Friday, August 16, 2013

ကျောက်တန်းကျေးရွာမီးလင်းရေးကိစ္စ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှ ရှင်းလင်းပြောကြား

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုန်းမြို့နယ်၊ ကျောက်တန်းကျေးရွာတွင် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့၌ ဖြစ်ပွါးခဲ့သော  “မီးလင်းရေးအတွက် ငွေကြေးကို အဓမ္မခြိမ်းခြောက်ကောက်ခံ” ဟူသော အင်တာနက်သတင်းနှင့်ပတ်သက်ပြီး ဟိုပုန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်အေးမောင်အား ဆက်သွယ်မေးမြန်းခဲ့ရာ ဦးခွန်အေးမောင်မှ အောက်ပါအတိုင်း ပြန်လည်ရှင်းပြခဲ့ပါသည်။
 “ကျေးရွာမီးလင်းရေး အတွက် လုပ်ငန်း မဆောင်ရွက်ခင် ကတည်းက ကော်မတီဖွဲ့ပြီး  ကျေးရွာ ပြည်သူများမှ ကိုယ့်အားကိုယ်ကိုး  ငွေကြေးစိုက် လုပ်ဆောင်သွားမည်ဟု အများသဘောတူ ဆုံးဖြတ်ခဲ့ကြ ပါသည်။ ငွေကြေးကိစ္စကို အရစ်ကျ ထည့်သွင်းသွားမည်ဟုလည်း သဘောတူ ခဲ့ကြသည်။ ကျေးရွာသူ/သား အများစုလည်း ဆုံးဖြတ်ထားခဲ့သည့်အတိုင်း အရစ်ကျ ငွေကြေး ထည့်ဝင်ကြပါသည်။ ယခုဖြစ်သည့် ကိစ္စမှာ ကျေးရွာမီးလင်းရေး အစည်းအဝေးကို အကြိမ်ကြိမ် ခေါ်ယူသော်လည်း လာရောက်မှု မရှိသည့်အပြင် ရပ်ရွာသူကြီးနှင့် ရပ်မိရပ်ဖများကို အနှောင့်အယှက် ဖြစ်စေသည့် ပြောဆိုမှုများ ရှိလာသည့်အတွက် ရပ်ရွာစည်းကမ်း လိုက်နာရန် ခေါ်ယူ ဆွေးနွေးခြင်းသာ ရှိခဲ့ပါသည်။ ယခုလို တစ်ဦးတစ်ယောက်က ကတိက၀တ် ချိုးဖေါက်ပြီး ရပ်မိရပ်ဖတို့အား စော်ကားပြောဆိုနေမှု၊ ရွာလုံးကျွတ် လျှပ်စစ်မီးရရှိရေးကိစ္စအား ဖျက်လိုဖျက်ဆီး ပြုလုပ်နေမှု များကို လစ်လျူရှုထားခဲ့ပါက၊ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကကျသော ကျေးရွာလုံးကျွတ် မီးလင်းရေး ကိစ္စ ပျက်ပြား သွားနိုင်ကြောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်။”
Powered by Blogger.