Wednesday, January 29, 2020

ယဉ်ကျေးလိမ္မာတို့ကျေးရွာ

တောင်ကြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၃၀) ရက်


ကျေးရွာတစ်ရွာတွင် ဖွံ့ဖြိုးတိုးတက်ပြီး လူကြီးလူငယ်အရွယ်သုံးပါးစလုံး ယဉ်ကျေးလိမ္မာပြီး နေချင်စဖွယ် ကျေးရွာဖြစ်ဖို့အတွက်ဆိုလျှင် ကျေးရွာကအစ တိုင်းပြည်တစ်ပြည်လုံးတိုင်အောင် လူသားတို့လိုက်နာဖို့ စည်းကမ်းများများနှင့် အုပ်ချုပ်သူများရှိရမည်ဖြစ်သည်။

လူတိုင်းယဉ်ကျေးလိမ္မာပြီး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် နေထိုင်နိုင်ဖို့ရန် အခြေခံတရားများဖြစ်သည့် ရိုးရာယဉ်ကျေးမှုဖြစ်စေ၊ အခြေခံသူတော်ကောင်း စိိတ်ဓါတ်ဖြစ်စေ၊ အသိပညာဗဟုသုတများနှင့်ဖြစ်စေ အများသဘောတူ ဆုံးဖြတ်ပြီး ဘုံသဘောတူထားသည့် ကျေးလက်စည်း ကမ်းဖြင့်ဖြစ်စေ လိုက်နာကျင့်သုံးရန် လိုအပ်ပါသည်။

အေးချမ်းသာယာလှပသော အိမ်ထောင်စုများ၊ ဖွံ့ဖြိုးတိုးတက်သောကျေးရွာများ၊ စည်ကားလှပ သောမြို့ပြများနှင့် လုံခြုံစိတ်ချ မူဝါဒကောင်းသော တိုင်းပြည်များသည် လူသားတို့လိုက်နာရမည့် အခြေခံကျင့်ဝတ်များ ရှိကြပါသည်။ လူတိုင်းသည် သက်ဆိုင်ရာ မိမိတို့တာဝန်ဝတ္တရားများကို ကိုယ်ပိုင်အသိ စိတ်ဓါတ်ဖြင့် ကျေပွန်အောင် ထမ်းဆောင်ပြီး ခေါင်းရှောင်ခြင်း ကင်းသောလူ့ဘောင်များ ပညာနှင့်ပြည့်စုံသော လူငယ်များ တိုးတက်များပြားလာခြင်းက များစွာအရေးပါလှပါသည်။

နေရာတိုင်း၊လူတိုင်းမှာ ချမ်းသာသောအသိုင်းအဝိုင်းဖြင့် နေထိုင်လိုပါက ပတ်ဝန်းကျင်များ၏ အမူအကျင့်များကို လေ့လာရပါမည်၊ မိမိကိုယ်တိုင်လည်း ကောင်းသောအမူအကျင့်ကို တစ်နေ့တစ်ခြား ကျိုးစားရမည်၊ မိမိကိုယ်ကို ပြုပြင်ပြောင်းလည်းရမည်၊ လောက၊ဓမ္မအတွေ့အကြုံများသော ပညာရှိသူတော်ကောင်းများ အထက်လူကြီးများ ကို မှီခိုအတုယူရသကဲ့သို့ လက်အောက်ငယ်သား ကလေးလူငယ်မောင်မယ်များကိုလည်း လက်တွဲထူထောင် ပေးရမည်ဖြစ်သည်။
ကိုယ်ပိုင်အတွေးများကို ရှေ့တန်းမတင်ပဲ အများနှင့်လိုက်လျောညီထွေမှုရှိသော ပြောဆိုသွားလာမှုများ၊ ခေတ်နှင့်အညီ စုပေါင်းခေါင်းဆောင်မှု နည်းစနစ်များကို အလေးထားပြီး ကျင့်ကြံသွားရမည်ဖြစ်သည်။ အားလုံးကောင်းဖို့အတွက် မိမိကိုယ်တိုင်က ဦးစွာကောင်းဖို့လိုအပ်ပါသည်။ ရှေ့ဆောင်လမ်းပြတစ်ဦးကောင်းခြင်း သည် နောက်လိုက်ငယ်သားများ အားလုံးအတွက် အင်မတန်မှ ကောင်းမြတ်သော လမ်းပြကြယ်လည်း ဖြစ်ပါသည်။

မိမိကိုယ်တိုင်ကောင်းဖို့ဆိုလျှင် မိတ်ကောင်းဆွေကောင်းလိုအပ်သကဲ့သို့ ဆရာသမားကောင်းများလည်း လိုအပ်ပါ သည်၊ လူသားအားလုံးကောင်းဖို့ တော်ဖို့ဆိုရင် သူတော်ကောင်းများ၏တရားများကို ကျင့်ကြံရမည်၊ သူတော်ကောင်းတရားများကို ကျင့်ဖို့ဆိုရင် ကိုယ်တိုင်သိအောင်အရင်ကြိုးစားရမည်၊ သို့ဖြစ်ပါ၍ သူတော် ကောင်းတရား(၇)ပါးကို စာဖတ်သူများ သိရှိနိုင်ရန် အကျဉ်းချုပ်ရေးသား တင်ပြပေးသွားမည်ဖြစ်သည်။

၎င်းသူတော်ကောင်းများ၏ တရား၊ ဥစ္စာ၊ ရတနာ(၇)ပါးမှာ- (၁) သဒ္ဓါ-ယဉ်ကျေးလိမ္မာခြင်း။(၂) သီလ-ကိုယ်ကျင့်တရားကောင်းအောင်နေထိုင်ခြင်း။(၃) သုတ-အကြားအမြင်ဗဟုသုတနှင့်ပြည့်စုံခြင်း၊ (၄)စာဂ-ရက်ရက်ရောရောပေးကမ်းလှူဒါန်းခြင်း၊(၅)ပညာ-ကောင်းဆိုးနှစ်တန် အမှန်သိခြင်း တနည်းဝေဖန်သုံး သပ်နိုင်ခြင်း ။(၆)ဟိရိ- မကောင်းမှု ပြုခြင်းမှရှက်ခြင်း။(၇) သြတ္တပ္ပ- မကောင်းမှုပြုခြင်းမှ ထိတ်လန့်ခြင်း တို့ဖြစ်ပါသည်။

အထက်တွင် ဖော်ပြခဲ့သည့် သူတော်ကောင်းများတရား (၇)ပါးကို ကျင့်ကြံသောလူများ၊ ကျေးရွာများ၊ ဒေသများသည် ယခုဘဝတွင် အေးချမ်းသာယာသော ဘဝများကို ပိုင်ဆိုင်ရရှိရုံမက နောင်ဘဝတွင်လည်း အထက်တန်းကျကျ မျက်နှာပန်းလှလှဖြင့် နေထိုင်နိုင်သွားမည်ဖြစ်၍ လူသားတို့အားလုံး ကျင့်ကြံနိုင်ကြပြီး ကျင့်ကြံသည့်အတိုင်း အောင်မြင်ကြပါစေကြောင်း ဆန္ဒပြုရင်း အဆုံးသတ်လိုက်ရပါသည်။

နန်းဆုဗွေ




Powered by Blogger.