ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာထွန်းလင်းတောက်ပသည့် နိုင်ငံတော်ကြီးဖြစ်သည်နှင့်အညီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လျက်ရှိကြသည့် တိုင်းရင်းသားလူမျိုးများသည်လည်း အများအားဖြင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်လျက်ရှိကြပေသည်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်လျက်ရှိကြသည့် တိုင်းရင်းသားလူမျိုးများအနက် မိမိတို့ပအိုဝ်းတိုင်းရင်းသားလူမျိုးသည်လည်း အပါအဝင်ပင်ဖြစ်ပေသည်။ ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် အများအားဖြင့် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်လျက်ရှိကြပြီး ခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်သူများလည်း အနည်းငယ်ရှိကြပေသည်။ ပအိုဝ်းတိုင်းရင်းသားလူမျိုးများအနေဖြင့် ဗုဒ္ဓဘာသာအပေါ် မည်မျှသက်ဝင်ယုံကြည်ကိုးကွယ်လျက်ရှိကြသည်ကို ပအိုဝ်းလူမျိုးများနေထိုင်ရာဒေသသို့ အလည်ရောက်သည့်သူတိုင်းတွေ့မြင်သိရှိပြီးဖြစ်ပေမည်။ ရွှေရောင်တဝင်းဝင်းဖြင့် တောက်ပနေသည့် စေတီပုထိုးများ၊ နန်းတော်ကြီးသဖွယ် ကြီးကျယ်ခမ်းနားလှပသည့် ဘုန်းတော်ကြီးကျောင်းများနှင့် ပအိုဝ်းလူမျိုးများနေထိုင်ရာနေအိမ်၏ ဧည့်ခန်း၌ သစ်သီးပန်းမာန်များ ဝေဆာစွာဖြင့် ဆောက်လုပ်ပူဇော်ထားရှိသည့် ဘုရားစင်များက ပအိုဝ်းလူမျိုးတို့၏ ဘာသာရေးအပေါ် သက်ဝင်ယုံကြည်ကိုးကွယ်မှုအား သက်သေပြုလျက်ရှိနေပေသည်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်လျက်ရှိကြသည်နှင့်အညီ မြတ်ဗုဒ္ဓ၏ အဆုံးအမများ၊ တရားတော်များကိုလည်း တသွေမတိမ်းလိုက်နာကျင့်ကြံအားထုတ်လျက်ရှိကြပြီး ဘာသာရေးနှင့် စပ်ဆိုင်သည့် ပွဲလမ်းသဘင်များကိုလည်း ရှေးဘိုးဘွားစဉ်ဆက်မှသည် ယနေ့ထိတိုင် ရိုးရာအစဉ်အလာမပျက်နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်လျက်ရှိပေသည်။
ယခုအချိန်ဆိုလျှင် ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့ ကျင်းပပြုလုပ်လျက်ရှိသည့် ဘာသာရေးပွဲလမ်း သဘင်များစွာအနက် တစ်ခုဖြစ်သည့် ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပပြုလုပ်သည့် တန်ဆောင်မုန်းကာလ အချိန်အခါသမယကို ရောက်ရှိလာခဲ့ပြီလည်းဖြစ်ပေသည်။ ထို့ကြောင့် မိမိအနေဖြင့် စာပေချစ်သူများအတွက် တန်ဆောင်မုန်းလအကြောင်းနှင့် တန်ဆောင်မုန်းကာလ ပအိုဝ်းဒေသအကြောင်းကို မိမိလက်လှမ်းမီသမျှ ရေးသားတင်ပြပေးသွားမည်ဖြစ်ပေသည်။ တန်ဆောင်မုန်းလသည် အနောက်မုတ်သုန် အားကုန်ပြီး မြောက်လေညှင်းသွင်းကာ မိုးကုန်လွန်၍ မြူနှင်းများ အုံ့ဆိုင်းမှုန့်မိုင်းသည့် ဆောင်းရာသီသို့ ကူးပြောင်းသော ကာလဖြစ်ပေသည်။ ခဝဲပန်းများ အလှချင်းပြိုင်၍ အစီအရီဖူးပွင့်နေကြပြီး အညာဒေသဆီမှ ရွှေကျီးငှက်များ သာယာလွှမ်းမောဖွယ် တွန်မြူးသည့်ကာလဖြစ်သည့်အပြင် ကောင်းကင်တစ်ခွင်၌ မိုးတိမ်တောင်များကင်းစင်၍ နက္ခတာရာစုံလင်စွာ ထွန်းလင်းတောက်ပသည့် အလွန်သာယာလှပသော ကာလလည်းဖြစ်ပေသည်။ မြန်မာစကားအဓိပ္ပါယ်အရ တန်ဆောင်မုန်းလကို “အလင်းရောင်ဖြင့် ခြယ်မှုန်းသောလ” ဟုဆိုလိုပေသည်။ ထို့အပြင် ပင်းယခေတ် စာဆိုတော်စတုရင်္ဂဗလအမတ်ကြီးက “သရဒံတု ကာလာနံ” အချိန်အခါနေ့တွင် တန်ဆောင်မုန်းလသည် အလှပဆုံး၊ အသာယာဆုံး အချိန်အခါဖြစ်သည်ဟုလည်း ဖွဲ့ဆို ခဲ့ပါသည်။ တန်ဆောင်မုန်းလသည် နေ့တာတို၍ ညတာရှည်သောလဖြစ်ပေသည်။
