Thursday, January 23, 2020

ဦးနှောက်နှင့် ရေးထိုးထားသည့် ကျောက်စာ

တောင်ကြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၃) ရက်



 အေးမျှလှသည့် ဆောင်းကာလတွင် အနယ်နယ်အရပ်ရပ်မှ သွားလာလုပ်ရှားနေသည့် ဘုရားဖူးခရီးသည်များ၊ လေ့လာရေးခရီးသွားလူငယ်များနှင့် အပျော်အပါးဖြင့်အပန်းဖြေသွားကြ သည့်မိသားစုများကို  မြင်တွေ့နေကြရမည်ဖြစ်သည်။ ထို့သို့သော ဘုရာဖူးခရီးစဉ်များ၊ လေ့လာ ရေး ခရီးစဉ်များနှင့် အပျော်ခရီးစဉ်များသွားရောက် ရာဒေသများတွင် သမိုင်းအဆက်ဆက်မှ ရေးထိုးထားသည့် ကဗ္ဗည်းကျောက်စာများကို လေ့လာမိမည်ဟုယုံကြည်မိပါသည်။ ထိုကျောက်စာ များသည် ဗဟုသုတနှင့် အတွေးအမြင်များကိုရစေသည့်  ကျောက်စာများလည်းပါဝင်သကဲ့သို့ ရေရှည်ခိုင်မြဲမှုနှင့် ခိုင်မြဲမှုအားနည်းပြီးပျက်စီးလွယ်သော ကျောက်စာများစသဖြင့် လေ့လာမှတ် သားရမည် ထင်ပါသည်။
ထိုကဲ့သို့ပင် ယနေ့မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း(၁၅၀၀)ကျော်ခန့်က လောကီနှင့် လောကုတ် ပညာနှင့်ပြည့်စုံသော ဘုရင်မင်းမြတ်သည် အများနှင့်မတူ မည်သည့်အခါမှ မပျောက် မပျက် မပျက်ဆီးနိုင်သည့် ကျောက်စာတစ်ဆူကို အမျော်အမြင်ရှိရှိဖြင့်   နောင်လာနောင်သား များအတွက်  ရေးထိုးပေးထားခဲ့သည်။ ထိုဘုရင်မင်းမြတ်သည် အခြားမဟုတ် ပအိုဝ်းလူငယ်  များနှင့် ရင်းနှီးနေပြီးဖြစ်သည့် သုဝဏ္ဏဘူမိသထုံပြည့်ရှင် ဘုရင်မင်းမြတ်မနူဟာမင်း ပင်ဖြစ်သည်။

