Tuesday, October 8, 2019

ကောင်ပန်းတန်း ကျေးရွာတွင်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံမိဘ ပြည်သူများ တွေ့ဆုံပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်








၂၀၁၉- ခုနှစ် အောက်တိုဘာလ (၈) -ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ကောင်ပန်းတန်း ဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံမိဘပြည်သူများ တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့‌ကြောင်းသိရှိရပါသည်။

အခမ်းအနားတွင် ကောင်ပန်တန်းကျောင်း ဆရာတော်အထံတွင် ငါးပါးသီလကို ခံယူဆောက်တည်ပြီး နောက် သထွုံပေးဒေသ ဥက္ကဋ္ဌခွန်မောင်ပျာက အဖွင့်အမှာစကား‌‌ပြောကြားပေးခဲ့ကာ သူရိယခမ်း ခမ်းဗွေဖြားလှမြင့်က အားပေးစကား ပြောကြားပေးခဲ့ပါသည်။

ထို့နောက် ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သန်းထူးက လွှတ်တော်အတွေ့အကြုံများ၊ ဒေသဖွံ့ ဖြိုးရေး၊ ပညာရေး၊ လူမှုရေးနှင့် ငြိမ်းချမ်း‌ရေးအ‌ကြောင်းအရာများကို ပြောကြားခဲ့ပါသည်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြားခွန်မောင်ပယ်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ လုပ်ငန်းဆောင်တာများဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု အ‌ခြေအနေများ၊ ပြည်နယ်အစိုးရ၏ ဖွံ့ဖြိုးရေးလုပ်ငန်း အ‌ကြောင်းအရာများ၊ လူငယ်များနှင့် ခေတ်ပညာရေးအ‌ကြောင်းအရာများ၊ ပြည်သူ့ကျန်းမာရေးအ‌ကြောင်းအရာများ၊ လူမှုရေး၊ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး အ‌ကြောင်းအရာများကို အကျယ်တ၀င့် ရှင်းလင်း‌ပြောကြားပေးခဲ့ပါသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြားခွန်သိန်းဖေက- မိမိတို့အဖွဲ့အစည်းသည် တစ်ဦးတစ်ယောက်ကောင်း အဖွဲ့အစည်းမဟုတ်ပဲ တစ်မျိုးသားလုံး ကောင်းအောင်ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပါ‌ကြောင်း၊ ပအိုဝ်းခေါင်းဆောင်အဆက်ဆက်က ပြည်သူလူထုကောင်းစားရေးအတွက် နိုင်ငံရေးလမ်းစဉ်၊ လူမှုရေးလမ်းစဉ်၊ အုပ်ချုပ်ရေးလမ်းစဉ်များကို ချမှတ်ထားခဲ့ပြီဖြစ်ကြောင်း၊ အစိုးရဌာနဆိုင်ရာများတွင် နေရာရှိပါသော်လည်း ၎င်းနေရာများကို စီမံခန့်ခွဲနိုင်မည့် လူငယ်များ၊ ခေတ်ပညာတတ်လူငယ်များ လိုအပ်လျှက်ရှိပါကြောင်း၊ မိမိတို့ဒေသသည် တိုးတက်သင့်သလောက် တိုးတက်ပါသော်လည်း မြို့ကြီးပြကြီးများနှင့် နှိုင်းယှဉ်ပါက များစွာလိုအပ်နေလျှက်ရှိပါ‌ကြောင်း၊ ငြိမ်းချမ်းရေး၏ အသီးအပွင့်ဖြစ်သည့် စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး ကျန်းမာရေး၊ ပညာရေးစသည့်အခန်းကဏ္ဍများကို ခေါင်းဆောင်များက အားသွန်ခွန်စိုက် ကြိုးပမ်းသလို မိဘ ပြည်သူများအနေဖြင့်လည်း ကြိုးစား ဆောင်ရွက်ကြဖို့ လိုအပ်ပါ‌ကြောင်း၊ မိမိတို့လူမျိုး ကိုယ်စားလှယ်များ လွှတ်တော်တွင် မရှိပါက မိမိတို့ဒေသ လိုအပ်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အခွင့်အရေး ဆုံးရှုံးနိုင်ပါ‌ကြောင်း၊ လွှတ်တော်တွင် မိမိတို့ပအိုဝ်းလူမျိုးများ ရသင့်ရထိုက်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို မိမိတို့ ကိုယ်စားလှယ်များက အလျဉ်းသင့်သလို အဆိုတင်သွင်းလျှက်ရှိပါ‌ကြောင်း၊ ပအိုဝ်းကျေးရွာများသည် အုပ်ချုပ်ရေးကအစ အစိုးရအုပ်ချုပ်ရေးယန္တရားနှင့် များစွာတူညီလျှက်ရှိပါ‌ကြောင်း၊ တိုင်းပြည်နှင့် လူမျိုး ခေါင်းဆောင်ရွေးရာတွင် ထက်မြတ်သည့်ပုဂ္ဂိုလ်များကို ရွေးချယ်တတ်ဖို့ အလွန်အရေးပြီဖြစ်ပါ‌ကြောင်း၊ မိမိတို့လူမျိုးရှိရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြင်ပဒေသများ အတွက်လိုအပ်လျှက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို လျစ်လျူမရှုပဲကြိုးစား အဆိုတင်သွင်းပေးလျှက်ရှိပါ‌ကြောင်းပြောကြားခဲ့ပါသည်။

ရပ်မိရပ်ဖများက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို လွှတ်တော်ကိုယ်စားလှယ်များအား မေးမြန်းတင်ပြပြီးနောက် ရပ်မိရပ်ဖများကိုယ်စား အထူးဒေသ (၆) ထီတယမ်းအုပ်စု ဥက္ကဋ္ဌဖြားဆရာမောင်က နိဂုံးချုပ် ကျေးဇူးတင်စကားပြောကြားပေးခဲ့ပါသည်။

လူထုတွေ့ဆုံပွဲတွင် အထူးဒေသ(၆) သူရိယခမ်း ခမ်းဗွေဖြားလှမြင့်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြားခွန်သိန်း‌‌ဖေ၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဖြားခွန်သန်းထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်ပယ် ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ခမ်း၊ နယ်း၊ အွိုင်းအကြီးအကဲများ ထီတယမ်းအုပ်စု ၊ထီလုံးဆူ၊ ပင်လဲမ်၊ ပင်ညိုး၊ လုဲင်းပေး၊ ဗန်းကင်၊ နောင်လက်၊ စောစား၊ ပင်အောင်း၊ ညိုးမွူး၊ ကောင်ပန်တန်း၊ ထီတယမ်း၊ ဗန်းပြင်၊ လွယ်မန်း၊ နာစေးဆောက်၊ နောင်တဗင်ကျေးရွာများမှ ရပ်မိရပ်ဖ တစ်ထောင်ကျော် တက်ရောက်ခဲ့‌ကြောင်းသတင်းရရှိပါသည်။

ခွန်ထွိုက်ခမ်း

Powered by Blogger.