Sunday, December 11, 2016

မိဘကျေးဇူးဆပ်စေလို

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်


လူ့လောကတွင် အသက်ရှင်နေထိုင်ကြသော အားလုံးသောသတ္တ၀ါတို့သည် မွေးမိခင်မွေးဖခင် ရှိကြစမြဲဖြစ်သည်။ လူသားဖြစ်စေ၊ တိရစ္ဆာန်ပင်ဖြစ်စေ မွေးမိခင်ဖခင်မပါဘဲအသက်မရှင်နိုင်ပေ။ မြတ်စွာဘုရားပင်လျှင် မွေးမိခင်ဖခင်ကျေးဇူးတော်တရားများကိုဟောကြားရာတွင် မြတ်စွာဘုရားသည် တရားအားထုတ်ပြီးသံသရာဝဋ္ဋ်ဒုက္ခ၊ သင်္ခါရတရားတော်များကို ချနိုင်ခဲ့သည်။ သို့သော် မွေးမိခင်၏ နို့တစ်ဖက်ဖိုးပင် မကျေနိုင်သေးချေ။ ထို့ကြောင့်သာမာန်လူသားဘ၀ဖြစ်သော အကျွန်ုပ်တို့သည် ကျေးဇူးတော်ရှင် မိဘနှစ်ပါးကိုမည်သို့မည်ပုံကျေးဇူးဆပ်ကြမည်ကို တစိုက်မတ်မတ်တွေးတောပြီး လက်တွေ့ဘ၀တွင်မိဘကျေးဇူးဆပ်ရန်လိုက်နာကျင့်သုံးသင့်ပေသည်။

ကျေးဇူးတော်ရှင်ဖြစ်သောမိဘနှစ်ပါးသည် သူတို့၏ရင်သွေးငယ်အတွက် မောင်တစ်ထမ်းမယ်တစ်ရွက် ဆိုသည့်အတိုင်း ကြိုးစားပမ်းစားအလုပ်လုပ်ကိုင်ကြရလေသည်။ ၀မ်းဗိုက်ထဲတွင်သန္ဒေအောင်နေပြီဟု စသိသည်နှင့်တပြိုင်နက် မိဘနှစ်ပါးသည် မေတ္တာတရားများစပွားနေပြီဖြစ်သည်။ မိမိမွေးဖွားလာမည့် ရင်သွေးငယ်လေး၏ မျက်နှာကိုမမြင်ရသေးသော်လည်း မိမိတို့၏ ရင်သွေးငယ် လူဘုံအလယ်တွင် တင့်တောင့်တင့်တယ် နေထိုင်နိုင်အောင် နေ့စဉ်နှင့်အမျှ ကြိုးစားရုန်းကန်နေကြရသည်။ မိခင်ဖြစ်သူမှာ မိမိ၏၀မ်းဗိုက်ထဲတွင် ရင်သွေးငယ်လေးလွယ်ထားရပြီဟုစသိချိန်ကစပြီး အပူအစပ်အစားအစာများစရှောင်ရတော့သည်။ ရင်သွေးငယ်အတွက် စဉ်းစားပြီးစားချင်တိုင်းမစားရ၊ သွားချင်တိုင်းမသွားရတော့ချေ။ ဖခင်ဖြစ်သူမှာလည်းမွေးဖွားလာမည့်ရင်သွေးငယ်အတွက် တစ်ဖက်တစ်လမ်း ကြိုးစားရုန်းကန်နေရသည်။ ဤသည်မှာ မိဘမေတ္တာတရား၏အခြေခံအစပင်ရှိသေးသည်။

ရင်သွေးငယ်လေးမွေးဖွားလာချိန်တွင် မိခင်သည်အသက်နှင့်ရင်းပြီးမွေးဖွားပေးရသည်။ ထိုအချိန်မှစ၍ မိခင်ကောဖခင်ပါ အပူမကင်းတော့ချေ။ ကလေးအနာဂတ်ဘ၀ခရီးအတွက် ကြိုတင်စဉ်းစားပြီးအလုပ်အကိုင်အမျိုးမျိုးသောလောကဓံတရားကို ပတ်ဝန်းကျင်အမျိုးမျိုး၊ ကွဲပြားခြားနားသော လူတန်းစားအဖုံဖုံအလိုက် ရင်ဆိုင်ကြရသည်။ ရင်သွေးငယ်လေး (၃)နှစ်မတိုင်ခင်အရွယ်တွင် ကလေးငိုသံကြားလျှင် မိခင်မှာ ရင်ထဲထိတစ်စပ်စပ်ထိပြီးနာကျင်ပုံရသည်။  အဘယ်ကြောင့်ဆိုသော် ကလေးကနုနုယွယွရှိသေးသောကြောင့်  ̏ ယင်နားမခံ၊ အထိမခံရွှေပန်းကန်ဆိုသလို ˝ကလေးငယ်လေးတစ်ခုခုထိခိုက်သွားမှာကိုစိုးရိမ်စိတ် များပြည့်နက်နေသည်။ (၅)နှစ်မတိုင်ခင်အရွယ်တွင်လည်း လှေကားပေါ်ပြုတ်ကျမည်ကိုစိုးရိမ်ကြောင်း၊ ခွေးကိုက်မည်စိုးရိမ်ကြောင်း၊ မျက်စိအောက်ကအပျောက်မခံတော့ချေ။

