Friday, January 17, 2020

ကိုယ်ပိုင်စီးပွားရေးစတင်မည့် လူငယ်များ

တောင်ကြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၇) ရက်


ယနေ့ခေတ်သည် နည်းပညာတိုးတက်မှုများ လျင်မြန်လာခြင်းကြောင့် လူသားအချင်းချင်း စီးပွားရေးသမား အချင်းချင်း ပြိုင်ဆိုင်မှုများ ပြင်းထန်လာကြပြီး ၎င်းပြိုင်ဆိုင်မှုများပြင်းထန်လာသည့် ခေတ်ကာလအတွင်း ကျွန်ပ်တို့ဘက်သည် လိုအပ်သည့်အရည်အချင်းများ ဖြည့်ဆည်းထားရန်နှင့် လောက၏စိန်ခေါ်မှုများကို ဖြတ်သန်းနိုင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းသွားကြရမည်ဖြစ်သည်။

စီးပွားရေးတစ်ခု(သို့မဟုတ်) လုပ်ငန်းတစ်ခုစတင်လုပ်ကိုင်ရာတွင်  လေ့လာသင်ယူမှုနှင့် အထူးစိတ်ဝင်စား မှုက အဓိကအရေးကြီးဆုံးအချက် ထင်မြင်ယူဆမိပါသည်။ အတွေ့အကြုံနည်းပါး နေသေးသည့် အချိန်တွင် လေ့လာသင်ယူမှုနှင့် စိတ်ဝင်စားမှုကို ရပ်တန့်လိုက်ပြီး လက်လျော့သွားပါက အတွေ့အကြုံဟူသည် ဘယ်သောအခါမှ ရလာမည် မဟုတ်ပေ။ ငယ်ရွယ်စဉ်မှာ လေ့လာသင်ယူနိုင်စွမ်းပို၍ရရှိပြီး အမှားများစွာနှင့် ကြုံတွေ့ရမည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း ငယ်ရွယ်စဉ်မှာ အမှားများအတွက် အမှားထဲကနေ သင်ယူနိုင်ပြီး အမှားပြင်နိုင်ရန် အချိန်ပို၍ ရရှိမည်ဖြစ်ပါသည်။ အတွေးအမြင် အကြံဉာဏ်အသစ်များ ပိုမိုများစွာ ရှိသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။

တစ်ဖန် နည်းပညာတိုးတက်မှု မြန်ဆန်သည့်ခေတ်ကာလတွင် နည်းပညာ၏နောက်ကိုလည်း အမီလိုက် နိုင်ဖို့ကြိုးစားရပြန်ပါသည်။ ယခင်ခေတ်သည် အလုပ်လျှောက်နိုင်ရန် ဂျာနယ်များ၊ သတင်းစားများ ဝယ်ဖတ်ကာ ကုမ္ပဏီရှိရာသို့ သွားရောက်လျှောက်ထားခဲ့ကြရပြီး ယခုခေတ်သည် အလုပ်လျှောက်ထား နိုင်ရန် ပိုမိုလွယ်ကူ လာပြီး Website/Facebook/ Linkedin စသည့် Social Media Platform ထဲကနေပြီး အလုပ်အကိုင်များ ရှာဖွေလျှောက်ထားနိုင်ပြီဖြစ်ပါသည်။ ၎င်းအပြင် Email/Gmail စသည့်တို့ကိုလည်း Professional ကျကျ အသုံးပြုတတ်ရန် လေ့လာလေ့ကျင့်ထားရန်လိုအပ်မည်ဖြစ်ပြီး ပြောင်းလဲနေသည့် ခေတ်တွင် သတင်းအချက် အလက်များသည်လည်း နားစွင့်၍ အသုံးချနိုင်ရန် ကြိုးစားသွားရမည် ဖြစ်ပါသည်။

ထို့အပြင် ကိုယ်ပိုင်စီးပွားရေးအောင်မြင်နိုင်ရန်  အသင်းအဖွဲ့နှင့်လုပ်တတ်ကိုင်တတ်သည့် အလေ့အထ လည်း ရှိရမည်ဖြစ်သည်။ မြန်မြန်သွားချင်ရင် တစ်ယောက်တည်းလုပ်၊ ဝေးဝေးသွားချင်ရင် အသင်းအဖွဲ့နှင့် လုပ်ဆိုသည့် စကားလေးတစ်ခုက ယခုခေတ်တွင် ပိုမိုမှန်ကန်လာပါသည်။ ထို့ကြောင့် အသင်းအဖွဲ့နှင့် လုပ်ကိုင်တတ်ရန် လိုအပ်ပြီး လုပ်ငန်းအောင်မြင်နိုင်ရန်လည်း နီးစပ်သွားမည်ဖြစ်သည်။ ညှိနှိုင်းစည်းရုံး တတ်သည့် စွမ်းရည်လည်း သဘောပေါက်နားလည်ထားရမည် ဖြစ်သည်။ ယခုခေတ်သည် ညှိနှိုင်းမှုကပိုမိုအရေးကြီးလာပြီး လုပ်ငန်းခွင် မှာလည်း ညှိနှိုင်းရမှုများ နေ့စဉ်ကြုံတွေ့ရပါလိမ့်မည်။ Customers, Clients, Supplier စသည့် ညှိနှိုင်းမှုများလုပ်ဆောင်သည့်နေရာတွင်လည်း နှစ်ဦးနှစ်ဖက် အဆင်ပြေစွာဖြင့် နည်းလမ်းများကို စဉ်းစား ဆုံးဖြတ်တတ်ရန် အထူးလိုအပ်လာပါသည်။

