Tuesday, October 8, 2019

တိုင်းရင်းသားလူမျိုးများမှ ဌာနဆိုင်ရာသို့သိစေလိုသော အကြောင်းရင်းများ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၉)ရက်


ကျွန်ုပ်တို့မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံစုစည်းနေထိုင်သော ပြည်ထောင်စုနိုင်ငံတော်ဖြစ်သည်။ ပြည်ထောင်စုဟူသည် ထိုတိုင်းရင်းသားလူမျိုးပေါင်းစုံစုစည်းနေထိုင်၍သာ ခေါ်ဝေါ်ရခြင်းဖြစ်သည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် မိမိတို့၏ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ထုံးစံများဖြင့် နေရာဒေသအနှံ့ ဖြန့်ကျက်နေထိုင်တတ်ကြသည်။ မြန်မာနိုင်ငံတွင် ထိုသို့သော တိုင်းရင်းသားလူမျိုးများက မိမိတို့၏ရိုးရာယဉ်ကျေးမှု၊ ဘာသာ၊ စာပေများနှင့်နေထိုင်ရှင်သန်သော်လည်း နိုင်ငံသုံး စာပေအဖြစ်မြန်မာစာကို ကျင့်သုံးရသည်။ မိမိတို့၏ရုံးသုံးစာပေအဖြစ် မြန်မာစာကိုကျင့်သုံးကြသော်လည်း မိခင်စာပေအရ မိမိတို့လူမျိုးစုများ၏စာပေများကိုသာခေါ်ဝေါ်ကျင့်သုံးကြသည်သာမက အမည်နာမ မှည့်ခေါ်ရာတွင်လည်း မိမိမျိုးနွယ်နာမည်များဖြစ်သာ ခေါ်ဝေါ်သုံးစွဲတတ်ကြသည်။

ဗမာတိုင်းရင်းသားများကလွှဲ၍ကျန်တိုင်းရင်းသားလူမျိုးအများစုသည် အမည်နာမမှည့်ခေါ်ထားရာတွင် ဗမတိုင်းရင်းသားများက အသံထွက်ပီပီပြင်ပြင်နှင့်မှန်မှန်ကန်ကန်ခေါ်နိုင်ရန် ခက်ခဲတတ်ကြသည်။ ထိုနည်းတူပင် မြန်မာနိုင်ငံအတွင်းရှိဌာနဆိုင်ရာတွင်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများလည်း ဗမာ တိုင်းရင်းသားအများစုသာဖြစ်ပြီး ကျန်သောတိုင်းရင်းသားများစွာက ပါဝင်မှုနည်းပါးနေသည်ကို ဌာနတိုင်းတွင် တွေ့ရှိနိုင်ပေသည်။ ထိုသို့နည်းပါးနေရခြင်းအကြောင်းရင်းလည်းများစွာရှိနေပေလိမ့်မည်။ မည်သို့ပင် ဆိုစေကာမူ ကျွန်ုပ်တို့တိုင်းရင်းသားအမည်များကိုမှန်ကန်စွာဖြည့်သွင်းနိုင်ရေးသည် ကျွန်ုပ်တို့အတွက် အလွန်ပင် အရေးကြီးသောအကြောင်း တစ်ရပ်ဖြစ်ပေါ်လာပါသည်။

အဘယ်ကြောင့် ကျွန်ုပ်တို့အမည်အမှန်မရေးသွင်းနိုင်၍ ကြုံတွေ့နေရသောအခက်အခဲပေါင်းများစွာ ရှိနေသည်ကို တက္ကသိုလ်ဝင်တန်းဝင်ခွင့်ချိန်တွင်လည်းကောင်း၊ လုပ်ငန်းခွင်ဝင်ရောက်ရာတွင်လည်းကောင်း၊ နိုင်ငံခြားသို့သွားရောက်လို၍လုပ်ဆောင်ရသော လုပ်ငန်းစဉ်အဆင့်ဆင့်အတွက် သော်လည်ကောင်း စသောနေရာတစ်ခုခု၊ အလုပ်တစ်ခုခုလုပ်ကိုင်နိုင်ရန်အတွက် ဤနာမည်ရေးသွင်းဖော်ပြထားမှုသည် အင်မတန်ခက်ခဲစေသောအရာတစ်ခုဖြစ်ကြောင်းကို ကြုံဖူးသူတိုင်း ရင်ဆိုင်ကြရသော အခက်အခဲတစ်ခုဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ မိမိတို့ကျန်အခြားတိုင်းရင်းသားများ အမည်နာမတွင်လည်းကောင်း၊ မိမိတို့နာမည်ကို ရေးဖြည့်သွင်းချိန်တွင် ရေးတတ်သလိုရေးသွင်းကြခြင်းဖြစ်ပြီး ဌာနဆိုင်ရာများတွင် လူမျိုးနှင့်သက်ဆိုင်သော ဝန်ထမ်းများမရှိခြင်းစသည်အကြောင်းရင်းများစွာရှိနေပေလိမ့်မည်။ 

