Tuesday, October 1, 2019

ပညာရှိသတိဖြစ်ခဲ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်


ပညာရှိသူဖြစ်ပါလျှက် သတိချိုယွင်းသူများသည် မည်သည့်လုပ်ငန်းကို လုပ်ကိုင်နေပါစေ အလွဲလွဲ အချော်ချော်ဖြစ်ကာ သူတစ်ပါး အားကိုးအားထားရမည့်အစား ပညာဂုဏ်ဖြင့်မာန်မာနတက်ခြင်းကြောင့် မြင်သူတိုင်းက မနှစ်လိုတတ်ကြသည်။ ထို့ကြောင့်ပညာရှိသူသည် သတိ တစ်လုံးကိုအမိအရလက်ကိုင်ထားရမည်ဖြစ်သည်။

ပညာသည်ဘဝကပေးသောပညာနှင့် အတန်းကျောင်းကပေးသောပညာဆိုပြီး နှစ်မျိုးရှိလေသည်။ အတန်းကျောင်းကပေးသည့် ပညာရပ်ဖြင့် သက်မွေးဝမ်းကြောင်းပြုကြသူများသည် ပြီးပြည့် စုံမှုမရှိသကဲ့သို့ ဘဝကပေးသောပညာရပ်ဖြင့်လည်း သူဌေးမဖြစ်စေနိုင်ပဲ ၎င်းပညာရပ်နှစ်ခုကို ပေါင်းစပ်၍ အသုံးချနိုင်သူများသည်သာ ချမ်းသာသော လူတန်းစားအဖြစ် ဘဝကိုပိုင်ဆိုင်ကြရလေသည်။

ပညာရှိသောသူများသည် လောကအကျိုးကို အကောင်းဆုံးဖြစ်အောင် ကြိုတင်စီမံ ဝေဖန်ပြုလုပ်ပါသော်လည်း "မမှားသောရှေ့နေမသေသောဆေးသမားမရှိ" ဆိုသကဲ့သို့ ပုထုဇဉ်လူသားတို့ သဘောသဘာဝအရ တစ်ခါတစ်ရံမထင်မှတ်ပဲ အမှားများကို ကျူးလွန်တတ်ကြသည်။ ပညာသည် မီးနှင့်တူပြီး အသုံးပြုတတ်သူများအဖို့ကား လွန်စွာအကျိုးရှိပြီး မသုံးတတ်သူတို့ဖို့ တော့ ပညာသည် မိမိကိုယ်ကိုပြန်လည်နှိပ်စက်တတ်သော မီးကဲ့သို့ လူသားတို့ကိုပူလောင်စေပါသည်။ တနည်းဆိုရသော် မိမိတတ်မြောက်ထားသော ပညာရပ်များကို လောကကြီးအတွက် အသုံးမချတတ်သူအဖို့ မြွေပွေးကဲ့သို့ အဆိပ်ပြင်းလှသည့် အရာဖြစ်စေနိုင်ပါသည်။

ပညာသည် ဝီရိယနှင့် သတိတရားတို့ကို ဒွန်တွဲမှသာ အရာရာကိုဆင်ခြင်သုံးသပ်နိုင်သည်။  မီးကဲ့သို့သောပညာကို လက်နက်ကဲ့သို့သောဝိရိယဖြင့် မိမိအကျိုး သူတစ်ပါးအကျိုး ဆောင်ရွက်သည့်အခါတွင် သတိတည်းဟူသော အထိန်းအကွပ်ကို ထားရှိရမည်ဖြစ်သည်။ "သတိတစ်လုံး အမိသုံး အဆုံးနိဗ္ဗုတာ" ဆိုသော စကားပုံကဲ့သို့ အလောင်းတော်များသည် သတိတရားကြောင်း သေဘေးမှအသီသီ လွှတ်ခဲ့ဖူးသည့် သက်သေသာဓကများစွာရှိခဲ့ဖူးသည်။