ဤတန်ဆောင်မုန်းလသည် ဗုဒ္ဓဘာသာအနွယ်ဝင် သူတော်စင်များအဖို့ နေ့ထူးရက်မြတ်လဟု ဆိုလျှင်လည်းမှားမည်ပင်မဟုတ်ပေ။ စာပေကျမ်းဂန်များ၏အဆိုအရ ရာဇာဂြိုလ်ပြည့်ရှင် အဇာတသတ်မင်း နှင့် ပြည်သူပြည်သားအပေါင်းတို့သည် ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူသည့် “သာမညဖလ”သုတ္တန်ဒေ သနာတော်ကို နာကြားခဲ့ရပြီးနောက် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သည့် ဥပါသကာအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်ဟု လေ့လာမှတ်သားခဲ့ဖူးပါသည်။ ထို့ကြောင့် “သာမညဖလ”သုတ်တော်ဟော်ကြား တော်မူခြင်းကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို “သာမညဖလ”အခါတော်နေ့ဟူ၍ ခေါ်ဆို သတ်မှတ်ခဲ့ကြပြီး ယနေ့ထိတိုင် ဗုဒ္ဓဘာသာဝင်တို့သည် တန်ဆောင်မုန်းလပြည့်နေအခါသမယ၌ “သာမညဖလ”တရားတော်ကို နားကြားပူဇော်လေ့ရှိကြပေသည်။ ရှေးဘိုးဘေးဘီဘင် လက်ထက်အဆက်ဆက်မှသည် ယနေ့ထိတိုင် ရိုးရာအစဉ်အလာမပျက် တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် ပွဲတော်တစ်ခုမှာ “ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ”ပင်ဖြစ်သည်။ “ကထိန်”ဟူသည်မှာ “ကထိန”ဟူသော ပါဠိဝေါဟာရကို ပြန်ဆိုထားခြင်းဖြစ်ပြီး အလုပ်အကျိုးပေး မြဲမြဲခိုင်ခံ့သောအလုပ်၊ ဘုရားအစရှိသော ပညာရှိတို့က “ကောင်း၏၊ ကောင်း၏”ဟု ချီးကျုးသြဘာထောပနာပြုရသောအလုပ်ကျိုးကို ခေါ်ဆိုကြောင်း လေ့လာမှတ်သားခဲ့ဖူးပေသည်။ ကထိန်သင်္ကန်းအလှူသည် တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက်သာ ပြုရသော ကာလဒါနမျိုးဖြစ်ပြီး ကထိန်သင်္ကန်းကပ်လှူပွဲ ကျင်းပပြုလုပ်ခွင့်ပြုသောကာလမှာ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိပင်ဖြစ်ပေသည်။
ထို့အပြင် အချို့သောဒေသများ၌ တန်ဆောင်မုန်းလပြည့်နေ့ အရုဏ်တက်ချိန်တွင် မြတ်စွာဘုရားအား ကပ်လှူပူဇော်ရန် နေ့မကူး၊ ရက်မကူးပဲ သင်္ကန်းရက်လုပ်ပူဇော်ပွဲများ၊ ပြိုင်ပွဲများကို ကျင်းပပြုလုပ်လေ့ ရှိကြပြီး ထိုသင်္ကန်းမျိုးကို “မသိုးသင်္ကန်း”ဟုခေါ်ပါသည်။ ထိုမျှမက ရှေးလူကြီးများ၏ ဆိုရိုးစကားအရ တန်ဆောင်မုန်းလပြည့်ညတွင် ဆေးပင်အပေါင်းတို့ကို စောင့်ကြကုန်သောနတ်အပေါင်းတို့သည် မဲဇလီပင် စောင့်နတ်အား လာရောက်ခစားကြကုန်ပြီး ထိုအချိန်၌ မဲဇလီပင်သည် “ဆေးပေါင်းခ”သည်ဟု အယူရှိကြ ကာ ထိုအချိန်တွင် မဲဇလီဖူးကိုစားပါက အနာမျိုး(၉၆)ပါး ကင်းစင်ပြီး အသက်ရှည်ကာ ဘုန်းကြီးနိုင်သည် ဟုလည်း အယူရှိကြပါသည်။ ထိုအယူအဆအရ အချို့အရပ်ဒေသများတွင် တန်ဆောင်မုန်းလပြည့်ည၌ မဲဇလီဖူးသုတ်စားခြင်းကို အလေ့အထတစ်ခုအနေဖြင့် ယနေ့ထိတိုင် ပြုလုပ်နေကြသည်ကိုလည်း တွေ့မြင် နို်င်ပေသည်။ ထို့ကြောင့် တန်ဆောင်မုန်းလပြည့်နေ့သည် ဗုဒ္ဓဘာသာအနွယ်ဝင်သူတော်စင်အပေါင်းတို့ အတွက် နေ့ထူးရက်မြတ်တစ်ရက်ဟု ဆိုလျှင်လည်းမှားမည်ပင်မဟုတ်ပေ။
