Tuesday, November 5, 2013

ပထမအကြိမ် ပြည်သူ့လွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေး၌ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်းမှ ပင်လောင်းမြို့အား သာယာလှပသော အပန်းဖြေမြို့တစ်မြို့အဖြစ် နိုင်ငံတော်မှတည်ဆောက်ပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်း


နေပြည်တော်၊ အောက်တိုဘာ ၂၂

ကျွန်တော်တို့ပင်လောင်းမြို့လေးဟာ သာယာလှပသော၊ အပန်းဖြေမြို့တစ်မြို့ အဖြစ်သို့၊ နိုင်ငံတော် အနေဖြင့် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းဖြစ်ပါတယ်။

ပင်လောင်းမြို့ဟာ ရှမ်းကုန်းပြင်မြင့်၊ ကုန်းမြင်လွင်ပြင်တွင် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၄၈၂၀ တွင်တည်ရှိပြီး၊ အနီးပတ်ဝန်းကျင်တွင် ပေပေါင်း ၅၀၀၀ ကျော်မြင့်မားသော တောင်တန်းများ ၀န်းရံလျှက် မြို့ရဲ့အလယ်တွင် ကြည်လင်အေးမြသော စမ်းချောင်း (ရေအေးချောင်း) ဖြတ်သန်းစီးဆင်း လျှက်ရှိပါတယ်။ ရှေးလျိုကြီးတွေဟာ ဒယ်အိုးပုံသဏ္ဍာန် တည်ဆောက်ခဲ့သော မြို့တစ်မြို့ ဖြစ်ပါတယ်။

ပင်လောင်းမြို့အ၀င် နေပြည်တော် ပင်လောင်းကားလမ်းမပေါ်ရှိ ထောင်ထီဗွာရွာ၊ စလာရွာမှာ ရှိတဲ့ ကျောက်ဆောင်များ၊ ကျောက်ကလပ်များ၊ အဆင့်ဆင့်သော  ကျောက်ထပ်များ၊ သဘာဝအနေ အထားအရ လှပစွာတည်ရှိနေခြင်း၊ အနီးပတ်ဝန်းကျင်တွင် စင်ဆင်းရေတံခွန်၊ ပင်းထုံပင်ခါးရေတံခွန်များ၊ မြို့နယ်အတွင်း ရေပူစမ်းများ ဖြစ်ပေါ်တည်ရှိနေခြင်းသည် ပြည်သူတို့အတွက် အပန်းဖြေရာနေရာ ဖြစ်နေပါတယ်။

ရာသီဥတုအနေဖြင့် စွတ်စိုအေးမြကြည်လင်သော ရာသီဥတုမျိုးရှိပြီး မြို့နယ်တစ်ခုလို အမြဲစိမ်း လန်းစိုပြေလျှက်ရှိပါတယ်။ ဆောင်းတွင်းတွင် နှစ်စဉ်နှစ်တိုင်းလိုလို ရေခဲအမှတ်အောက်သို့ ရောက်ပြီး၊ တစ်ချို့နှစ်တွေမှာ (- ၃ံ) စင်တီဂရိတ်အောက် ရောက်တဲ့အတွက် တစ်မြို့နယ်လုံးမှာ နှင်းတွေဝေပြီး ရေပြင်လို ဖွေးလျက်ရှိပါတယ်။ နွေရာသီတွင် အမြင့်ဆုံးအပူချိန် (၂၅ံ- ၃၀ံ) စင်တီဂရိတ်အတွင်းသာ ရှိသည့်အတွက် အပူအအေးမျှတပြီး ပန်ကာမလို၊ အဲယားကွန်းမလိုကြောင်း တွေ့ရှိရပါတယ်။ သို့ပါ၍ စာရေးဆရာမင်းကျော်က “ရန်ကုန်ဆောင်း ၊ ပင်လောင်းနွေ” ဟုတင်စားကာ ဆောင်းပါးရေးသားခဲ့ ဖူးပါတယ်။ တစ်နှစ်လုံးမှာ မိုးတစ်ကြိမ်သာရွာပြီး၊ တစ်ကြိမ်ရွာလျှင် (၃)လကြာတယ်လို့ ပြောစမှတ် ပြုကြတဲ့နေရာ၊ တစ်ခါတစ်လေ ဆောင်းတွင်းမှာ မိုးရွာတတ်တဲ့အတွက် အနောက်တိုင်းဆန်သော ရာသီ ဥတုမျိုးရှိကြောင်း ရောက်ဖူးသူတိုင်းမှတ်ချက်ပြုကြပါတယ်။