ထိုနည်းတူစွာ ကိုယ်ပိုင်ဝင်ငွေမရှိသေးသည့် အချိန်တွင် ဘယ်လိုစီးပွားရေးလုပ်မလဲ ဘယ်ကနေစတင်မှာလဲ စသည့်အတွေးများ တစ်ဦးချင်းစီမှာ ရှိလိမ့်ဟုယုံကြည်မိပါသည်။ ဥပမာ-ငယ်ရွယ်စဉ်မှာ မုန့်ဖိုးတော့ ပုံမှန်ရ နေမှာပါ။ သို့သော် ပိုက်ဆံစုတတ်သည့်အကျင့်မှာလည်း ငယ်ရွယ်စဉ်မှာ စတင်သင့်ပါသည်။ ကိုယ်ပိုင်တစ်နေ့ တာ အသုံးစရိတ်ထဲကနေ ဘယ်လိုစီမံခန့်ခွဲမလဲ ဘယ်လိုသုံးမလဲ ဘယ်လိုစုမလဲစသည့် အလေ့အထတစ်ခု ကို လည်း မွေးမြူကျင့်သုံးရန်လိုအပ်ပါသည်။ ကိုယ့်ကိုစီမံခန့်ခွဲမှု၊ အကျိုးရှိရှိအသုံးပြုမှုကာ ကိုယ်ပိုင် လုပ်ငန်း စတင်နိုင်ရန်အတွက်လည်း အရင်းအနှီးလေးတစ်ပိုင်းတစ်စဖြစ်လာစေပြီး အောင်မြင်ဖြစ်ထွန်း ချင်သည့် လူငယ် တစ်ယောက်သည် အချို့သူများ ပျော်ပါးနေချိန်မှာပင် ကုန်းရုန်းအလုပ်လုပ်ကြိုးစား နေတတ်ပါသည်။ အချို့သူများသုံးဖြုန်း နေသည့်အချိန်မှာ ကိုယ်သည် အကျိုးရှိရှိသုံးစွဲတတ်နေသည့် အခါတွင် အောင်မြင်မှုလမ်းစ နှင့် ပိုမိုနီးစပ်လာမည် ဖြစ်ပါသည်။

ရှေးဦးစွာ စီးပွားရေးလုပ်ငန်းစတင်လုပ်ကိုင်ပြီဆိုသည့် တစ်ပြိုက်နက် စီးပွားရေးလောက၏ စိန်ခေါ်မှုများနှင့် အခက်အခဲများစွာကို ရင်ဆိုင်နိုင်ရန် အဆင်သင့်ရှိဖို့ရန်လည်းလိုအပ်ပါသည်။ စီးပွားရေးသမား ဆိုသည်မှာ အသက်အရွယ်နှင့်မဆိုင် ဆိုသော်ငြားလည်း လူတစ်ဦးနှင့်တစ်ဦးရိုင်းပင်းကူညီမှုက အလွန်လိုအပ်ပါသည်။ စီးပွားရေးဆိုသည်မှာ လူတစ်ဦးချင်းစီတိုင်းအတွက် မဟုတ်ပေမယ့်၊ သင်သည်စီးပွားရေးလုပ်ငန်း လုပ်လိုသည့် ဆန္ဒပြင်းပြမှုရှိပြီး ဦးဆောင်နိုင်စွမ်းလည်းရှိရမည်ဖြစ်သည်။ အစပိုင်းသည် အားကြိုးမာန်တက် ပြုလုပ်ပြီး အခက်အခဲ၊စိန်ခေါ်မှုများစွာ ကြုံတွေ့လာသည့်အခါ အလွယ်တကူလက်လျော့လိုက်ခြင်းသည် မပြုလုပ်သင့်ပေ။ လုပ်ငန်းတိုင်းသည် အခက်အခဲ၊ စိန်ခေါ်မှုစသည်တို့ကို မလွဲမသွေကြုံတွေ့ရမည်ဖြစ်သည်။ အခက်အခဲ၊ စိန်ခေါ်မှုများကို ဘယ်လိုဖြေရှင်းရမည် ဘယ်လိုရင်ဆိုင် ကျော်ဖြတ်ရမည်ဆိုသည့်အရာကို အဆင်သင့်ပြင်ဆင် ထားရမည် ဖြစ်သည်။ အောင်မြင်ခြင်းဆိုသည်မှာ အခက်အခဲကြားက ဖြတ်သန်းလာရပြီး ၎င်းအခက်အခဲကို ကျွနု်တို့၏ အခွင့်အရေးဟု သတ်မှတ်ကြရမည်ဖြစ်သည်။