(၅)နှစ်အထက်ကျောင်းစတက်၊ ပညာသင်ချိန်ခါအရွယ်တွင်လည်းစိုးရိမ်ရပြန်သည်။ ကျောင်းတွင်သူငယ်ချင်းများနှင့်ရန်ဖြစ်မည်ကိုစိုးရိမ်သည်။ ထို့အပြင် (၁၀)ကျော်သက်အရွယ်၊ စိတ်ကစားတတ်သည့်အရွယ်၊ ပညာသင်ချိန်တွင် ရည်းစားထားမည်ကိုစိုးရိမ်ပူပန်ရပြန်သည်။ (၂၀)ကျော်သက်အရွယ်တွင် ပညာတတ်မြောက်ပြီး လုပ်ငန်းခွင်အသီးသီးဝင်ရောက်လုပ်ကိုင်နေသောအချိန်တွင်လည်း လုပ်ဖော်ကိုင်ဖက်များနှင့်  အပေါင်းအသင်းများနှင့် အခန့်မသင့်၊ ပြဿနာများဖြစ်ပွားလာမည်ကိုစိုးရိမ်ရပြန်သည်။ (၃၀)ကျော်သက်အရွယ်တွင်  အိမ်ထောင်ကိုယ်စီနှင့်  ကိုယ့်အိုးကိုယ့်အိမ်တည်ထောင်ကြရအချိန်တွင်လည်း အခြားသောမိသားစုများနှင့်ယှဉ်လျှင်  စီးပွားရေး၊ လူမှုရေးအစရှိသော ကိစ္စရပ်များနောက်ကျနေမည်ကိုစိုးရိမ်ရပြန်သည်။ ထို့ကြောင့်မိဘတိုင်းသည် သားသမီးတစ်ယောက်မွေးလျှင် မီးတစ်ပုံးမွေးရသည်နှင့်ပင်တူနေလေတော့သည်။

ကြီးမားလှသောမိဘကျေးဇူးတရားများကိုဆပ်ရန်အခွင့်အရေးများရှိနေပါသေးသည်။  မိခင်မရှိလျှင် ထဘီ၊ ပုဆိုးမပါသောသူနှင့်တူပါသည်။ ဖခင်မရှိလျှင် အင်္ကျီဝတ်မထားသောသူနှင့်တူပြီး မိဘကွယ်လွန်ပြီးသောသူသည် ဘ၀အတွက် အသက်ရှင်နေထိုင်ရန်  လုံခြုံမှုကင်းမဲ့နေတတ်သည်။ မိဘတိုင်းသည် သားသမီးတိုင်းအတွက်လက်ဦးဆရာဖြစ်ရုံမျှမက ဘ၀တစ်သက်စာဖူလုံရေးအတွက် ကယ်တင်ရှင်ပင်ဖြစ်ပေသည်။ ထို့ကြောင့်မိဘများရှိနေစဉ်တွင် မိမိဘက်တတ်အားသမျှ ပြုစုစောင့်ရှောက်သင့်ပေသည်။ မိဘများအသက်ကြီး၊ နားမကြား၊ မျက်စိကောင်းကောင်းမမြင်ရသောအချိန်တွင် မိဘကမိမိအားတခုခုမေးသောအချိန်တွင် မိမိငယ်ငယ်ကလေးဘ၀တုန်းက မိမိအားစိတ်ရှည်လက်ရှည် ဖြေကြားပြောပြပေးခဲ့သည်ကို ပြန်တွေးတောပြီးစိတ်ရှည်စွာပြန်ဖြေကြားသင့်ပေသည်။

အချို့သောသားသမီးများသည် အိမ်ထောင်ပြုကြပြီးသည်နှင့်တပြိုင်နက်ကိုယ့်အိုးကိုယ့်အိမ်ခွဲထွက်နေကြပြီးမိဘအပေါ်ပေါ့ရော့နေတတ်ကြသည်။ လုပ်ငန်းခွင်အသီးသီးတွင် လုပ်ကိုင်ဝင်ရောက်ကြပြီး မိမိ၏သားသမီးရေး၊ အိမ်ထောင်ရေးချမ်းမြေ့စေရန် စီးပွားရေးတစ်ဖက်တစ်လမ်းသောင်းကျန်းနေကြသည့်အတွက် မိဘဘက်ကိုအချိန်မပေးတတ်ကြတော့ချေ။ အလုပ်မည်မျှပင်များသည်ဖြစ်စေမိဘကိုအချိန်ရှိနေသမျှ ပြုစုစောင့်ရှောက်သင့်ပါသည်။ မိဘများကျွေးခဲ့သည့်အချိန်တွင် ပြုံးပြုံးလေးစားခဲ့သည့်အတိုင်း၊ မိမိကမိဘကိုပြန်ကျွေးသောအခါ ပြုံးပြုံးလေးပြန်ကျွေးစေချင်ပါသည်။

အချုပ်အားဖြင့်ဆိုသော် “တစ်လုပ်စားဖူးသူ့ကျေးဇူး” ဟူသောဆိုရိုးအတိုင်းမည်သည့်ပုဂ္ဂိုလ်ထံတွင်ဖြစ်စေ မိမိစားခဲ့ဖူးသော ထမင်းတစ်လုပ်ကိုပင် မိမိအပေါ်ကျေးဇူးတရားရှိနေပြီဟု ယူဆနိုင်သည်။ ထို့ကြောင့်မိမိဘ၀တစ်သက်စာ အသက်ပေးကျွေးမွေးစောင့်ရှောက်ပေးသော၊ မိမိအပေါ်လိုလေသေးမရှိပေးဆပ်ခဲ့သော၊ မိမိကိုလူတလုံးသူတလုံးဖြစ်အောင် ပြုစုပျိုးထောင်ပေးသော၊ ကျေးဇူးတရားကြီးမားလှသောမိဘတို့၏ကျေးဇူးတရားများကိုမိမိအသက်ရှိနေသ၍ ကျေးဇူးဆပ်စေလိုကြောင်းမီးမောင်းထိုးလိုက်ပါသည်။

ခွန်ရက်ခွို

Powered by Blogger.