သထုံပြည့်ရှင်သည်  ၎င်းနန်းကျဘုရင်ဘဝတွင်  နောင်လာနောင်သားများ နှင့် ပြည်သူပြည်သား များအား သူ၏ခံစားချက်များနှင့် မိန့်ကြားလိုသည့်စကားများကို ကျောက်စာဖြင့် ရေးထိုးမသွားပဲ ကမ္ဘာတည်သ၍ သူ၏ပြည်သူနှင့် နှောင်းမျိုးဆက်သစ်များ နှလုံးသား၌ အစဉ် အမြဲအမှတ်ရနေမည့်  ပုဂံမြို့မြင်းကပါအရပ်မှ မနူဟာဘုရားကြီးဖြင့် ပါးနပ်စွာဖော်ပြပေး ထားခဲ့ပါ သည်။  ထိုအရပ်ကို ရောက်ဖူးသူတိုင်း မနူဟာဘုရားကို ဖူးမြော်ကြရမည်လို့ယုံကြည်ပါသည်။ အားလုံးသိကြသည့် အတိုင်း  ထိုကျဉ်းကျဉ်းကြုတ်ကြုတ်နေရာ အကျယ်အဝန်းလေးထဲတွင် မည်သည့် အတွက် ကြောင့် နန်းကျဘုရင် သထုံပြည့်ရှင်က တည်ထားခဲ့သနည်း။ စာဖတ်မိတ်ဆွေ များလည်း ခံစားနား လည်မိမည်ထင်ပါသည်။ မနူဟာဘုရားကို လူတိုင်းဖူးမြင်ရသည်နှင့် ရင်ထဲမွန်းကျပ်မှုကို ဝမ်းနည်းမှု၊ ကြေကွဲမှုများ၊ နာကျင်မှုများ ခံစားသွားရ လိမ့်မည်ဟုယုံကြည် မိပါသည်။
 မနူဟာဘုရားကို သွားရောက်ဖူးမြော်ရသူတိုင်း ဟိုးလွန်လေပြီးသော နှစ်ပေါင်း(၁၅၀၀) ကျော်ခန့်က မနူဟာဘုရင်မင်းမြတ်၊ နန်းကျမိဘုရားနှင့် နန်းကျသမီးတော်တို့ ထိုနေရာ ကျဉ်းကျဉ်း ကြပ်ကြပ်လေးမှာ အချွေအရံကင်းမဲ့စွာ မည်မျှနာကျင်ဝမ်းနည်း၊ စိတ်ကျအားငယ်နေမည်နည်း ရောက်ဖူးသူတိုင်း ကိုယ်ချင်းစာနားလည် ခံစားမိမည်ထင်ပါသည်။ ကိုယ့်တိုင်း၊ ကိုယ့်ပြည်၊ ကိုယ့်ပြည်သူပြည်သားများနှင့် အေးအေးချမ်းချမ်း ထီးနန်းစံသည့် ဘုရင်မင်းမြတ်တပါး အနေနှင့် ကိုယ့်မြေကိုယ့်ရေ၊ ကိုယ့်ဒေသမဟုတ်သည့် တိုင်းပြည်တစ်ခုမှာ အိမ်နိမ့်စံအခြေအနေ မျိုးဖြင့် ဘဝကိုအဆုံးသတ်ခဲ့ရသည့် မနူဟာမင်းတရားကြီး၏ ရင်ထဲမည်သို့ခံစားရမည်နည်း စာဖတ်ပရိတ် သတ်များ မြင်ယောင်ခံစားကြည့်ပါ ကိုယ့်မြေကိုယ့်ရေ၊ ကိုယ့်တိုင်း၊ ကိုယ့်ပြည်၊ ကိုယ့်ပြည်သူ လူထုကို ပုဂံပြည့်ရှင်မင်း၏ မစာမနာ အင်အားသုံးလာရောက် ချေမှုန်းခြင်းခံလိုက် ရသည့် အတွက် သူမည်မျှခံစားရမည်နည်း။
ကျူးကျော်သူ ပုဂံသားတို့ကြောင့်သေကွဲကွဲ၊ သေပွဲဝင်၊ ရှင်ကွဲကွဲခဲ့ကြရသည့် သထုံ ပြည်သူပြည်သားများ၏ နှလုံးသားများမည်သို့နေကြမည်နည်း၊ မိမိတိုင်းပြည်ဘုရင်မင်းမြတ် နန်းချဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသောကြောင့် မိဘမဲ့ကလေးလိုဖြစ်သွားသော ကျန်ရစ်သည့် သထုံပြည်သူ ပြည်သားများ မည်မျှနာကျင်၊ မည်မျှရုန်းကန်နေရမည်နည်း မိတ်ဆွေများ မြင်ယောင် ခံစားကြည့်ပေးပါ။ ပုဂံပြည့်ရှင်၏ အင်အားသုံးချေမှုန်းမှု ခံလိုက်ရခြင်းကြောင့် ပြိုကွဲပျက်စီးသွား သည့် သုဝဏ္ဏဘူမိနိုင်ငံတော်ကြီးနှင့် သထုံပြည်သူပြည်သားများ မည်သည့်အရပ်ဒေသတွင် နေထိုင်လုပ်ကိုင်စားသောက်ကြသနည်း  ဟိုးလွန်ခဲ့သည့် နှစ်ပေါင်း(၁၅၀၀)ကျော်ခန့်တွင် ခန့်ညာ ထည်ဝါလှသည့် သုဝဏ္ဏဘုံမိနိုင်ငံတော်ကြီးသည် ယနေ့ မြန်မာ့သမိုင်းတွင် ရှာမရတော့ပါ။ ပအိုဝ်း လူငယ်မောင်မယ်များ မနူဟာဘုရားကိုဖူးမြော်ရင်း မနူဟာဘုရင်မင်းမြတ်စိုးစံခဲ့သော သုဝဏ္ဏဘုံမိ ပြည်ကြီးနှင့် သထုံပြည်သူပြည်သားများကို လွမ်းဆွတ်သတိရနေမိမည်လို့ ယုံကြည်ပါသည်။

