Thursday, January 16, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပအိုဝ်းငြိမ်းချမ်းရေး အဖွဲ့ (PNO) အသွင် ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ ဥက္ကဌ ဦးအောင်ခမ်းထီနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ၊ ဒေသဖွံ့ဖြိုးတိုး တက်ရေးများ ဆွေးနွေး

တောင်ကြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၆) ရက်




တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ ဥက္ကဌ ဦးအောင်ခမ်းထီနှင့် အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ဥက္ကဌနှင့်အတူ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ တက်ရောက်ကြသည်။ 

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း၌ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ နောင်တရားမြို့နယ်နှင့် ပင်လောင်းမြို့နယ်များသို့သွားရောက်၍ ဒေသခံ စိုက်ပျိုးရေးတောင်သူများနှင့် တွေ့ဆုံ၍ ဒေသတွင်း စိုက်ပျိုးရေးဆိုင်ရာနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက် များအား ဆွေးနွေးခဲ့ကြောင်း၊ ပအိုဝ်းဒေသသည် စိုက်ပျိုးရေးကိုအခြေခံသော ဒေသတစ်ခုဖြစ်ပြီး လက်ဖက်၊ အာလူး၊ ထောပတ်၊ ကြက်သွန်နှင့် အခြားစိုက်ပျိုးရေးသီးနှံများကို ဒေသခံအများစုက စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်နိုင်သဖြင့် ခေတ်မီနည်းစနစ်များအသုံးပြုကာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ငန်းများ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ တပ်မတော် ကလည်း တတ်နိုင်သမျှ အားပေးကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဒေသထွက်ကုန် ဖြစ်သော အာလူးကို တစ်နိုင်ငံလုံးက နှစ်သက်ကြသဖြင့် ဒေသထွက် အာလူးမျိုးများ သိုလှောင်ထိန်းသိမ်းဖြန့်ချိနိုင်ရေးအတွက် အအေးခန်းသိုလှောင်သေတ္တာများအား တပ်မတော်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသထွက် သီးနှံမျိုးကောင်း မျိုးသန့်များအား စနစ်တကျ သုတေသနပြုလုပ် စိုက်ပျိုး၍ ထွက်ရှိလာသည့် သီးနှံများ ကိုလည်း ကုန်ချောအဆင့်ထိထုတ်လုပ်ကာ သန့်ရှင်းသပ်ရပ်ပြီး ထုတ်ပိုးမှုစနစ် ကောင်းမွန်သေသပ်စွာဖြင့် ဈေးကွက်သို့ ဖြန့်ချိရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ ဖြိုးတိုးတက်ရေး နှင့် ဒေသထွက်ကုန်များ အောင်မြင်စွာ ရောင်းဝယ်ဖောက်ကားနိုင်ရေးအတွက် ဒေသ အတွင်းသို့ လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပခရီးသွားများသည်လည်း အဓိကအရေးပါကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ၌ ဉာဏ်တော် ၅၄ ပေ ရှိ အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ သာယာအေးချမ်းမှုရှိစေရန်၊ ထေရဝါဒဗုဒ္ဓဘာသာ တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများလာရောက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် တည်ထားကိုးကွယ်လျက်ရှိပါကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မွေတော်ကက္ကူဘုရားကြီး ကိုလည်း အလားတူရည်ရွယ်ချက်များဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပအိုဝ်းတိုင်းရင်းသားများသည် ထေရဝါဒဗုဒ္ဓဘာသာကို နက်နက်ရှိုင်းရှိုင်းအလေးအနက်ထား ကိုးကွယ်ကြသူများဖြစ်ပြီး မိမိတို့ဒေသရှိ တန်ခိုးကြီး မွေတော်ကက္တူဘုရားကြီးကို ရှေးမူမပျက် ခမ်းနား၊ တင့်တယ်၊ သပ်ရပ်သန့်ရှင်းစွာ ထိန်းသိမ်းပြုပြင်မွမ်းမံခြင်းဖြင့် ဂုဏ်ယူနိုင်မည်ဖြစ်သလို ခရီးသွားဧည့်သည် များကိုလည်း ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိဒေသသို့ လာရောက်လည်ပတ်သည့် ခရီးသွားများ များပြား လာပါက မိမိဒေသ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများကို သိရှိသူများပြားလာပြီး ဒေသဖွံ့ ဖြိုးတိုးတက်ရေးအတွက် အထောက် အကူဖြစ်နိုင်မည် ဖြစ်ပါကြောင်းနှင့် ဒေသခံပြည်သူလူထုများကလည်း ကြိုးစား အားထုတ် ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် အကြံပြုပြောကြားသည်။
