှိ၊ တတ်ထားသောပညာကို လက်တွေ့အကောင်အထည် အသုံးပြုခြင်း၊ ရပ်ရွာတိုင်းနီးနီးတွင်လည်း စာကြည့်တိုက်များထားရှိခြင်းကြောင့်ပင်ဖြစ်သည်။ သို့သော် ရပ်ရွာတိုင်းတွင် စာကြည့်တိုက်များထားရှိနိုင်ပြီး မိမိတို့၏ ရပ်ရွာသူ/ရပ်ရွာသားများသည် စာဖတ်လေ့လာခြင်းမရှိဘဲ သက်ဝင်မှုမရှိဖြစ်နေလျှင် ထိုရပ်ရွာသည် မည်သည့်အချိန်မျှ ဖွံဖြိုးတိုးတက်နိုင်မည်မဟုတ်ပါ။ စာကြည့်တိုက် ထားရှိခြင်းနှင့် စာကြည့်တိုက်ရှိ စာအုပ်စာပေလေ့လာကြသူ များပြားမှသာ မိမိတို့ရပ်ရွာဒေသ၊ မြို့နယ်၊ ပြည်နယ်၊ နိုင်ငံအဆင့်၊ ကမ္ဘာနေရာအနှံ့အပြားထိပင် အကျိုးသက်ရောက်မှု ရရှိမည်ဖြစ်ပေသည်။

ယနေ့ခေတ်တွင် ပအိုဝ်းတိုင်းရင်းသားလူမျိုးများ၏ ရပ်ရွာဒေသတိုင်းလိုလိုပင် စာကြည့်တိုက်များ တည်ဆောက်ကြသော်လည်း စာကြည့်တိုက် သက်ဝင်မှုမရှိလျှင် မည်သူမျှ အကျိုးခံစားရမည်မဟုတ်ပါ။ ထို့ကြောင့် ယခုအချိန်ကာလသည် ကျောင်းသူ/သားများ၊ ပအိုဝ်းတိုင်းရင်းသားလူငယ် မောင်မယ်များသည် နွေရာသီကျောင်းပိတ်ရက်တွင် မိမိတို့၏ ရိုးရာဘာသာစာပေသာမက စာကြည့်တိုက်ရှိစာအုပ်စာပေများကိုပါ လေ့လာဖတ်ရှု့ရန်လိုသဖြင့် တာဝန်ရှိသူ လူကြီးမိဘများက စာကြည့်တိုက်သို့ အစဉ်သွားရောက် စာအုပ်ဖတ် တတ်သည့် အလေ့အကျင့်ကောင်းကို လေ့ကျင့်ပျိုးထောင် ပေးရန်လိုအပ်ပါသည်။ ထိုမှသာ မိမိတို့၏အနာဂါတ် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး ခေါင်းဆောင် များဖြစ်လာမည့် မျိုးဆက်သစ်လူငယ်များသည် စာဖတ် အားကောင်းလာနိုင်သဖြင့် ကမ္ဘာကျော်ပညာရှင်များ ဖြစ်လာနိုင်သကဲ့သို့မိမိတို့၏ လူမျိုးအကျိုး၊ နိုင်ငံအကျိုး သာမက ကမ္ဘာအကျိုးကိုပါ စွမ်းဆောင်ပေးနိုင်မည်ဖြစ်သည်။

နိုင်ငံနှင့် လူမျိုးအကျိုးအတွက် ရည်မှန်းကာနေရာအနှံ့အပြားတွင် စာကြည့်တိုက်များ ဖွင့်လှစ်ထားရှိ သည်ဖြစ်၍ နိုင်ငံ၏ထောက်ပံ့မှု၊ ရပ်ရွာလူထုတို့၏ကြိုးစားအားထုတ်မှုဖြင့် မိမိတို့၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ပြီး အစဉ်ငြိမ်းချမ်းစွာနေထိုင်နိုင်ရန်အတွက် လူကြီးမိဘတိုင်း မိမိတို့၏ မျိုးဆက်သစ်လူငယ်များကို အစဉ်လေ့ကျင့် ပေးရန်လိုအပ်ပေသည်။ နိုင်ငံရေး၊ စီးပွားရေးလောကတွင် အောင်မြင်ကျော်ကြားနေသော ပုဂ္ဂိုလ်တိုင်းသည် စာအုပ်စာပေကို အစဉ်မပြတ်လေ့လာဆည်းပူးသည့် အလေ့အကျင့်များရှိကြပေသည်။ ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသောနိုင်ငံ၊ ပြည်နယ်၊ မြို့နယ်၊ ရပ်ရွာများကို အလိုရှိသည်ဖြစ်စေ၊ စီးပွားရေးတွင် အောင်မြင် ကျော်ကြားပြီး ကြီးပွားချမ်းသာသူဖြစ်လိုသည်ဖြစ်စေ၊ မည်သည့်အရေးကိစ္စတွင်မဆို နည်းလမ်းမှန်ကန်စွာဖြင့် ရည်မှန်းချက်ပန်းတိုင်ကို ဖော်ဆောင်ရန် စာကြည့်တိုက်တွင်းရှိ စာအုပ်စာပေများသာ နည်းလမ်းပေးနိုင် မည်ဖြစ်သည်။ ထို့ကြောင့် စာကြည့်တိုက်များ ရှိပြီးသောနေရာဒေသတွင် မိမိတို့စာကြည့်တိုက်ကို အစဉ် အသက်ဝင်အောင်ကြိုးစားရန်လိုသလို၊ မရှိသေးသည့် ရပ်ရွာဒေသတွင်လည်း ထားရှိနိုင်ရန် နိုင်ငံတော်မှ အထောက်အပံ့ဖြင့်သော်လည်းကောင်း၊ ရပ်ရွာဒေသရှိမိဘပြည်သူများ၏ ကိုယ့်အားကိုယ်ကိုးပြီး တတ်အားသမျှ ပူးပေါင်းကြိုးပမ်း၍ မိမိတို့ရပ်ရွာဒေသအတွင်း ပညာဘဏ်တိုက်ကြီးကို တည်ဆောက်ထားရှိရန် လိုအပ်ပေမည်။

နင်;ရက်ခမ်း
Powered by Blogger.