Friday, October 4, 2019

ဒေသဖွံ့ဖြိုးရေးမှ နိုင်ငံတော်ဖွံ့ဖြိုးရေးဆီသို့

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၄)ရက်


ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် ၁၉၉၁-ခုနှစ် ဧပြီလ(၁၁)ရက်နေ့မှစ၍ ယခုပအိုဝ်းတိုင်းရင်းသား ခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီမှ ဦးဆောင်ပြီး ငြိမ်းချမ်းရေးရယူနိုင်ရန် ပအိုဝ်းအမျိုးသားအဖွဲ့အစည်းတွင်းသာမက ပအိုဝ်းအမျိုးသားထုတစ်ရပ်လုံး၏ အကြံဉာဏ်ထောက်ခံမှုဖြင့် ပအိုဝ်းတစ်မျိုးသားလုံးနှင့် ပအိုဝ်းဒေသ ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရည်ရွယ်၍ နိုင်ငံတော်နှင့် တပ်မတော်အပေါ် ပအိုဝ်းတို့၏ ကံကြမ္မာအဆိုးအကောင်းကို ပုံအပ်ပြီး အတူတကွပူးပေါင်း ဆောင်ရွက်သွားရန် အဓိဌာန် ချ၍ နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးကို ရယူခဲ့ပါသည်။ ငြိမ်းချမ်းရေးရယူပြီး နောက်ပိုင်းတွင်လည်း နိုင်ငံတော်မှ ပအိုဝ်းအမျိုးသားများအပေါ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မေတ္တာစေတနာ အပြည့်အဝဖြင့် ကူညီဆောင်ရွက်သွားရန် အပြန်အလှန်သစ္စာပြု၍ နိုင်ငံတော်ဘက်မှလည်း သစ္စာပျက်ကွက်မှုမရှိခဲ့သလို ပအိုဝ်းတိုင်းရင်းသားတို့ဘက်မှလည်း သစ္စာရှိသော အဖွဲ့တစ်ဖွဲ့အဖြစ် ယနေ့ချိန်ထိ ရပ်တည်နေပါသည်။

၁၉၉၁-ခုနှစ် ငြိမ်းချမ်းရေးယူပြီးချိန်မှစ၍ ယနေ့ချိန်ထိ နှစ်ပေါင်း (၂၀)ကျော် ရှိပြီး ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းကို တစ်စိုက်မတ်မတ် လုပ်ဆောင်လျက်ရှိသည်ကို အများပြည်သူအသိဖြစ်ပါသည်။ ဒေသဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ရေးတွင်များစွာ အထောက်အကူပြုပေးနိုင်မည်ဖြစ်သည်။ အထူးသဖြင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးဖြစ်သော ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေးအပိုင်းတွင် တစ်စိုက်မတ်မတ် ဦးစားပေးလုပ်ဆောင်လျက်ရှိပြီး ယနေ့ချိန်တွင် ဘွဲ့ရပညာတတ် ပအိုဝ်းမောင်မယ်များ အများအပြား ပေါ်ထွန်းလျက်ရှိကာ အစိုးရအဖွဲ့အစည်း(သို့) အစိုးရမဟုတ်သည့် အဖွဲ့အစည်းများတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ရပြီး လူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပွင့်လန်းလာကြပြီဖြစ်ပါသည်။ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် လူငယ်များလည်း အနည်းအကျဉ်း ရှိလာသကဲ့သို့ အောင်မြင်နေသည့် စီးပွားရေးလုပ်ငန်းရှင်များလည်း ပေါ်ထွက်လာနေကြပြီဖြစ်သည်။ ဤတွင် ငြိမ်းချမ်းရေး၏ အကျိုးကျေးဇူးကြောင့် ပညာရေးကို ဆုံးခန်းတိုင်အောင် ကောင်းမွန်စွာ သင်ယူရခြင်းဖြစ်သည်။