ထို့နောက် ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး (၁)ဦးနေဝင်းထွန်းနှင့် အဖွဲ့ဝင်များက မိမိတို့ဒေသအတွင်း ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အားပေးကူညီဆောင်ရွက်မှုများအား ကျေးဇူးတင်ရှိပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် လာရောက်၍ ဒေသခံများနှင့် ထိတွေ့ဆက်ဆံကာ ဆွေးနွေးပြောကြားပေးမှုများအတွက်လည်း မိမိတို့ဒေသ တစ်ခုလုံးက ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ မိမိတို့ဒေသအတွင်းရှိ ထုတ်ကုန်များအနေဖြင့် အရည် အသွေးကောင်းမွန်မှုရှိသော်လည်း ထုတ်လုပ်မှုကုန်ကျစရိတ်များပြားခြင်း၊ မျိုးထိန်း ဥယျာဉ်များမရှိခြင်းကြောင့် ဈေးကွက်ကိုမထိန်းနိုင်ခြင်းနှင့် ပြည်ပမှဝင်ရောက်လာသည့် ဈေးနှုန်းနည်းပါးသော စားကုန်များကို ဈေးကွက် မယှဉ်ပြိုင်နိုင်ခြင်းစသည့် အခက်အခဲများ ကြုံတွေ့ရလျက်ရှိပါကြောင်း၊ တပ်မတော်မှ သီးနှံမျိုးများထိန်းသိမ်းရန် အအေးခန်း သိုလှောင်ကုန်သေတ္တာများအား ကူညီဆောင်ရွက်ပေးမည်ဖြစ်၍ များစွာအကျိုးဖြစ်ထွန်း လာမည် ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူလူထုများကိုလည်း မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အားလုံးပါဝင်လုပ်ကိုင် ဆောင်ရွက်ပြီး ကြိုးစားအားထုတ် ဆောင်ရွက်ကြရန် တိုက်တွန်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ဒေသဖွံ့ ဖြိုးရေးအတွက် သီးနှံမျိုး ဓာတ်ခွဲခန်းနှင့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး လိုအပ်ချက်များအား အသီးသီး တင်ပြ ဆွေးနွေးကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေဖြင့် မိမိဒေသအတွင်းရှိ သဘာ၀ မြေအရင်းအမြစ်ကို အကျိုးရှိရှိအသုံးချရမည်ဖြစ်ပြီး သီးနှံသဘောသဘာဝကိုသိရှိ၍ ရာသီဥတုမရွေး စိုက်ပျိုး ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေနိုင်သည့် လျှပ်စစ်စွမ်းအင် လိုအပ်ချက်အတွက် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး စနစ်တကျကွင်းဆင်းတိုင်းတာစစ်ဆေးမှုများ ဆောင် ရွက်ကြရန်လိုအပ်ပြီး တပ်မတော်မှလည်း ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ နောင်တရား၊ ပင်လောင်းမြို့နယ်များသာမက ပအိုဝ်းဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာအောင် တက်ညီလက်ညီ ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူမှုစနစ်ကို စနစ်တကျဖြင့်အောင်မြင် အောင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် အသိပညာ၊ အတတ်ပညာများပြည့်စုံသော ပညာရှင်များပေါ် ထွက်လာရေးအတွက် ပညာရေးကိုလည်း အားပေးရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၌ ကြက်၊ ဝက်၊ နွား၊ ဆိတ်၊ ငါး စသည်တို့ကို အဓိကစားသုံးပြီး ဤဒေသတွင် မွေးမြူနိုင်သော ကြက်၊ ဝက်၊ ဆိတ်၊ နွား မွေးမြူရေး လုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်ကြစေလိုကြောင်းနှင့် မွေးမြူရေး ဆိုင်ရာ နည်းပညာနှင့်လိုအပ် သည်များအား တပ်မတော်မှကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများအား လုပ်ကိုင်နိုင်ရန် အတွက် လူတိုင်းကျန်းမာရန် လိုကြောင်း၊ ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် အရက်၊ ကွမ်းယာ၊ ဆေးလိပ်၊ အသောက် အစားနှင့် အပျော်အပါးကို မိမိကိုယ်ကိုထိန်းသိမ်း၍ ရှောင်ကြဉ်ရမည်ဖြစ်ကြောင်းနှင့် တပ်မတော် မှလည်း နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များစေလွှတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိဒေသ အတွင်းရှိ မြေအရင်းအမြစ်နှင့် ရာသီဥတုကို ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်သစ်တောများ စိုက်ပျိုးရေးကို ပအိုဝ်းတိုင်းရင်းသား အားလုံး၏ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ ဥက္ကဌ ဦးအောင်ခမ်းထီနှင့် အဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။


Powered by Blogger.