Monday, March 23, 2020

ဟိုပုံးမြို့နယ်မြောက်ခြမ်း၊ မိုင်းလင်းကျေးရွာအုပ်စုအတွင်းရှိ မိဘပြည်သူများ အသုံးပြုနေသည့် ဒေသသုံးလမ်းကို သတ်မှတ်ထားသည့် လမ်းနယ်အတိုင်း ဖောက်လုပ်ပေးရန်

တောင်ကြီး၊ မတ်လ (၂၃) ရက်


ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်၊ (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ကျော်မှ ဟိုပုံး မြို့နယ်မြောက်ခြမ်းရှိ မိုင်းလင်းကျေးရွာအုပ်စုအတွင်းရှိ ဟိုပုံး - မိုင်းလင်း - တုံလောလမ်းမကြီးကို ဒေသသုံးလမ်းမှတစ်ဆင့် နိုင်ငံတော်မှ  သတ်မှတ်သည့်လမ်းနယ်အတိုင်း လာမည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်မြင့်တင်ပေးရန် အစီစဉ်ရှိ/မရှိနှင့် စပ်လျဉ်း၍ ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခဲ့ပါသည်။

အဆိုပါ မေးခွန်းမေးမြန်းခြင်းနှင်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနမှ ပြန်လည်ဖြေကြား ရာတွင် ဟိုပုံး - မိုင်းလင်း - တုံလောလမ်းသည် တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင်တို့ကို ဆက်သွယ် ထားသည့်အပြင် အာရှ/အာဆီယံလမ်းမကြီးဖြစ်သော AH2 နှင့် AH111 တို့ကို ဆက်သွယ်ထားသော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနပိုင် ပြည်နယ်အစိုးရမှ စီမံခန့်ခွဲသည့် လမ်းဖြစ်ပြီး တောင်ကြီးခရိုင်အပိုင်း၌ (၅၄)မိုင်၊ လွိုင်လင်ခရိုင်အပိုင်း၌ (၆၂)မိုင်၊ စုစုပေါင်း (၁၁၆)မိုင် ရှည်လျား ပါသည်။ (၃၀-၉-၂၀၁၉)ရက်နေ့ လမ်းအခြေအနေမှာ တောင်ကြီးခရိုင်အပိုင်း၌ ကတ္တရာလမ်း (၁၄/၂)မိုင်၊ ကျောက်လမ်း (၁၈/၁)မိုင် အမာခံလမ်း(၅)ဖာလုံ၊ မြေလမ်း (၂၁)မိုင်ဖြစ်ပြီး အဆိုပါမြေ လမ်းအမျိုးအစားမှာ တစ်ကြောင်းထိုးလမ်းအဆင့်သာ ရှိပါသည်။ လွိုင်လင်ခရိုင်အပိုင်း၌ အမာခံ လမ်း (၁၂/၂)မိုင်၊ မြေလမ်း (၄၉/၆)မိုင်ရှိပါသည်။

ဟိုပုံး - မိုင်းလင်း - တုံလောလမ်းသည် တောင်ကြီးခရိုင်အပိုင်း၌ ကျေးရွာအုပ်စု(၈)ခု၊ အိမ်ခြေ (၅၃၆၈)အိမ်၊ လူဦးရေ(၂၄၀၉၆)ဦးအား တိုက်ရိုက်အကျိုးပြသည့် လမ်းဖြစ်ပြီး မိုင်းလင်း ကျေးရွာသည် အဆိုပါလမ်း၏ မိုင်တိုင်အမှတ်(၄၁/၂)တွင် တည်ရှိပါသည်။ ၂၀၁၉-၂၀ ဘဏ္ဍာရေး နှစ်တွင် တောင်ကြီးခရိုင်အပိုင်း၌ ပြည်နယ်သာမန်အသုံးစရိတ်ရန်ပုံငွေ ကျပ်(၃၀.၆၁၂)သန်းဖြင့် သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် တောင်ကြီးခရိုင်အပိုင်း၌ ပြည်နယ်ရန်ပုံငွေ ကျပ် (၁၄၁၄.၆၁၂)သန်းဖြင့် မြေသားတာဘောင်ချဲ့ခြင်း (၄)မိုင်၊ ကတ္တရာလမ်းသစ်ခင်းခြင်း (၅)မိုင်၊ (၁၈) ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်း (၁)မိုင်၊ သံကူကွန်ကရစ်တံတား (၄၀)ပေအရှည်(၁)စင်း၊ (၉၀) ပေအရှည်(၁)စင်း တည်ဆောက်ခြင်း၊ ချဉ်းကပ်လမ်းခင်းခြင်း၊ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း လုပ် ငန်းများ ဆောင်ရွက်ရန်နှင့် လွိုင်လင်ခရိုင်အပိုင်း၌ ရန်ပုံငွေကျပ် (၁၀၆၈)သန်းဖြင့် ကတ္တရာခင်းခြင်း (၄)မိုင်နှင့် သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လျာထားတင်ပြထားပြီး ဖြစ်ပါ ကြောင်းနှင့် ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေလျာထားတင်ပြ၍ ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)
လွှတ်တော်ရေးရာဌာန

Powered by Blogger.