Saturday, July 7, 2018

တောင်ကြီးမြို့နယ် ပေါမူကျေးရွာတွင် အခြေခံစီးပွားရေး အမြင်ဖွင့်သင်တန်း ပို့ချ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇူလှိုင်လ (၇) ရက်



လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချပြီး မိမိစီးပွားရေး၊ အသက်မွေးဝမ်းကြောင်းကို မိမိဘာသာမိမိရှာဖွေလုပ်ဆောင်နိုင်စေရန်ရည်ရွယ်ပြီး အခြေခံစီးပွားရေးအမြင်ဖွင့်သင်တန်းကို ပီတိဆရာကွန်ယက်နှင့် ပေါမူကျေးရွာလူငယ်များပူးပေါင်းပြီး ယနေ့ ဇူလိုင်လ (၇)ရက်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့နယ် ပေါမူကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပို့ချပေးခဲ့ပါတယ်။

သင်တန်းတွင် ပေါမူကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်မှ အဖွင့်အမှာစကား မိန့်ကြားရာတွင် ယခုခေတ် ပညာရေး၊ လူမှုရေး၊ စီးပွားရေးသည် ယခင်ခေတ်နှင့်မတူတော့ကြောင်း ယခင်ကာလသည် မငြိမ်းချမ်းသောကာလဖြစ်ခဲ့တဲ့အတွက် လူတိုင်းတွင်းတာဝန်ယူမှု တာဝန်ခံမှုမရှိသလို ပညာရေး၊ စီးပွားရေးများ အရာရာနောက်ကျခဲ့ရကြောင်း၊ ပညာတတ်ချင်ပါက တစ်နယ်တစ်ကျေးအဝေးကို သွားပြီး ဆရာသမားများကို အောက်ကျို့သင်ကြားခဲ့ရကြောင်း၊ ယခုအခါ မိမိတတ်သင့်တတ်ထိုက်သော ပညာများကို မိမိဒေသရောက် အသိပညာရှင်၊ အတတ်ပညာရှင်များက လာရောက်ပို့ချသင်ကြားပေးနေပြီ ဖြစ်တဲ့အတွက် အခွင့်အရေးကို လက်လွှတ်မခံဘဲ စိတ်ဝင်တစားသင်ကြားမှတ်သားစေလိုကြောင်း၊ မိမိတတ်သိထားသော ပညာရပ်များကိုလည်း မိမိတစ်ဦးတစ်ယောက်တည်းအတွက်မရည်ရွယ်ဘဲ မိမိကျေးရွာ မိမိဒေသအတွက် ပြန်လည်အသုံးချ၊ ပြန်လည်ဝေမျှစေလိုကြောင်း စသည်ဖြင့် မိန့်ကြားခဲ့ပါတယ်။

သင်တန်းတွင်ပို့ချဟောပြောပေးသော ပီတိဆရာကွန်ယက်မှ ဆရာခွန်ကြည်က အခုလိုပြောကြားထားပါတယ်။ (ဒီကနေ့ဆရာဟောပြောပေးတာကတော့ လူငယ်လူရွယ်တွေ စီးပွားရေးလုပ်ငန်းလုပ်ကိုင်တဲ့အခါများ အသက်ကြီးသည် ငယ်သည်မဟုတ်ဘဲ အရွယ်မရွေးလုပ်ကိုင်နိုင်တယ်ဆိုတဲ့အကြောင်း၊ နောက်ပြီး ပိုက်ဆံရှာမယ်ဆိုရင် ဝင်ငွေတစ်ခုတည်းကို မအားကိုးဖို့၊ ငွေကြေးသုံးစွဲတဲ့အခါမှာ မလိုအပ်တာကို ပုံအောမဝယ်မိဖို့၊ စုဆောင်းတဲ့အခါမှာ သုံးပြီးမှ ပိုတာကို မစုဘဲ စုပြီးပိုတာကိုမှ သုံးဖို့၊ စွန့်စားလုပ်ကြည့်တဲ့အခါမှာလည်း ရေအနိမ့်အမြင့်တိုင်းသလို ခြေနှစ်ချောင်းလုံး ချတိုင်းမိတဲ့အဖြစ်မျိုး မဖြစ်စေဖို့၊ ရင်းနှီးမြုပ်နှံရာမှာလည်း ပုံအောပြီးမရင်းနှီးဖို့နဲ့  နောက်ဆုံးတစ်ခုအနေနဲ့ မျှော်လင့်တာပေါ့ လူတစ်ယောက်အပေါ် စုံလုံးကန်းမယုံကြည်မိဖို့နဲ့ ရိုးသားမှုဆိုတာဈေးကြီးတဲ့အတွက် အပေါစားလူတွေဆီက ဈေးကြီးတဲ့ရိုးသားမှုကို မမျှော်လင့်ဖို့စတာတွေကို ပို့ချဟောပြောပေးခဲ့ပါတယ်။)

ထို့နောက် သင်တန်းဆရာမ နန်းခမ်းဆက်က ဈေးရောင်းရအောင်ခေါင်းစဉ်ဖြင့် မိမိဘေးပတ်ဝန်းကျင်ရှိ တန်ဖိုးရှိသော မရှိသော ပစ္စည်းများ၊ ကုန်ကြမ်းများကို ရောင်းကုန်တစ်ခုဖြစ်အောင် ဖန်တီးသည့်နည်းလမ်းများကိုလည်းကောင်း၊ ဆရာခွန်ထွန်းအောင်က SWOT Analysis ခေါင်းစဉ်ဖြင့် စီးပွားရေးလုပ်ကိုင်မည်ဆိုပါက အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနှင့် အနှောက်အယှက်များကို ခွဲခြမ်းစိတ်ဖြာတတ်ပြီး တိုးတက်အောင်လုပ်ကိုင်သည့်နည်းလမ်းကိုလည်းကောင်း၊ ဆရာခွန်မြင့်ဆွေမှ အကြွေးရောင်းသင့် မရောင်းသင့်ခေါင်းစဉ်ဖြင့် စီးပွားရေးလုပ်ကိုင်ရာတွင် တစ်ဆင့်ပြန်ရောင်းသော ကုန်ပစ္စည်းများသာမက မိမိခြံထွက်ထုတ်ကုန်များကို အကြွေးဖြင့်ရောင်းချပါက ကြုံတွေရမည့်ဆိုးကျိုးများ၊ မည်ကဲ့သို့ဖြေရှင်းနည်းများကိုလည်းကောင်း အသီးသီးပို့ချပေးခဲ့ကြပါတယ်။အဆိုပါသင်တန်းကို လူငယ်များ စုစုပေါင်း ၆၀ဦးတက်ရောက်ခဲ့ကြောင်းသိရပါတယ်။

ခွန်ဘရိတ်
Powered by Blogger.