မည်သည့်လုပ်ငန်းကိုမဆို လုပ်ကိုင်ဆောင်ရွက်နေသူများသည် ပညာမရှိလျှင် လုပ်ငန်းချို့ ယွင်းတတ်ရုံမက ဘေးရန်နှင့်လည်း ကြုံတွေ့ရတတ်သည်။ ပညာဖြင့် လုပ်ငန်းများကို စီမံခန့်ခွဲပါသော်လည်း ကြိုးစားအားထုတ်မှု ဝီရိယမရှိပြန်လျှင်လည်း အောင်မြင်မှု မရရှိနိုင်ပါ၊ စီမံခန့်ခွဲမှု ပညာနှင့်ကြိုးစားမှုဝိရိယရှိပြီး အကျိုးအမြတ်ကို ဆင်ခြင်သုံးတတ်နိုင်သော သတိတရားလည်း ယှဉ်တွဲနိုင်ဖို့က လွန်စွာအရေးကြီးလှသည်။

အောင်မြင်လိုသောသူများသည် အမှားအမှန်ကို ဝေဖန်ပိုင်းခြားသုံးသပ်ဆင်ခြင်နိုင်သော ဉာဏ်ပညာ၊ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဆောင်တတ်သောဝိရိယ၊ အချိန်အခါကာလ အရပ်ဒေသနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် သူငယ်ချင်းများကို လက်တွဲဖို့ရန် ဆင်ခြင်တတ်သော သတိတရားတို့ကို လက်ကိုင်ထားမှသာလျှင် အောင်မြင်သောသူများဖြစ်လာမည်ဖြစ်သည်။ ပညာရှိတိုင်း ဘဝအောင်မြင်စေဖို့၊ ပညာရှိသူတိုင်း လမ်းမလွှဲစေဖို့ရန် ဝိရိယနှင့်သတိတရားကို အစဉ်အမြဲ လက်စွဲထားရမည်ဖြစ်သည်။

ယနေ့ခေတ် အချို့သောလူငယ်များသည် ဘွဲ့ရပညာတတ်သော်လည်း သတိတရားကို မေ့ထားခြင်းကြောင်း တိုးတက်သင့်ပါလျှက် မတိုးတက်ပဲ မူးယစ်သားကောင်များ ဖြစ်ကြရလေသည်။ ငွေပေးပြီးရောဂါဘယများကို ရှာဖွေကြလေသည်။ အဇာတသတ်မင်းသည် ပညာရှိပါလျှက် သတိဖြစ်ခဲသောကြောင့် အရှင်ဒေဝဒတ်ကို ဆရာတင်ပြီး မကောင်းမှုများကိုလုပ်ဆောင်ပြီး မိဘ ဆရာသမားများနှင့် ဘုရားရှင်ကို ပြစ်မှားလေသောကြောင့် ကျွတ်ထိုက်သူအဖြစ်မှ ငရဲသားအဖြစ်သို့ မကောင်းသော လူ့ဘဝကို ပြောင်းသွားစေနိုင်သည်။
"ပညာရဲရင့်ပွဲလယ်တင့်"ပညာရှိကလိုတရ"ဟု ဆိုရိုးစကား ပြောစမှတ်ရှိကြသော်လည်း မိမိအကျိုးသူတစ်ပါးအကျိုးကို တိုးတက်အောင် ဆောင်ရွက်နိုင်မှသာလျှင် ကောင်းမွန်သောပညာရပ်တန်ဖိုးရှိသောပညာရပ်အဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည်။ မိမိတတ်သိထားသည့်ပညာဖြင့် သူတစ်ပါးကိုနိုင်ထက်စီးနင်းပြုခြင်း၊ အနိုင်ကျင့်ခြင်း၊ မောက်မာခြင်းများပြုလုပ်ပါက ပညာတတ်များ မဟုတ်ပဲ အမွေဆိုးကိုဆက်ခံသောသူသာ ဖြစ်ပေလိမ့်မည်။

ယနေ့လူငယ်များ အထူးမှတ်သားဖို့ရန်မှာ ဘဝကပေးသောပညာရပ်ဖြင့်ဖြစ်စေ၊ အတန်းကျောင်းကပေးသော ပညာရပ်ဖြင့်ဖြစ်စေ မိမိတို့၏ မိသားစု၊ ဆွေမျိုး၊ ကျေးရွာ၊ တိုင်းပြည်အကျိုးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုုင်ကြပါစေကြောင်း တောင်းဆုခြွေလျှက် နိဂုံးချုပ်လိုက်ရပါသည်။


အိန်ခေ
Powered by Blogger.