ဤကဲ့သို့သော ကျက်သရေမင်္ဂလာအပေါင်းနှင့် ခညောင်းသည့် တန်ဆောင်မုန်းကာလတွင် ရှေးဘိုး ဘွားစဉ်ဆက် အဆက်ဆက်မှ လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့သော ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ် အလာများကို မပျောက်ပျက်အောင် လက်ဆင့်ကမ်းထိန်းသိမ်းဖော်ဆောင်ရန် အလို့ငါှသော်လည်းကောင်း မြတ်ဗုဒ္ဓ၏ အဆုံးအမများ၊ တရားတော်များကို နှလုံးသွင်း၍ မိမိတို့ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် လည်း “အလှူရေစက် လက်နှင့်မကွာ”ဟူသည့်ဆိုရိုးစကားနှင့်အညီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နေရာအနှံ့အပြားတွင်သာမက ပြည်ပနိုင်ငံများတွင်လည်း ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲများနှင့် မီးပဒေသာလှည့်လည်ပူဇော်ပွဲများကို နှစ်စဉ်နှစ်တိုင်း ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိနေပေသည်။ ထိုသို့ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲများ ပြုလုပ်ရာတွင်သော် လည်းကောင်း၊ မီးပဒေသာပင် လှည့်လည်ပူဇော်ရာတွင်သော်လည်းကောင်း ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် လူပျိုအပျိုမှအစ ကလေးလူကြီးအဆုံး စည်းလုံးညီညွှတ်စွာ ပါဝင်ဆင်နွှဲလေ့ရှိကြပြီး ဆင်တူ ခေါင်းပေါင်းများနှင့် ရိုးရာဝတ်စုံများ ဝတ်ဆင်ကာ အိုးစည်ဗုံမောင်းတီးခတ်၍ ပျော်ရွှင်စွာကခုန်လျက် အလှူ အဒါန်းပြုလေ့ရှိသည်မှာ ချစ်စဖွယ်ကောင်းလှသောဓလေ့တစ်ခုဖြစ်ရုံမျှမက စေတနာ သဒ္ဒါတရားထက်သန်မှုနှင့် ဘာသာရေးအပေါ် သက်ဝင်ယုံကြည်မှုပုံရိပ်ကိုလည်း ပေါ်လွင်ထင်ဟပ်စေလျက်ရှိပေသည်။ ထို့အပြင် မကြာမီအချိန်တွင် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ နေ့တစ်နေ့ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့လည်း ရောက်ရှိလာတော့မည်ဖြစ်ပေသည်။ ထိုနေ့တွင် အနယ်နယ်အရပ်ရပ်ရှိ ပအိုဝ်းတိုင်းရင်းသားလူမျိုးများမှ မဟာဘုံကထိန်အလှူပွဲနှင့် ဆီမီးပဒေသာလှည့်လည်ပူဇော်ပွဲများကို တောင်ကြီးမြို့၊ ပထမတောင်ကျောင်းကြီးကျောင်းတိုက်နှင့် စုဠာမုနိစေတီတော်တို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ပအိုဝ်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုများ၊ အိုးစည်ဗုံမောင်းများနှင့် သိုင်းကွက်အက အလှအပများကို စာဖတ်ပရိတ်သတ်များ လေ့လာတွေ့ရှိခံစားရမည်လည်း ဖြစ်ပေသည်။
ထို့ကြောင့် စာဖတ်ပရိတ်သတ်များအနေဖြင့် “ဘုရားလည်းဖူး လိပ်ဥလည်းတူး” ဟူသည့်ဆိုရိုးစကားနှင့်အညီ ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သည့် တောင်ကြီးမြို့တွင် နှစ်စဉ်နှစ်တိုင်း ရိုးရာအစဉ်အလာမပျက် ကျင်းပပြုလုပ်လျက်ရှိသည့် တန်ဆောင်တိုင်ပွဲတော်ကြီးသို့ အလည်လာရင်း ဒေသအစုံဘုရားဖူးရင်းဖြင့် ရှမ်းပြည်နယ်၏ အလှအပများနှင့် ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့၏ ယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်း အစဉ်အလာများကို တွေ့မြင်လေ့လာသိရှိနိုင်စေရန် ပအိုဝ်းလူမျိုးများနေထိုင်ရာဒေသသို့ အရောက်ကြွမြန်း ခဲ့ပါဟူ စာဖတ်ပရိတ်သတ်များအား ပအိုဝ်းတိုင်းရင်းသားလူမျိုးများကိုယ်စား နွေးထွေးပျူဌါစွာ ဖိတ်ခေါ် လိုက်ရပါသည်။
နင်;ကေသရို
ခမ်းမုဲင်းကောင်
Like On Facebook
Follow On Twitter
Subscribe On RSS