Wednesday, October 9, 2019

၂၀၁၉ ပညာသင်နှစ် တောင်ကြီးတက္ကသိုလ် အဝေးသင်ပအိုဝ်းကျောင်းသား/သူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၉)ရက်









၂၀၁၉-ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့ တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ၂၀၁၉-ပညာသင်နှစ် တောင်ကြီးတက္ကသိုလ် အဝေးသင်ပအိုဝ်းကျောင်းသား/သူများက မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ကျင်းပပြုလုပ်ကြကြောင်း သိရှိရပါသည်။

ရှေးဦးစွာ ပြည်ထောင်စုအလံတော်၊ ပအိုဝ်းအမျိုးသားအလံတော်နှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ပအိုဝ်းအမျိုးသားသီချင်းကို သီဆိုခြင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ကြကြောင်း သိရှိရပါသည်။

‌ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမူမူမြင့်မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ‌ပြောကြားပေးခဲ့ပါသည်။

၎င်းနောက်တွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုဥက္ကဋ္ဌ ဖြားခွန်ဝင်းကိုက အားပေးစကားပြောကြားပြီးနောက် တောင်ကြီးတက္ကသိုလ် ပအိုဝ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာခွန်မောင်ချိုက အဝေးသင်ပညာရေးဆိုင်ရာ အားပေးစကားပြောကြားပေးခဲ့ပါသည်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့၀င် ခွန်အောင်ဇေယျ ‌ပြောကြားရာတွင် - တိုင်းရင်းသားအချင်းချင်း အစဉ်ထာဝရ စည်းလုံးညီညွှတ်ရေး ခိုင်မြဲစေရန်၊ အမျိုးသားရေး စိတ်ဓါတ်ရှင်သန်ထက်မြတ်လာစေရန်၊ မိမိတို့ပအိုဝ်းရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ မျိုးဆက်သစ်ခေါင်းဆောင်ကောင်းများ ‌ထွန်းကားပေါများလာစေရန်၊ ပညာတတ်လူငယ်များ ပေါများလာစေရန်၊ အဆင့်မြင့်ပညာရပ်များကို ရဲဝံ့စွာသင်ကြားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

နောက်ဆုံးနှစ်ကျောင်းသား ခွန်အောင်သိန်းက ကြိုဆိုနှုတ်ဆက်စကား ပြောကြားကာ ပထမနှစ်ကျောင်းသူ နန်းသန်းရီက ကျေးဇူးတင်စကားကို ပြန်လည်ပြောကြားပြီး အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဖြားခွန်ရဲထွေး၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်နှင့် အဖွဲ့ဝင်များ၊ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား/သူများ နှစ်ထောင်ကျော် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခွန်ထွိုက်ခမ်း
Powered by Blogger.