တပ်မတော်အစိုးရမှ တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင်ကို အထူးဒေသ(၆)အဖြစ် သတ်မှတ်ပေးသောကြောင့် ၎င်းတို့နယ်မြေသည် ငြိမ်းချမ်းရေးနယ်မြေဟုလည်း ခေါ်ဆိုနိုင်ပါသည်။ ၎င်းဒေသတွင် အတူတကွ နေထိုင်သည့် အခြားသော တိုင်းရင်းသားများသည်လည်း ငြိမ်းချမ်းရေး၏ အကျိုးကျေးဇူးများကို ထပ်တူခံစားနေရပါသည်။

ငြိမ်းချမ်းရေး၏အရသာကို မငြိမ်းချမ်းသောဒေသအရပ်၌ နေထိုင်သောသူသည် ငြိမ်းချမ်းရေးကို ပို၍ တန်ဖိုးထားကြသည်မှာ အမှန်ပင်ဖြစ်သည်။ ယခုမငြိမ်းချမ်းသေးသောဒေသကိုကြည့်ပါက ပညာကိုကောင်းမွန်စွာ သင်ယူရမှုမရှိခြင်း၊ အိုးအိမ်ကိုပစ်၍ စွန့်ခွာရခြင်း၊ ကျန်းမာရေးပြုစုစောင့်ရှောက်ရေး မခံယူရခြင်း၊ အမြဲတမ်းကြောက်လန့်နေရခြင်း၊ စီးပွားရေးကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မှုမရှိခြင်း၊ အမျိုးသမီးများ၊ ကလေးသူငယ်များ လူ့အခွင့်အရေးများ ဆုံးရှုံးရခြင်းနှင့် အဘက်ဘက်မှ နောက်ကျခံရခြင်းများ ကြုံတွေ့နေရသည်ကို လူတိုင်းအသိပင်ဖြစ်သည်။ စစ်ပွဲသည် အရာရာကို ပျက်စီးစေသောကြောင့် တစ်နည်းအားဖြင့် ကပ်ကြီးဆိုက်သည်ဟုလည်း ခေါ်ဆိုနိုင်ပါသည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ရာဒေသအများစုသည် ငြိမ်းချမ်းရေး၏ အကျိုးကျေးဇူးကြောင့်နှင့် ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်များ နိုင်ငံတော်အပေါ် သစ္စာရှိမှုကြောင့် ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် နိုင်ငံတော်မှ များစွာ အထောက်အပံ့ပြုပေးသည်ကို နှစ်စဉ် မြင်တွေ့နေရပါသည်။ ဒေသငြိမ်းချမ်းမှသာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားသည် ငြိမ်းချမ်းရေးကို ဦးစား ပေးလုပ်ဆောင်ခြင်းဖြစ်သည်။

ပအိုဝ်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရမည်ဆိုရင် ငြိမ်းချမ်းရေးယူပြီးနောက်ပိုင်း အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုများလည်း ပိုမိုတိုးပွားလာပြီး တစ်နယ်နှင့်တစ်နယ်ကူးလူးရာတွင် အချိန်တိုတောင်းမှုနှင့် မိမိဒေသမှ ထွက်ရှိသည့် ကုန်ပစ္စည်းများ၊ သီးနှံများလည်း စျေးကွက်တွင်းအလွယ် တကူရောက်ရှိနိုင်မှုကြောင့် ပြည်သူများ၏ စားဝတ်နေရေးလည်း ပြေလည်မှုရှိကာ ကျောင်းသား/သူများလည်းသွားလာရေး လွယ်ကူသောကြောင့် ကျောင်းမှတစ်ဝက်တစ်ပျက်ထွက်မှု မရှိသလောက်ပင်ဖြစ်သည်။