အင်အားကြီးသူတိုင်းတပါး၏ ကျူးကျော်သိမ်းပိုက်မှု ခံလိုက်ရသည့် သထုံပြည့်ရှင်သည် သူသိပ်ချစ်သည့်တိုင်းပြည် သိပ်ချစ်သည့်ပြည်သူပြည်သားများ၊ သူချစ်ခင်မြတ်နိုးတန်ဖိုးထားသည့် မြေကိုစွန့်ခွာထားခဲ့ရပြီး အင်အားခြင်းမမျှသည့် စစ်နိုင်သူအနော်ရထာတို့ ဖမ်းဆီးခေါ်ဆောင် ရာနောက်သို့ အခြံအရံကင်းမဲ့စွာဖြင့် မိသားစုနှင့်အတူ အိမ်နိမ့်စံအကျဉ်း ကျဘဝမျိုးဖြင့် ဘဝကို အဆုံးသတ်ရသွားရပါသည်။ ထိုအဖြစ်အပျက်အခြေအနေကို နားလည်သဘောပေါက်လာသော မင်းကြီး၊ သူ့မိဖုရားနှင့်သမီးတော်တို့ မည်မျှနာကျင်ကြေကွဲရမလည်း သူတို့နေရာ ဝင်ရောက်ခံစား ကြည့်ပါ မည်မျှလောက် နာကျင်ဝမ်းနည်းစရာကောင်းမလည်း၊ အိမ်နိမ့်စံဘဝဖြင့် နေရသည်မှာ မည်မျှလောက် မွန်းကျပ်နေမလည်း ဒါကိုလက်ရှိသူတည်ထားကိုးကွယ်ခဲ့သည့် မနူဟာဘုရားဖြင့် နောင်လာနောင်သားများကို သန်ခန်းစာရရန်ဖော်ပြပေးထားခဲ့ပါသည်။

အသိပညာအရာတွင် ထက်မြတ်သော သထုံပြည့်ရှင်မနူဟာသည် နှောင်လာနောင်သား များအား   မိမိမိန့်ကြားပေးခဲ့လို့သည့်စကားများနှင့် ဖော်ပြပေးထားလို့သည့် ခံစားချက်များကို ကဗ္ဗည်းကျောက်စာ၊ ခေါင်းလောင်းစာ၊ ပေစာ၊ ပုရပိုက်စာတို့ဖြင့် ရေးထိုးမသွားခဲ့ဘူး။ သို့သော် သူပြောခဲ့ချင်သည့် စကားလုံးများ၊ သူ၏ခံစားချက်များကို လူတိုင်းမြင်သည်နှင့် လူတိုင်းရင်ထဲ နှလုံးသားထဲထိ လွယ်လင့်တကူရောက်ရောက်စေပြီး နှစ်ပေါင်းထောင်ချီကြာရှည်စွာ တည်မြဲစေရန် ရည်ရွယ်၍ မနူဟာဘုရားတည်ပြီး ခံစားချက်များကို ထိထိမိမိဖြင့် ဖော်ပြပေးထားခဲ့ခြင်းဖြစ်သည်။ မနူဟာသည် ထိုကျဉ်းကျဉ်းကျုတ်ကျုတ်နေရာမျိုးတွင်  ဘုရားတည်ထားခြင်းသည် ဘုရင်တစ်ပါး ၏ ခံစားချက်လောက်ကိုပဲ အဓိကဖော်ပြနေခြင်းမဟုတ်ပဲ သတ္တဝါ၏ သဘောသဘာဝအရ အင်အားကြီးသူ အနိုုင်ယူမှုနှင့် အင်အားနည်းသူ၏ ဘဝကံကြမ္မာ၊ ပဒေသရာဇ်စနစ်၊ ဧကရာဇ် စနစ်ရဲ့ ဆိုးဝါးတဲ့ပြယုဂ်နှင့် အိမ်နိမ့်စံဘုရင်တစ်ပါး၏ဖြစ်တည်မှု စသည်တို့ကို ကျော်လွန်၍ဖော်ပြ ပြသနေခြင်းမျိုးဖြစ်သည်။

 မြန်မာ့သမိုင်းနှင့် ကမ္ဘာ့သမိုင်းများတွင် စစ်နိုင်ဘုရင်၊ စစ်နိုင်ငံများကိုသာ ကြီးကျယ် ခမ်းနားစွာ ထောပနာပြုကြပြီး ချီးမွမ်းခန်းဖွင့်ကြပြီး အင်အားမမျှ၍ ကျူးကျော်သိမ်းပိုက်ခြင်းခံ လိုက်ရသည့် တိုင်းပြည်နှင့် သူ၏ပြည်သူပြည်သားများ မည်မျှကြေကွဲ နာကျင်ခံစား နေမည်ဆို သည်ကို မည်သူမ ှထည့်မစဉ်းစားဖူးခဲ့၊မဖော်ပြပေးခဲ့ပါ။  သမိုင်းကြောင်းအရ ခေတ်အဆက်ဆက် တွင် အင်အားခြင်းမမျှ၍ ကျူးကျော်ခံရသူများသည် အောင်နိုင်သူ၏ လက်အောက်တွင်ဘဝကို အဆုံးသတ်သွားခဲ့ရပါသည်။ ယနေ့တွင်လည်း အင်အားကိုအခြေခံအသုံးပြုသည့် (ဘုရင်များ) ခေါင်းဆောင်းများရှိနေသေးသရွေ့ ဖိနှိပ်ခံရသူတိုုင်းသူပြည်သားများ သူ့လိုပဲ အစဉ်သဖြင့် မွန်းကျပ် နေလိမ့်မည်ဟု သထုံပြည့်ှရှင်က သူတည်ထားခဲ့သည့် ဘုရားဖြင့်ဖော်ပြပေးခဲ့ပါသည်။