ထိုနည်းတူပင်ကာယကံရှင်ဖြစ်သော မိမိတို့သည်လည်း မည်သို့ရေးရမည်၊ ဤသို့ရေးမှမှန်မည် စသည့်မှန်ကန်စွာရေးသားဖြည့်သွင်းပေးရန် ပြောဆိုနိုင်သောစွမ်းရည်များလည်းမရှိခဲ့သည့်အပြင် မိမိတို့ကို လမ်းညွှန်ပေးနိုင်သော ဦးဆောင်မှုပေးနိုင်သူလည်းမရှိခဲ့ပေ။ ထိုနည်းတူမွေးစာရင်းပြုလုပ်ချိန်တွင် မိမိသား/ သမီးအမည်ကိုရေးသွင်းရာတွင် မိဘများကိုယ်တိုင်က စာပေပညာမသင်ကြားခဲ့ရ၍ အတန်းပညာမတတ်သော အကြောင်းရင်းများလည်းပါရှိသကဲ့သို့ မိမိတို့၏လူမျိုးစုစာပေများသာတတ်မြောက်၍ နိုင်ငံသုံးစာဖြစ်သော မြန်မာစာကို မတတ်ကျွမ်းမှုများလည်းစသည့်အကြောင်းရင်းများအပြင် အထက်မှာပြောဆိုထားသည့် အတိုင်း မမှန်ကန်ကြောင်းဆိုသည့် ပြန်လည်ပြောဆိုနိုင်သော အစွမ်းသတ္တိများလည်း မရှိကြသည်ကိုတွေ့ရှိ ရပါသည်။ 

ထိုသို့ဖြစ််ရခြင်းမှာ မိမိတို့မြန်မာနိုင်ငံ၏အခြေအနေဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေး၊ ပဒေသရာဇ်စနစ်များကြောင့် တန်းတူညီမျှခြင်းဟူသော အခွင့်အရေးများလည်း ကွဲပြားခြားနားသွားကြသည်။ ထိုစနစ်များ၏အကျိုးဆက်ကြောင့် ပညာသင်ကြားခွင့်သော်လည်းကောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဆောင်ရာတွင် လည်းကောင်း ဒေသတစ်ခုနှင့်တစ်ခု ကွဲပြားခြားနားမှုရှိခဲ့သည်။ ထိုလုပ်ဆောင်ချက်များ၏အကျိုးဆက်ကြောင့် ဌာနဆိုင်ရာများတွင် ဗမာတိုင်းရင်းသားများထက် အခြားတိုင်းရင်းသားများနည်းပါးခြင်းဖြစ်ကြောင်း စာရေးသူအနေဖြင့် သုံးသပ်မိပါသည်။ 

ထိုသို့ဖြစ်စဉ်များကြောင့် ယနေ့အချိန်ထိ မည်သည့်အစိုးရဌာနမဆို တိုင်းရင်းသားများအတွက် အခက်အခဲများစွာကို ရင်ဆိုင်နေရဆဲပင်ဖြစ်သည်။ မိမိတို့အနေဖြင့်လည်း ထိုသို့သော အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေရမှုများမှ နည်းပါးလာစေရန်နှင့် ဌာနဆိုင်ရာများမှလည်း လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမိုလွယ် ကူစွာလုပ်ဆောင်နိုင်စေရန် ကျန်တိုင်းရင်းသားများလည်းဌာနဆိုင်ရာအတွင်း ပိုမိုပါဝင်လာခြင်းဖြင့် ဤပြဿနာကို ဖြေရှင်းနိုင်ပေလိမ့်မည်။ ထိုထက်မက တိုင်းရင်းသားများထဲမှလည်း လူအများစုရင်ဆိုင် နေရသော ထိုအခက်အခဲများကို တစ်ဖက်တစ်လှမ်းမှကူညီပံ့ပိုးနိုင်စေရန် ဌာနဆိုင်ရာ လုပ်ထုံး လုပ်နည်း၊ ဘာသာစကား နားလည်သော တတ်သိလူများကို အကူအညီတောင်းခံခြင်းသော်လည်းကောင်း၊ ဘာသာပြန်အနေဖြင့် လည်းကောင်း  ဝိုင်းဝန်းဆောင်ရွက်ခြင်းဖြင့် ဤသို့သောအခက်အခဲများကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ယုံကြည်ပါသည်။ သို့မှသာ လူမျိုးစုအမည်၊ ဘာသာရေးအရကျင့်သုံးခေါ်ဝေါ်သောအမည် စသည်များလည်း အမှန်အတိုင်းခေါ်ဝေါ်ကျင့်သုံးနိုင်ပါလိမ့်မည်။ 

နန်းစိန်ကျင်း (အွံအား)
Powered by Blogger.