ပညာရေးအပိုင်းဖြစ်သော အခြေခံပညာအထက်တန်းကျောင်းအနေဖြင့် ပအိုဝ်းဒေသအတွင်း  ပိုမိုလျှင်မြန်စွာ တိုးချဲ့ရရှိသည်ကို ပအိုဝ်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အဖွဲ့အစည်းထံလေ့လာသိရှိနိုင်ပါသည်။ အထူးသဖြင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ ပညာရေးမူဝါဒသည် ကျောင်းနေအရွယ် ကျောင်းသားတိုင်း ကျောင်းတက်နိုင်ရေးသည် မိမိအနေဖြင့် ကြိုက်နှစ်သက်သည်။ အဘယ်ကြောင့် ဆိုသော် “ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကိုသာ” တည်ဆောက်နိုင်ပါသည်။ “စိတ်ဓါတ်၊ စည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့် ဆောင်ပုဒ်အတိုင်းလည်း အနာဂတ်မျိုးဆက်သစ်များကို မွေးထုတ်လာရာတွင် လူတော်လူကောင်းဖြစ်စေရန်များစွာ အထောက်အကူပြုပေးနိုင်ပါသည်။

ထို့ကြောင့်  ငြိမ်းချမ်းရေးယူပြီးနောက်ပိုင်း ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်များသည် ပညာရေးအပိုင်းကို အားကျိုးမာန်တက် ပထမ ဦးစားပေးအနေဖြင့် ကြိုးစားလုပ်ဆောင်ခဲ့သည်ကို ယခု ကန်ကြီးရပ်ကွက်ရှိ ပအိုဝ်းဘက်စုံဖွံ့ဖြိုးရေးကွင်း တပေါင်းကွင်း (ဒဲဉ်သီးဗွေကွင်း)တွင်ရှိသော ပညာရေးကောလိပ်ကျောင်းသည် မျက်မြင်သက်သေပင်ဖြစ်ပါသည်။ နှစ်စဉ်နှစ်တိုင်း မျိုးဆက်သစ် ဆရာ/ ဆရာမ များကို ရာနှင့်ချီ၍ မွေးထုတ်နိုင်ခဲ့သည်ကို မိမိအနေဖြင့် ချီးမွမ်းဂုဏ်ပြုလိုပါသည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် စည်းလုံးညီညွှတ်ရေးကို အလေးထားသည်။ ခေါင်းဆောင်ကြီးများ၏ သွန်သင်ဆုံးမမှုများကိုလည်း လေးစားလိုက်နာမှုရှိသည်။ များသောအားဖြင့် ဖွံ့ဖြိုးရေးအပိုင်းတွင် နိုင်ငံတော်မှ ဘဏ္ဍာငွေများချမှတ်ပေးပြီး ကာယအားကို ပြည်သူဘက်မှလည်း ၀ိုင်းဝန်းပံ့ပိုးမည်ဆိုပါက ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပိုမိုလျှင်မြန်မှုရှိမည်ဖြစ်သည်ဟု ပအိုဝ်းခေါင်းဆောင်မှအစ ပြည်သူများ ဘက်မှလည်း ခံယူသောကြောင့် ယနေ့အချိန်တွင် ပအိုဝ်းဒေသသည် ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ဆုံးသော ဒေသဟုပင် ဆိုနိုင်ပါသည်။ နိုင်ငံတော်သည် တစ်နိုင်ငံလုံးရှိ ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဆောင်ရန် တာဝန်ရှိသော်လည်း ပြည်သူများက ပူးပေါင်းလုပ်ဆောင်မှသာလျှင် ပိုမိုလျှင်မြန်စွာ ဖွံ့ဖြိုးလာမည်ဖြစ်သည်။

ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးသည် ၎င်းဒေသတွင်း နေထိုင်သော ပြည်သူများသည် တာဝန်အရှိဆုံး ဖြစ်သည်ဟူသောခံယူချက်များကို လူတိုင်းမွေးဖွားစေလိုသည်။ ထို့ကြောင့် ဒေသတိုင်း ဒေသတွင်းဖွံ့ဖြိုး တိုးတက်ရေးကို လုပ်ဆောင်ရင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့  ၀ိုင်းဝန်းအထောက်အကူပြုပေးကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ် ရေးသားတင်ပြလိုက်ရပါသည်။

 နန်းအွဉ်ရက်ခွိုꩻ
Powered by Blogger.