ဓမ္မမိတ်ဆွေ ပအိုဝ်းလူငယ်မောင်မယ်များခင်ဗျာ -- မနူဟာဘုရားကိုဖူးမြော်ပြီးလို့ အပြင်ကို ထွက်သည်နှင့် ချက်ခြင်းဆိုသလို လွတ်လွတ်လပ်လပ်ရှိသလိုခံစားရပြီး မနူဟာဘုရားပုရဝဏ်ကြီး တွင် သစ်ပင်အရိပ်နဲ့ အေးချမ်းဝေဆာလှသလို ရင်ထဲကမွန်းကျပ်မှုကိုဖော်ပြနေသည့် ခံစား ချက်များပျောက်ကွယ်ပြီး လွတ်လပ်တဲ့အရာ ပေါ့ပါးတဲ့ခံစားမှုတွေနှင့် မွန်းကျပ်မှုများ မှရှိတော့ပဲ အေးချမ်းသည့်ကမ္ဘာသစ်တစ်ခုပေါ် ရောက်ရှိသွားသလိုမျိုး ခံစားရသည်ဟု မနူဟာဘုရားက ပြောပြနေပါသည်။ ခရာဇ်နှစ်-၁၀၅၇ ခုနှစ်၊ ကောဇာသက္ကရာဇ်-၄၁၉ ခုနှစ်အတွင်းတွင် အင်အား ကြီးသူ ပုဂံပြည့််ရှင် လာရောက်သိမ်းပိုက်ပြီးချိန်မှစ၍ သထုံပြည်သူပြည်သားများသည် သေကွဲ ရှင်ကွဲဖြင့် တကွဲတပြားဖြစ်ရပြီး အင်အားကြီးသူ ဝါးမျိုခြင်းနှင့်အတူ သမိုင်းပါဖျောက်ခံ လိုက်ရခြင်း ကြောင့် သထုံပြည်သည် မည်သည့်လူမျိုးသည် ပိုင်ရှင်အမှန်ဖြစ်သည်ကို ယနေ့ထိ အငြင်းပွားနေဆဲဖြစ်နေသည်ကို သိကြမည်ဖြစ်သည်။

အထက်တွင်ဆိုခဲ့သလို မနူဟာဘုရင်မင်းမြတ်သည်  အရည်အချင်းနှင့်ပြည့်စုံပြီး ထက်မြတ် သည့် ဘုရင်ဖြစ်ခြင်းကြောင့် သူ၏ခံစားချက်များကို နောင်လာနောင်သားများ သိရှိနိုင် ရန်ရည်ရွယ်၍  ကဗ္ဗည်းကျောက်စာ၊ ခေါင်းလောင်းစာ၊ ပေစာ၊ ပုရပိုက်စာ တို့ဖြင့်ရေး ထားခဲ့လျှင် ပျက်ဆီးလွယ်မည်စိုးသောကြောင့် လူတွေမြင်မိသည်နှင့် စိတ်နှလုံးသားကို ဝမ်းနည်းပူးဆွေး မှုဖြစ်သွားစေပြီး သမိုင်းထဲကသင်ခန်းစာရသွားအောင် ခံစားချက်များကို ထိထိမိမိဖြင့် ကဗ္ဗည်း ကျောက်စာ၊ ခေါင်းလောင်းစာ၊ ပေစာ၊ ပုရပိုက်စာတို့ထက်ပို၍ တည်တံ့ခိုင်မြဲသော ဘုရားတစ် ဆူဖြင့် ဖော်ပြသွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယနေ့ကမ္ဘာတွင် မေတ္တာတရားကို အခြေခံ၍ အုပ်ချုပ်သောခေါင်းဆောင်မျိုး အထူးလိုအပ်နေပါသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက် တိုင်းရင်းသားများသည် ပြည်ထောင်စုစနစ်ကတိအောက်တွင် မွန်းကြပ်နေပြီး မေတ္တာတရားနှင့်အုပ်ချုပ်သော ခေါင်းဆောင် မပေါ်မခြင်း မြန်မာနိုင်ငံတဝန်းရှိ တိုင်းရင်းသားညီအစ်ကိုများ မနူဟာဘုရားကြီးလို ဆက်လက် မွန်းကြပ် နေဦးမည်သာဖြစ်သည်။

ဗွေခူ
Powered by Blogger.