Monday, March 31, 2014

အထူးဒေသ (၆) ပအိုဝ်းအမျိုးသား ခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီ တောင်ကြီးမြို့ပေါ်ရှိ ပအိုဝ်းလူထုများနှင့် တွေ့ဆုံပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကိစ္စနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဟောပြော

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ မတ်လ (၃၁) ရက်

ဓါတ်ပုံ - KMT
(၃၀.၃.၂၀၁၄) ရက်နေ့ နေ့လည် (၁၂း၀၀) နာရီအချိန် တောင်ကြီးမြို့၊ ပထမတောင်ကျောင်းကြီး ကျောင်းတိုက်တွင် အထူးဒေသ(၆)၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီ တောင်ကြီးမြို့ပေါ်ရှိ ပအိုဝ်းလူထုများနှင့် တွေ့ဆုံပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူသည့် ကိစ္စနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

ဓါတ်ပုံ - KMT
ယင်းတွေ့ဆုံပွဲတွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) နာယက ဦးခွန်မောင်တုတ်မှ ပအိုဝ်းလူမျိုးများ၏ ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့သည်များကို အကျယ်တ၀င့် ရှင်းလင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီမှ သြ၀ါဒစကား မြွက်ကြားရာတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူနေပြီဖြစ်ရာ နိုင်ငံတော်မှ ကောက်ယူမည့် သန်းခေါင်စာရင်းသည် နိုင်ငံတော်အတွက်၊ မိမိတို့ ပအိုဝ်းလူမျိုး တို့အတွက် အလွန်ပင် အရေးကြီးပါကြောင်း၊ သို့ပါသောကြောင့် ပအိုဝ်းအမျိုးသားများ အားလုံး အလေးအနက် ထားရန် လိုပါကြောင်း၊ မိမိတို့ လူမျိုးအမည်ကို “ပအိုဝ်း” ဟု မှန်ကန်စွာ ဖြည့်ရန် လိုပါကြောင်း၊ ပအိုဝ်းလူမျိုး ဖြစ်နေပါလျှက် အခြား လူမျိုးအမည် ထည့်သွင်းမိပါက မိမိတို့ လူမျိုး နစ်နာမည် ဖြစ်ပါကြောင်း၊ ပန်ပီး , ပန်တ၀ီး ဒေသဘက်၌ မှတ်ပုံတင်တွင် လူမျိုးအမည် ဖြည့်သွင်းသည့် ကိစ္စရပ်များ၌ ရင်နင့်စရာ ဖြစ်ခဲ့ပါကြောင်း၊ အမည် ထည့်ရေးရာတွင် “ခွန်” ၊ “ပအိုဝ်း” ထည့်သွင်းခြင်း မပြုရန် အခြားမသမာသည့် အဖွဲ့ တချို့မှ ခြိမ်းခြောက်မှု / လှုံ့ဆော်မှုများ ရှိနေသောကြောင့် သတိထားရန် အရေးကြီးကြောင်း၊ နောက်ထပ် မှာကြားလိုသည်မှာ လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည်လည်း အလွန်အရေးကြီးပါကြောင်း၊ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီနှင့် အပေးအယူ လုပ်ခဲ့ရာ၌ အချို့မဲဆန္ဒနယ်တွင် ၄င်းတို့ပါတီ ကိုယ်စားလှယ်ကို ပအိုဝ်းလူမျိုး ရွေးခြယ်သွားရန် သဘောတူခဲ့သော်လည်း အမှန်တကယ် ရွေးခြယ်ခဲ့ခြင်းမရှိကြောင်း၊ ပ.