ပင်လောင်းမြို့ အရှေ့ဘက်ကပ်လျှက် လွယ်မောင်းတောင်ထိပ်ဟာ ပေပေါင်း (၆၁၂၄) ပေမြင့်မားပြီး၊ ၄င်းမှ အရှေ့ဘက်ကြည့်လျှင် ရှုမငြီးတဲ့ အင်းလေးရေပြင်ကြီး၊ အနောက်ဘက်၌ နေပြည်တော်နဲ့ အလှမ်းမဝေးတော့တဲ့ အရှေ့မြင် အနောက်မြင် တောင်ကိုလှမ်းမြင်ခံစားနိုင်ပါတယ်။ ထို့ပြင် ပြည်ထောင်စု လမ်းဆုံလမ်းခွ ဖြစ်လို့ မြောက်ဘက်တွင် မြင်းမထိ၊ ရွှေဥမင်ဘုရား၊ အောင်ပန်း၊ ပင်းတယမြို့၏အလှ၊ အရှေ့ဘက်အင်းလေးကန်နဲ့ တန်ခိုးကြီးတဲ့ဖောင်တော်ဦးဘုရား၊ တောင်ဘက်တွင် မိုးဗြဲရေလှောင်ကန် နဲ့ ကန္တာရ၀တီ ကယားတို့ဌာနေ၊  အနောက်ဘက်တွင် မြန်မာပြည်ရဲ့မြို့တော် နေပြည်တော်တည်ရှိပါတယ်။ သွားရေး၊ လာရေး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့မြို့တစ်မြို့ ဖြစ်ပါတယ်။ မြို့နယ်တွင်း မှာလည်း ရိုးသားဖြူစင်သော ပအိုဝ်း၊ ရှမ်း၊ ကယန်း၊ ကရင်ဖြူနှင့် ဗမာတိုင်းရင်းသားပေါင်းစုံများ အေးတူပူမျှ အတူတကွ နေထိုင်ကြပြီး၊ ချစ်စရာကောင်းသော ရိုးရာဓလေ့များကို လေ့လာမြင်တွေ့နိုင် ပါတယ်။

ပြည်ထောင်စုအစိုးရတို့က ဦးဆောင်ပြီး ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာမှာ နိုင်ငံသူနိုင်ငံသား များကလည်း အားအင်တွေထုတ်ပြီး တိုင်းပြည်အလျင်အမြန် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြတဲ့ အချိန်ဖြစ်လို့ ပြည်သူပြည်သားများလည်း ပင်ပန်းရှာကြမှာ ဖြစ်ပါတယ်။ ကမ္ဘာလှည့် ခရီးသည်များ ပြည်တွင်းသို့ အလည်အပတ်လာရောက်တဲ့ အရေအတွက်လည်း များလာနေပါပြီ။ ပြည်တွင်းအပန်းဖြေ စခန်းများကိုကြည့်မယ်ဆိုလျှင် ပင်လယ်ရဲ့လေပြေလေညှင်း ရှူရှိုက်ရင်း၊ အုန်းရေသောက်ကာ ပင်လယ်ရဲ့ နေ၀င်ဆည်းဆာအလှကို ခံစားရင်း ပင်လယ်ကမ်းခြေရဲ့ အပန်းဖြေစခန်းသာရှိပြီးတော့ လတ်ဆတ် အေးမြတဲ့ တောင်ပေါ်လေ၊ ပန်းပေါင်းစုံရနံ့သင်းတဲ့ တောင်ပေါ်သဘာဝအလှကိုလည်း ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားများ ခံစားနိုင်ဘို့၊ ခံစားခွင့်ရဘို့အတွက် ကုန်းတွင်းအပန်းဖြေစခန်းလည်း လိုအပ်သေး ကြောင်းခံစားမိပါတယ်။ နိုင်ငံတော်မှလည်း ၀င်ငွေလည်းရ၊ မြို့လည်း လှပလာမည်ဖြစ်ပြီး ပင်လောင်းရဲ့ အဓိကထွက်ကုန်ဖြစ်သော လက်ဖက်ထွက်ရှိရာဒေသ ဖြစ်တဲ့အတွက် “လက်ဖက်ကောင်းစားချင်ရင်၊ ပလောင်တောင်တက်နှေးရမည်” ဆိုတဲ့အတိုင်း ပင်လောင်းမြေကို နင်းရင်လည်း လက်ဖက်ကောင်း စားရတဲ့အကြောင်း တင်ပြလိုပါတယ်။

သို့ပါ၍ ပင်လောင်းမြို့အား သာယာလှပသော အပန်းဖြေမြို့ တစ်မြို့ အဖြစ် နိုင်ငံတော်မှတည် ဆောက်ပေးနိုင်ရန် ကွင်းဆင်းလေ့လာခဲ့ပြီး စီမံချက် ရေးဆွဲခဲ့ပြီးကြောင်း ကြားသိပါတယ်။ သာယာလှပသော အပန်းဖြေမြို့တစ်မြို့အဖြစ် နိုင်ငံတော်မှ တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုကြောင်း မြို့သူမြို့သားများရဲ့ကိုယ်စား လေးစားစွာ မေးမြန်းရခြင်း ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
Powered by Blogger.