စိတ်ဆိုသည်မှာ လေလိုအင်မတန်လျှင်မြန်သော အရာဖြစ်သည်။ ထို့ကြောင့်စိတ်ကိုထိန်းရန်လို အပ်ပါသည်။ အဘယ်ကြောင့်သတိဖြင့်ကြည့်ပြီး စိတ်ကိုထိန်းချုပ်ရန်လိုသနည်း။ စိတ်သည် သတိနှင့် မကြည့်လျှင် အရှင်ဘုရင်ကို အစောင့်ဖြင့်အဆက်မပြတ်ထား၍ စောင့်ကြည့်၏။ အကယ်၍ အစောင့်များမကြည့်လျှင် အရှင်ဘုရင်ကို အချိန်မရွေးလုပ်ကြံနိုင်သကဲ့သို့ စိတ်ကိုလည်း သတိဖြင့်မကြည့်လျှင် အမှားအမှန်ကို မခွဲခြားတော့ဘဲ ကိုယ်ထင်ရာလုပ်ပါတော့သည်။ အမှားအမှန်မခွဲခြားလျှင် ကိုယ့်ကိုယ်ပါထိခိုက်၍ သာမက ပတ်ဝန်းကျင်နှင့် လူအများကို ထိခိုက်ပါသည်။
လောဘဖြစ်သောစိတ်၊ ဒေါသဖြစ်သောစိတ်၊ မောဟဖြစ်သောစိတ်၊ ဝန်တို၊ မနာလိုမှုဖြစ်သောစိတ်တို့ကို ထိန်းရန်မှာ လူတိုင်းလူတိုင်းတွင် လိုအပ်သောအရာဖြစ်သည်။ လောဘကြီးကစကားချို၊ ဒေါသကြီးက စကားတို၊ မောဟကြီးကစကားအို၊ ဝန်တိုကြီးကစကားလို ဟူသော မြန်မာစကားပုံရှိသည်။ လောဘကြီးသောသူသည် စကားပြောသောအခါနှင့် အလုပ်လုပ်သောအခါ ဖြစ်သလိုလုပ်ကြသည်။ ထိုသို့မောဟဖြစ် စကားပြောဆိုခြင်းသည် လိုရင်းကိုမရောက်နိုင်ချေ။ အလုပ်လုပ်ရာတွင်လည်း တလွဲလုပ်သည်။ ထို့ကြာင် မောဟကြီးသူသည် လောဘကြီးသူ၊ ဒေါသကြီးသူတို့ထက် ဆိုးနေခြင်းမှာ ထင်ရှားလှပါသည်။ ထို့ကြောင့် ထိုစိတ်များရှိသူလည်း မရှိစေရအောင် ထိန်းရန်လိုအပ်နေသော စိတ်များသည် အလွန်အရေးကြီးပါသည်။
ထိန်းရန်လိုသော စိတ်များလည်းရှိသကဲ့သို့ ထိန်းရန်မလိုသော စိတ်များလည်းရှိသည်။ မြန်မာစကားပုံတစ်ခုရှိသည် စိတ်ကိုစိတ်အတိုင်းထားထိန်းဖို့မလိုဘူး ဆိုသောစကားပုံမှာ ၅၀% မှားနေ၏။ သို့သော် ကောင်းသောဖက်၌ တွေးပြီးလုပ်ခြင်းသည် လွှတ်ထားပေးသင့်သော်လည်း မကောင်းသောဖက်၌ တွေးပြီးလုပ်ခြင်းသည် မလွှတ်ထားသင့်ဘဲထိန်းရန်လိုပါသည်။