အ.မ.ဖ ပါတီ ထပ်မံပေါ်ပေါက် နေပြီးဖြစ်ရာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပအိုဝ်းပါတီ နှစ်ခု ဖြစ်လာမည် ဖြစ်သည့်အတွက် မဲပေးရာတွင် ပြည်သူလူထုကို ကိုယ်စားပြုသော အဖွဲ့၊ ဒေသတိုးတက်ရာ တိုးတက်ကြောင်းကို အမှန်တကယ် လုပ်ဆောင်ပေးနေသော အဖွဲ့အား မှန်ကန်စွာ ရွေးခြယ်နိုင်ရန် အရေးကြီးကြောင်း၊ အမှန်တကယ် ဖြစ်သင့်သည်မှာ ပအိုဝ်းလူမျိုးတို့သည် “တစ်အိုဝ်း” ထဲရှိရန် လိုအပ်ကြောင်း၊ ယခုအခါ အဖျက်စိတ်ထား ပုဂ္ဂိုလ် တချို့၏ မှားယွင်းသော အယူဝါဒ၊ အမတ်ဖြစ်လိုသော စိတ်ထားတို့ကြောင့် ပ.အ.မ.ဖ ပါတီကို တည်ထောင် လာနေသည်ကို တွေ့ရပါကြောင်း၊ ပအိုဝ်းအမျိုးသားများ စိတ်ဝမ်းကွဲစေနိုင်မည့် အဆိုပါ လုပ်ရပ်မျိုး လုံးဝ မလုပ်သင့်ပါကြောင်း၊ အမှန်တကယ် အမျိုးချစ်စိတ် ရှိပါက တစ်စင် မထောင်သင့်ပဲ ရှိနှင့်ပြီးသော ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်နှင့် စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက် သွားရန်လိုကြောင်း၊ အဆိုပါ ပုဂ္ဂိုလ်များ အနေဖြင့် မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ ဆောင်ရွက်ချက်များ အပေါ် အားရ ကျေနပ်မှု မရှိဟု ဆိုပါက လာရောက် အကြံဥာဏ်ပေး ဆွေးနွေးရန် ဖိတ်ခေါ်ပါကြောင်း၊ အမှန်တကယ် အမျိုးသားရေး စိတ်ဓါတ်ရှိပြီး မိမိတို့ ပအိုဝ်းအမျိုးသားများ အကျိုးကို ဆောင်ရွက်လိုသည် ဆိုပါကလည်း ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) တွင် သော်လည်းကောင်း၊ ပအိုဝ်းအမျိုးသား တပ်မတော် (PNA) အသွင်ပြောင်း ဌာနေပြည်သူ့စစ် အဖွဲ့တွင် သော်လည်းကောင်း သင့်တော်သည့် နေရာ ပေးနိုင်ပါကြောင်း၊ PNLO အဖွဲ့ အနေနှင့်လည်း နိုင်ငံတော်မှ ကဒူးကြီး၊ ကဒူးလေး ဘက်တွင် လှုပ်ရှားရန် နေရာ သတ်မှတ်ပေးခဲ့ပြီး ဖြစ်ရာ ၄င်းတို့၏ လှုပ်ရှားဂွင် အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အထူးပင် လိုအပ်လှပါကြောင်း၊ PNLO ခေါင်းဆောင်တစ်ဦးမှ အောက်ပြည် အောက်ရွာဖက်ရှိ မိမိတို့သွေးချင်း ပအိုဝ်းလူမျိုးများအား ပအိုဝ်းတွင် ခေါင်းဆောင်မရှိဆိုသည့် မဟုတ်မမှန် သည့် ကိစ္စရပ်များ ဟောပြောနေသည်ဟု ကြားသိနေရပါကြောင်း၊ ၄င်းလုပ်ရပ်သည် ခမ်းကောင် ခမ်းဒွမ် ပအိုဝ်းများ စည်းလုံးညီညွတ်မှု ပျက်ပြားအောင် လှုံ့ဆော်သည့် အသွင်သဏ္ဍာန် ဆောင်နေပါ၍ မပြုလုပ်သင့်ကြောင်း စသည်ဖြင့် သြ၀ါဒစကားများ အကျယ်တ၀င့် ပြောကြားသွား ခဲ့ကြောင်း သိရှိရပါသည်။

ဓါတ်ပုံ - KMT

ဓါတ်ပုံ - KMT

KMT (တောင်ကြီး)

Powered by Blogger.