ထိုနည်းတူစွာ plan အစီအစဉ်ကို ထားရှိရမည်ဖြစ်ပြီး လုပ်ငန်းစတင်ရာတွင် ၎င်းအစီအစဉ်ကြိုတင် ရေးဆွဲခြင်း သည် အကျင့်ကောင်းတစ်ခုလည်းဖြစ်ပြီး အောင်မြင်မှုလမ်းစလည်း ဆိုနိုင်ပါသည်။ လုပ်ငန်းတစ်ခုလုပ်မည် ဆိုပါက အစီအစဉ်အားဖြင့် ကြိုတင်ရေးဆွဲရတော့မည် ဘယ်လိုကုန်ပစ္စည်းမျိုးကို အရောင်းအဝယ်လုပ်မည် ဘယ်နေရာ ဘယ်ဒေသကို စလုပ်မည် Client တွေကို ဘယ်သူတွေ ဘယ်လိုလူမျိုး ကို သိအောင်လုပ်ရမည် ဘယ်အသက်အရွယ်ကို ဦးတည်ပြီး ဖောက်ထွင်းရောင်းချရမည်စသည့် လုပ်ငန်းစဉ်များကြိုတင်လေ့လာ သိထားရမည် ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းတစ်ခုသည် ငွေရေးကြေးရေး၏ အရှုံးနှင့်အမြတ်ကို စတင်တွက်ချက်ရာတွင် စီးပွားရေး လုပ်ငန်းတစ်ခုစတင်ခါစတွင် ချက်ချင်းအောင်မြင်ကြီးပွားရမည်ဟု ပုံမှန်တွက်ချက်မှန်းဆလို့ မရနိုင်ပေ။ လုပ်ငန်းစတင်ဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိနိုင်ရန် အလွန်ခက်ခဲလှပေသည်။ သို့သော် ရှုံးနိမ့်သွားခြင်းမျိုး ဟု မသတ်မှတ်လိုပေ ။ ထို့ကြောင့် အထက်ပါဖော်ပြထားသည့်အတိုင်း ဆုံးဖြတ်ချက် အမှားမျိုး ဆုံးဖြတ်မိသည့် အခါတွင် ၎င်းအမှားထဲကပင် ပြန်လည်သင်ယူနိုင်ရမည်ဖြစ်၍ သင်၏လုပ်ငန်းစတင်ရာတွင် အကျိုးအမြတ် ပိုမိုဖြစ်ထွန်းလာမည်ဖြစ်သည်။ ၎င်းဆုံးဖြတ်ချက် လုပ်ငန်းစီးဆင်းမှုများကို သေချာတွက်ချက်ပြီး ရှေ့ဆက်ပိုမိုကောင်းမွန်သည့် plan အစီအစဉ်များ ရေးဆွဲနိုင်ရန် သင်ခန်းစာယူပြီး ဆက်လက်ကြိုးစားရမည်။ ဆုံးရှုံးမှုများအတွက်သည်လည်း ပြင်ဆင်ထားရမည်ဖြစ်သည်။

ထို့ကြောင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရာတွင် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရန်လိုအပ်ပြီး ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုဒဏ်တွေသည် စိတ်ဓာတ်မကျရန်လည်း အလွန်အရေးကြီးလှပါသည်။ ကိုယ်ကို တိုင်ပင် ယုံကြည်မှုမရှိလျှင် လုပ်ငန်းတိုင်း အဆင်ပြေချော့မွေ့အောင်မြင်စွာ ရရှိလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းစတင်လုပ်ကိုင်ရာတွင် အသက်အရွယ်နှင့်မဆိုင် လေ့လာသင်ယူမှုနှင့် စိတ်ဝင်စားမှုကို အာရုံစိုက်ပြီး ပတ်ဝန်းကျင်၏ ပြစ်တင်ဝေဖန်ရာတွင် ဆန်းစစ် အဖြေရှာကာ ရှုံ့ချမှုများသည်လည်း လျစ်လျူရှုပြီး အောင်မြင်သည့် ဘဝပန်းတိုင်ဆီသို့ လျှောက်လှမ်းနိုင်ကြပါစေဟု ရေးသားတင်ပြလိုက်ရပါသည်။

ခွန်ရက်ခမ်းထီ

Powered by Blogger.