တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ မတ်လ (၁၄) ရက်
၂၀၁၄ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ကျရောက်မယ့် (၆၅) ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ သ၀ဏ်လွှာပေးပို့ခဲ့ကြောင်း သတင်းရရှိပါတယ်။ သ၀ဏ်လွှာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-
၂၀၁၄ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ကျရောက်သည့် (၆၅) ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သ၀ဏ်လွှာ
၂၀၁၄ ခုနှစ်၊ မတ်လ (၁၃) ရက်
လွတ်လပ်ရေးရပြီး မရှေးမနှောင်း ပအိုဝ်းအမျိုးသားတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေဟာ ပအိုဝ်းအမျိုးသားခေါင်းဆောင်တွေဖြစ်တဲ့ သထုံဦးလှဖေ၊ ဦးကျော်စိန်တို့ရဲ့ ဦးဆောင်မှုနဲ့အတူတူ သမိုင်းမှာ ထင်ရှားခဲ့သလို ခေတ်အဆက်ဆက် ဒီမိုကရေစီရေး၊ တိုင်းရင်းသားများ တန်းတူရေး စတဲ့ အခွင့်အရေးတွေ အတွက် ပအိုဝ်းအမျိုးသားတွေရဲ့ လှုပ်ရှားမှုတွေကိုလည်း ဂုဏ်ပြုပါတယ်။
ဒီနှစ်ဟာ ပအိုဝ်းတိုင်းရင်းသားများအတွက် သာမကပဲ တိုင်းရင်းသားအားလုံးအတွက် အရေးကြီးတဲ့ နှစ်တနှစ်လို့ ပြောလို့ရပါတယ်။ ကျွန်မတို့အားလုံး လက်ရှိ အခြေခံဥပဒေပြင်ဆင်ရေးကို ၀ိုင်းဝန်းကြိုးပမ်း နေကြလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်ပြုလုပ်မယ့် ပအိုဝ်းအမျိုးသားများရဲ့ အမျိုးသားနေ့ဟာလည်း ခါတိုင်းနှစ်တွေထက် ပိုပြီး အနှစ်သာရ ပြည့်ဝမယ်လို့ မျှော်လင့်မိပါတယ်။
ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လတ်တလော အရေးယူဆောင်ရွက်နေတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုရဲ့ အဓိက ရည်ရွယ်ချက်တစ်ရပ်ဟာ တိုင်းရင်းသားများ တန်းတူရေးပဲ ဖြစ်ပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက်မှုဟာ ပအိုဝ်းအမျိုးသားများ အပါအ၀င် တိုင်းရင်းသားလူမျိုးများ အားလုံး ပူးပေါင်းမှသာ အောင်မြင်နိုင်မယ်ဆိုတာ အထူးပြောဖို့လိုမယ် မထင်ပါဘူး။
ဒီလို အရေးကြီးတဲ့ အခါသမယမှာ ပအိုဝ်းအမျိုးသားများရဲ့ ညီညွတ်စုစည်းမှု၊ ကြိုးပမ်းအားထုတ်မှုနဲ့ အမြော်အမြင်ကြီးမားမှုတို့ကို အကောင်းဆုံးပြသနိုင်မယ့် အခွင့်အရေးဖြစ်တဲ့ ပအိုဝ်းအမျိုးသားနေ့ မှာ ပအိုဝ်းအမျိုးသားများ ကျန်းမာချမ်းသာစွာနဲ့ ဆထက်ထမ်းပိုး ကြွယ်ဝဖွံ့ဖြိုးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
Like On Facebook
Follow On Twitter
Subscribe On RSS