Monday, July 10, 2017

စိုက်ပျိုးသင့်သည့် ကျွန်းပင်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်


မြန်မာနိုင်ငံတွင် သဘာဝသယံဇာတများဖြစ်သည့် စိန်၊ ရွှေ၊ ပတ္တမြား၊ ကျောက်စိမ်း စသည့်သဘာဝသယံဇာတများစွာ ထွက်ရှိသလို ကျွန်း၊ တမလန်း စသည့် အဖိုးတန်ရတနာအပင်များလည်း ထွက်ရှိပါသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကျွန်းမှာ အရည်အသွေးပြည့်မှီပြီး ကမ္ဘာပေါ်တွင် အလွန်နာမည်ကျော်ကြားလှပါသည်။

စာရေးသူနှင့် လုပ်ဖေါ်ကိုင်ဖက်များအတူ ပအိုဝ်းဒေသ နောင်ကားကျေးရွာအရှေ့ဖက်ရှိ ကျွန်းပင်ပေါင်း (၆၀၀၀)ကျော် စိုက်ပျိုးသည့် စိုက်ခင်းသို့ သွားရောက်ခဲ့ကာ စိုက်ခင်းပိုင်ရှင်နှင့် စကားစမြည်ပြောခဲ့ပြီး ကျွန်းပင်စိုက်ခြင်းအကြောင်းကို လေ့လာသိရှိခဲ့ရပါသည်။ စိုက်ခင်းရှိ (၂)နှစ်သက်တမ်း ကျွန်းပင်များမှာ အံ့သြစရာကောင်းလောက်အောင် (၁၅)ပေ (၁၆)ပေခန့် ရှိမည်ဟု ခန့်မှန်းရပါသည်။

စိုက်ခင်းပိုင်ရှင် ပြောစကားအရ  ကျွန်းပင်ပေါင်း (၆၀၀၀)ကျော်ကို စိုက်ပျိုးရာ- တစ်ဧကတွင် အပင်ပေါင်း (၅၄၀)ရှိပြီး တစ်ပင်လျင် (၅၅၀)ကျပ်ကုန်ကျသည်ဟု သိရသည်။  အပင်ပေါင်း (၁၀၀)တွင် (၅၅၀၀၀)ကျပ် ၊ အပင်ပေါင်း (၁၀၀၀)တွင် (၅၅၀၀၀၀) ကုန်ကျမည်ဖြစ်သည်။

အပင်ကို တစ်ပေပတ်လည် တွင်းတူးကာ ပထမဦးဆုံးအနေဖြင့် အာမိုအနည်းငယ်နှင့်ကြက်ချေးများကို အရင်ထည့်ပြီးမှသာ စိုက်ပျိုးထားသည်ဟု သိရသည်။ သုံးနှစ်အတွင်း မိုးဦးကျတွင် တစ်ကြိမ်နှင့် သီတင်းကျွတ် မိုးကုန်ချိန်တွင် တစ်ကြိမ် ပေါင်းများကို ရှင်းရမည်ဖြစ်ကာ သုံးနှစ်အတွင်း လိုအပ်သည့် ကြက်ချေးများကို ထည့်ပေးရမည်ဖြစ်သည်။ သုံးနှစ်ပြည့်လျင် ပေါင်းများရှင်းစရာမလိုတော့ပါ။ (တွင်းကို အောက်အနက် (၂)ပေခန့် တူးပြီးစိုက်ပျိုးလျင် ပိုကောင်းသည်ဟု သိရှိရ)

၈-နှစ်ပြည့်ပြီးသည့်အချိန်မှာ တစ်ဧကအတွင်းမှ အပင်ပေါင်း (၂၇၀)ကို ခုတ်ထွင်သွားမည်ဖြစ်ပြီး (၁၅)နှစ် ပြည့်ပြီးချိန်တွင် အပင်(၉၀)၊ (၂၁)နှစ်ရှိချိန်တွင် အပင်ပေါင်း(၉၀) ခုတ်ထွင်သွားမည်ဟု သိရသည်။ နှစ်(၃၀) ပြည့်သည့်အချိန်တွင် ကျန်ရှိသည့် အပင်ပေါင်း(၉၀)မှာ ရောင်းတန်းဝင် အပင်များဖြစ်လာမည်ဖြစ်ပြီး တန်ဖိုးမှာလည်း မြှင့်မားသွားမည်ဖြစ်သည်။ (၈)နှစ်အတွင်း တစ်ဧက အရင်းအနေဖြင့် (၁၀)သိန်းကျော် ကုန်ကျမည်ဖြစ်ပြီး အပင်ပေါင်း (၂၇၀) ရောင်းထုတ်ပါက တစ်ပင်လျင် တစ်သိန်းခန့်ရရှိမည်ဖြစ်ကာ သိန်းပေါင်း (၂၇၀)ရရှိမည်ဖြစ်သည်။ နှစ်(၃၀)ပြည့် အပင်များကို မိမိအနေဖြင့် အစိုးရသို့ အခွန်(၁၀)ရာခိုင်နုန်း ပေးဆောင်ရမည်ဖြစ်ပြီး ကျန်ရှိသည့် (၉၀)ရာခိုင်နုန်းကို ရောင်းထုတ်နိုင်သလို တစ်နိုင်တစ်ပိုင် ပရိဘောဂအဖြစ်သို့လည်း လုပ်ဆောင်နိုင်ပါသည်။ သတ်မှတ်ပြဌာန်းထားသည့် ဥပဒေအတိုင်း ခံစားရမည်ဖြစ်သည်။ သို့သော် စိုက်ပျိုးပြီးပါက သစ်တောဌာနသို့ မှတ်ပုံတင်လုပ်ဆောင်ရန် လိုအပ်ပါသည်။ ထိုသို့လုပ်ဆောင်ရာတွင် မိမိစိုက်ပျိုးသည့်မြေများမှာ အရှုပ်အရှင်းကင်းကြောင်းကိုလည်း သက်သေအထောက်အထားများ ပါရှိဖို့လိုပါသည်။

တောင်သူများအနေဖြင့် ရေတိုသီးနှံများ စိုက်ဖို့လိုသလို နှစ်ရှည်ပင်များကိုလည်း စိုက်ပျိုးဖို့လိုပါသည်။ မိမိပိုင်ဆိုင်သည့် မြေပေါ်တွင် အမြတ်များစွာရရှိမည့် ရင်းနှီးမြုပ်နှံမှုမျိုးကိုလည်း မြုပ်နှံဖို့လိုပါသည်။ ရေတိုသီးနှံများကို စိုက်ပျိုးရန်လိုသလို တန်ဖိုးမြှင့်နှစ်ရှည်ပင်များကိုလည်း ဖြစ်နိုင်ပါက စိုက်ပျိုးထားဖို့လိုပါကြောင်း ------။

ခွန်ဓဇ
Powered by Blogger.