တစ်ချို့သောသူ၏ စိတ်ထိန်းပုံအချို့ကိုလေ့လာရာတွင် ထိုသူတို့၏ ဆိုပုံမှာ စိတ်ကိုဘယ်အာရုံမှ လက်မခံနဲ့ ဟုသော ဆိုပုံနှင့် ထိန်းပုံမှားယွင်းနေ၏။ စိတ်သည် အာရုံနှင့်လွတ်ကင်း၍ မရသော သဘာဝဖြစ်သည်။ ထို့ကြောင့် စိတ်သည် အာရုံခြောက်ပါးနှင့် နေ့စဉ်ထိတွေ့နေရ၏။ ၎င်းတို့မှာ မျက်စိ၊ နား၊ အနံ့၊ လျှာ၊ ကိုယ်ကာယနှင့် စိတ်တို့ပင်ဖြစ်သည်။ မြတ်စွာဘုရား၏ ဟောကြားရာ၌ ရူပ္ပံနိတ္တေစံ ရုပ်တရားသပ်သပ်ဟာ ဘာပါဝါမှမရှိဘူး။ နာမ္မံနိတ္တေစံနာမ်တရားသပ်သပ်ဟာလည်း ဘာပါဝါမှမရှိဘူးဟု ဟောကြားပုံမှာ သဘာဝကျလှပါသည်။ နာမ်တရားကရုပ်တရားမရှိလျှင် အားမရှိသောသူတစ်ယောက်နှင့် တူပါသည်။ ရုပ်တရားသည်လည်းနာမ်တရားကဲ့သို့ ပင်ဖြစ်သည်။ ရုပ်နှင့် နာမ်ပေါင်းမှသာလျှင် ပါဝါတစ်ခုရလာသည်။ ထို့ကြောင့် အာရုံခြောက်ပါးနှင့် နေ့စဉ်ဘဝတွင် မလွတ်ကင်းနိုင်ချေ။ မြင်သည့်စိတ်ကို ထိန်းချုပ်ရန်မှာ မဖြစ်နိုင်ချေ။ မြင်သည့်စိတ်ကို ဘယ်အမြင်အာရုံမှ လက်မခံဘဲထိန်းချုပ်ရန်မှာမဖြစ်နိုင်ချေ။ ဘယ်အာရုံမျှလက်မခံရန် ထိန်းဖို့အတွက် ဆိုလိုခြင်းမဟုတ်ပေ။ ထိန်းချုပ်နိုင်လျှင် မျက်မမြင်များ နိဗ္ဗ္ဗာန်ရလိမ့်မည်။ မြင်သည့်စိတ်ပေါ် မူတည်၍ လောဘစိတ် တဏှာစိတ်များမဖြစ်အောင်ထိန်းချုပ်ရန်ကို ဆိုလိုခြင်းဖြစ်သည်။ အနံ့၊ အရသာနှင့် ကိုယ်ကာယတို့သည်လည်း ထိတွေ့သည့် အာရုံအခြေအနေပေါ်မူတည်၍ မကောင်းသောစိတ် မဖြစ်လေအောင် ထိန်းရမည်ဖြစ်သည်။ စိတ်သည် ခန္ဓာကိုယ် တစ်ခုလုံး၏ဦးဆောင်သူဖြစ်၍ စိတ်သည် မကောင်းရာ၌ ဦးဆောင်သောအခါ ထိန်းသိမ်းရန်နှင့် စိတ်သည် ကောင်းသောအရာ၌ ဦးဆောင်သောအခါ လွှတ်ပေးရန်ဖြစ်သည်။
စိတ်သည် အလွန်လျှင်မြန်သကဲ့သို့ စိတ်သည် ခန္ဓာကိုယ်တစ်ခုလုံး၏ ဦးဆောင်ရာဖြစ်သည့် အတွက်ကြောင့်လည်း အမြဲမပြတ်ကြည့်ကာ ကောင်းသောအတွေး၊ ကောင်းသောအလုပ်မှန်သမျှကို ဦးဆောင်လျှင် လွှတ်ပေးထား၍ မကောင်းသောအလုပ်၌ ထိန်းသိမ်းရန်တို့ဖြစ်သည်။
ခွန်သိန်းခွန်
Like On Facebook
Follow On Twitter
Subscribe On RSS