Tuesday, November 5, 2013

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘတ်ဂျက်ကိစ္စ ဆွေးနွေးခြင်း

 
နေပြည်တော်၊ အောက်တိုဘာလ
၂၀၁၃-၂၀၁၄ခု ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း ၏ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းဝါနုက ဆွေးနွေးရာတွင် တောင်ကြီးမြို့နှင့် ကလောမြို့ရေရရှိရေးအတွက် နိုင်ငံတော်မှချထားပေးသည့် ဘတ်ဂျက်သည် ၈၀ ရာခိုင်နှုန်းနီးပါးရှိပြီး (ရှမ်းပြည်နယ်ရေရရှိရေး ဘတ်ဂျက်၏) အလွန်များလွန်းကြောင်း၊ ရှမ်းပြည်နယ် အတွင်း ၅၅ မြို့နယ်သို့  မျှမျှတတ ခွဲဝေပေးသင့်ကြောင်း၊ ယင်းကိစ္စရပ်နှင့်စပ်လျဉ်း၍ တောင်ကြီးမြို့တွင် နေသည့် အမတ်များကို မေးမြန်းကြည့်ရာ အမှန်ပင် တောင်ကြီးနှင့် ကလောမြို့များမှာ ရေအလွန်ခက်ခဲ ကြောင်း၊ ရေရရှိရေးလုပ်ဆောင်ရာမှာလည်း အပိုင်းလိုက်၊ တနှစ်နဲနဲလုပ်လို့မရကြောင်း၊ အပြီးအစီးလုပ်မှ ရေကို အသုံးချလို့ရမှာဖြစ်ကြောင်း၊ တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သည်နှင့် အညီ ရေရှားပါးမှု ပြဿနာကြုံနေရတာ မဖြစ်သင့်ကြောင်း၊ ယင်းဘတ်ဂျက်နှင့် ပတ်သက်၍ နိုင်ငံတော်မှ ချထားပေးမှုကို ထောက်ခံကြကြောင်း သိရှိရပါသည်။
 
 ဒေါ်နန်းဝါနုက ထပ်မံဆွေးနွေးသည်မှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရများသည် နိုင်ငံတော်မှဘတ်ဂျက်ပိုမိုရသည်ဟု မြင်ကြောင်း၊ ရှမ်းပြည်နယ်တွင် မြို့နယ်ပေါင်း ၅၀ ကျော်ရှိရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမှာ ၁၅မြို့နယ်သာဖြစ်ပြီး၊ ယင်း ၁၅မြို့နယ်မှရသည့် ဘတ်ဂျက်သည် ကျန်သည့်မြို့နယ်များထက်ပိုမိုကြောင်း၊ ဥပမာ- ဟိုပုံးမြို့နယ်အတွင်း မိုင်းပျဉ်း - ဖေါင်းဆိုင်လမ်းသည် ဘဏ္ဍာနှစ်အတွင်း ကျပ်သန်းပေါင်း ၅၆၀ ကျော်ရသည်မှာ များလွန်းကြောင်း၊ မိမိကွန်ဟိန်းမြို့နယ် ရေရှားသည့် ရွာ ၁ ရွာ ရေရရှိရေး လွှတ်တော်တွင်း ၂ ကြိမ်တင်ပြပြီးသော်လည်း၊ ယနေ့ထိမရသေးကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေက  မိုင်းပျဉ်း၊ ဖေါင်းဆိုင်းလမ်းသည် ကျေးရွာအုပ် (၅) အုပ်စုဖြစ်သည့် နမ့်ပါစီးအုပ်စု၊ နားတစ်အုပ်စု၊ ဖေါင်းဆိုင်အုပ်စု၊ လက်သက်အုပ်စု၊ မိုင်းပျဉ်းအုပ်စုတို့ အတွင်း တစ်ခုတည်းသော ဆက်သွယ်သွားလာရန်အတွက် ဒေသခံ ရှမ်းတိုင်းရင်းသားများက လာရောက် တင်ပြကြသည့်အတွက် လွှတ်တော်သို့မေးခွန်းမေးမြန်းတောင်းခံပေး၍ ဘတ်ဂျက်ကျလာခြင်းဖြစ်ကြောင်း၊ ဟိုပုန်းမြို့နယ်၊ မြောက်ခြမ်း အဆိုပါဒေသသည် နယ်မြေအေးချမ်းသည်မှာ (၂) နှစ်ကျော်သာ ရှိသေး၍၊ လမ်းမရှိ၊ ကျောင်းမရှိ၊ ဆေးခန်းမရှိ၊ ဖြစ်နေရာ မိမိလဲ တတ်နိုင်သလောက် လုပ်ပေးသွားရာ နိုင်ငံတော်ကလည်း လုပ်ပေးနိုင်သလောက် လုပ်ပေးသွားတယ်လို့ မြင်တယ်ဟု ပြောကြားခဲ့ပါသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ရရှိသည့် ဘတ်ဂျက်သည် နိုင်ငံတော်မှ ခွဲဝေချထား ပေးသည့် ဘတ်ဂျက်နှင့် ပြည်နယ်အစိုးရမှ ခွဲဝေချထားပေးသည့် ဘတ်ဂျက်၂-ခုရှိကြောင်း၊ တစ်ပြည်နယ်လုံး မျှမျှတတရရှိရေး ဆောင်ရွက်နေသည် ဟုမြင်ကြောင်း၊ တစ်ချို့နေရာတွေမှာ လက်တွေ့အကောင်အထည်ဖော်ရန် အခက်အခဲ ဥပမာ-နယ်မြေ မတည်ငြိမ်၊ မအေးချမ်းလို့စတဲ့ ကိစ္စရပ်တွေကြောင့် စီမံကိန်းတွေဘတ်ဂျက်တွေ မရသေးတာလို့မြင်ကြောင်း ဒေသခံရဲ့ပူးပေါင်း ဆောင်ရွက်မှုပေါ်မှာ အများကြီးမူတည်သည်ဟု ပြောကြားသွားပါကြောင်း သတင်းရရှိသည်။
 

Powered by Blogger.